အခက်အခဲတွေကို ဖြတ်ကျော်ပြီး ခွန်အားယူပါ။

ဘဝကို ရင်ဆိုင်ဖြတ်သန်းရတဲ့အခါ လူပေါင်းစုံ၊ ပြဿနာပေါင်းစုံကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ စရိုက်ပေါင်းစုံ၊ အကျင့်ပေါင်းစုံနဲ့ ဘဝပေါင်းစုံဖြစ်တာမို့ ကိုယ့်ဘဝထဲကို ဝင်လာတဲ့ မတူညီနိုင်သောလူပေါင်းစုံကြောင့် ပြဿနာပေါင်းစုံကြုံပြီး အခက်အခဲပေါင်းစုံကြုံရမှာပါပဲ။ လူတိုင်းလိုလိုဟာ ပုံမှန် နေ့စဉ်လုပ်နေကျသမရိုးကျအလုပ်တွေထဲမှာသာ ကျင်လည်နေတတ်ပြီး တခါတလေဆို ထိုသမရိုးကျဘဝထဲမှာသာ သာယာနေတတ်ကြပါတယ်။ တကယ်တော့ အခက်အခဲဆိုတာက ကျွန်တော်တို့ရဲ့သမရိုးကျရှင်သန်နေတဲ့ဘဝကို လာပြီး လှုပ်ခတ်စေတဲ့အရာ၊ comfort zone ထဲမှာ အိပ်ပျော်နေတာကို လာပြီးလှုပ်နှိုးတဲ့အရာတစ်ခုပါပဲ။


အဲဒီလိုတွေးလိုက်မယ်ဆိုရင် အခက်အခဲက ကျေးဇူးတင်စရာတောင်ကောင်းနေပါသေးတယ်၊ အဲဒီ့အခက်အခဲကြောင့်ပဲ သင်က comfort zone ထဲကနေ ထွက်ဖို့ ကြိုးစားတော့မှာပါ။ မဟုတ်ရင်တောင် သင်ဘာကိုမှ ကြိုးစားဖို့ရာအာရုံမရနိုင်ပါဘူးနော်။
ပုံမှန်ရှင်သန်နေရတဲ့ဘဝကနေ ရုန်းထွက်နိုင်ပြီး နောက်ထပ်စွမ်းရည်တိုးလာစေဖို့က risk တစ်ခုလိုပါတယ်။ အဲဒီ့ risk က သင်ကြုံနေရတဲ့အခက်အခဲပါပဲ။ သင်လက်ရှိကြုံနေရတဲ့အခက်အခဲကို ကျော်ဖြတ်နိုင်တဲ့အခါ သင်ရလာမယ့်ထပ်တိုးလာမယ့် စွမ်းရည်နဲ့ အခွင့်အရေးကို ကြိုတွေး၊ ကြိုမြင်ကြည့်လိုက်ပါ။ ခုလက်ရှိထက်တော့ ပိုသာနေတာ သင်မငြင်းနိုင်ပါဘူး။ အဲဒါကြောင့် အခက်အခဲကိုပဲ တွေးပြီး စိတ်မညစ်ပါနဲ့။ အခက်အခဲကိုကျော်ဖြတ်နိုင်ရင် သင်ပိုတိုးတက်လာမှာကိုသာတွေးပါ။ သင့်ကိုသင်တွန်းအားပေးဖို့ အခက်အခဲရောက်လာတာပါ။

အခက်အခဲနဲ့ကြုံတိုင်း သင်တွေးလိုက်တဲ့အတွေးက သင့်ကိုမောင်းနှင်မှာဖြစ်ပါတယ်။ “ဟာ…ဒါငါမတတ်နိုင်ဘူး၊ ဒါငါဘယ်လိုလုပ်နိုင်မှာလဲ။ မဖြစ်နိုင်ပါဘူး” ဆိုတဲ့ အရှုံးပေးတဲ့စိတ်ကိုတွေးလိုက်တာနဲ့ သင့်ရဲ့အခက်အခဲကိုကျော်လွှားနိုင်မယ့် ရာခိုင်နှုန်းက နည်းသထက်နည်းသွားပါပြီ။
အဲဒီလိုမဟုတ်ဘဲ အခက်အခဲနဲ့ကြုံလာတဲ့အခါ “ဘဝဆိုတာ တိုက်ပွဲတစ်ခုပြီးတစ်ခုတိုက်နေရတာပါပဲ၊ ဒီတစ်ခုကျော်လွှားနိုင်ရင် နောက်တစ်ဆင့်တက်ဖို့ ခွန်အားဖြစ်တာပေါ့။ ရအောင်ဖြတ်ကျော်မယ်” ဆိုတဲ့စိတ်က အခက်အခဲကိုကျော်လွှားနိုင်မှာ သေချာသထက်သေချာနေပါပြီ။ အခက်အခဲကို ကျော်ဖြတ်ဖို့က အရင်ဆုံး ကိုယ့်ကိုယ်ကိုယ်ယုံကြည်နေဖို့ပါ။ “ငါဒီအခက်အခဲကိုကျော်လွှားနိုင်တယ်” ဆိုတဲ့စိတ်ဖြစ်လာတဲ့အခါ “ဒီအခက်အခဲကိုဘယ်လိုကျော်လွှားမလဲ” ဆိုတဲ့အတွေးထပ်တွေးလာပါတယ်။
“when force with a challenge, look for a way, not a way out” David WeatherFord ပြောတဲ့စကားလိုမျိုးပေါ့။ စိန်ခေါ်မှုနဲ့ကြုံလာတဲ့အခါ ဘယ်လိုလုပ်မလဲဆိုတဲ့နည်းလမ်းကိုရှာပါ။ ရင်မဆိုင်ဘဲ ရှောင်လွှဲဖို့မစဉ်းစားပါနဲ့တဲ့ ။

ဘယ်လိုကျော်လွှားမလဲဆိုတဲ့နည်းလမ်းကို မရရအောင်ရှာတတ်လာတဲ့အခါ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်လေးနဲ့ ကြိုးစားကျော်ဖြတ်လာလိမ့်မယ်။ အခက်အခဲကို ကျော်လွှားနိုင်တဲ့အခါ သင့်မှာ စိတ်ခွန်အားတိုးလာပါတယ်။ “အော်….ငါလုပ်နိုင်ပါလား၊ တကယ်တော့ ငါလုပ်နိုင်သားပဲ” ဆိုတဲ့စိတ်လေးဖြစ်လာပါတယ်။ အဲဒီ့စိတ်က သင့်ကိုသင်ယုံကြည်မှုတိုးလာစေပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာတဲ့အခါ အကောင်းဘက်ကမြင်တဲ့စိတ်လေးများလာပါတယ်။ အဲဒါကြောင့် အခက်အခဲကိုကျော်ဖြတ်နိုင်တဲ့အခါ စိတ်ခွန်အားဖြစ်လာစေပါတယ်။ အခက်အခဲတစ်ခုကိုကျော်ဖြတ်နိုင်လေလေ သင့်ရဲ့စွမ်းရည်လည်း တစ်ခုပြီးတစ်ခုတိုးလာစေပါတယ်။

အဲဒါကြောင့် Abdul Kalam ပြောထားပါသေးတယ်။ “Confidence and hard work is the best medicine to kill the disease called failure. It will make you successful person.”
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းနဲ့ ကြိုးစားခြင်းကသာ ကျရှုံးခြင်းလို့ခေါ်တဲ့ရောဂါဆိုးကို ကုသနိုင်တဲ့အကောင်းဆုံးဆေးပါ။ အဲဒီ့ဆေးကသာ သင့်ကိုပိုအောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာစေမှာပါ။ အဲဒါကြောင့် သင့်ကိုသင်အခက်အခဲတွေကိုကျော်ဖြတ်နိုင်ကြောင့် ယုံကြည်ပါ၊ တကယ်ကျော်ဖြတ်နိုင်အောင်ကြိုးစားပါ၊ အဲဒါမှသာ အခက်အခဲကိုကျော်ဖြတ်၊ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ အခက်အခဲကိုကျော်ဖြတ်အောင်မြင်နိုင်တဲ့အခါ သင့်ကိုယ်သင်ပိုပြီး ယုံကြည်မှုတိုးလာစေပြီး ကိုယ့်ကိုယ်ကိုယ်ပိုပြီး ကြိုးစားဖို့တွန်းအားပေးသလိုဖြစ်လာစေပါတယ်။

“Be thankful for each new challenge, because it will build your strength and character.” စိန်ခေါ်မှုတွေတိုင်းကို ကျေးဇူးတင်ပါ။ စိန်ခေါ်မှုတွေက သင့်ရဲ့ခွန်အားနဲ့ သင့်ရဲ့စရိုက်ကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ အဲဒါကြောင့် စိန်ခေါ်မှုအခက်အခဲတိုင်းကို ကျော်ဖြတ်နိုင်အောင် ကြိုးစားပြီး သင့်ကိုသင် အတွက် ခွန်အားယူပါ။ သင့်ရဲ့စရိုက်မှာ သင်ဟာသန်မာသူ၊ စိတ်ဓာတ်ခိုင်မာသူအဖြစ် တည်ဆောက်ပြလိုက်ပါလို့တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။