အိမ်ထောင်တစ်ခုမှာ မသတ်မှတ်ထားပေမယ့် အပြန်အလှန်နားလည်ထားရမယ့်စည်းမျဉ်းများ

အိမ်ထောင်ပြုတယ်ဆိုတာ မတူတဲ့လူနှစ်ယောက်ပေါင်းစည်းပြီး ဘဝတစ်ခုကို တည်ထောင်တာဖြစ်ပါတယ်။ ဘဝကို ထိုလူနှစ်ယောက်သာ အဆုံးထိလက်တွဲသွားရမှာမို့ လူချင်းမတူပေမယ့် အချင်းချင်းနားလည်လက်ခံနိုင်အောင် ညှိုယူရပါတယ်။ မကြိုက်တဲ့အချက်တွေ ညှိုယူမယ်၊ တာဝန်တွေခွဲဝေယူမယ်၊ အချင်းချင်း နားလည်ပေးမယ်စသဖြင့် ဘဝတစ်ခုလုံးက နှစ်ယောက်လုံးနဲ့ဆိုင်တာဖြစ်ပါတယ်။ အဲဒါကြောင့် အိမ်ထောင်တစ်ခုမှာ မသတ်မှတ်ထားပေမယ့် ရှိသင့်တဲ့ စည်းမျဉ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။


၁) သစ္စာရှိပါ။
အိမ်ထောင်တစ်ခုမှာ မျက်မြင်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ မဖြစ်မနေကို လိုက်နာရမယ့် စည်းမျဉ်းကတော့ သစ္စာရှိဖို့ပါပဲ။ ကိုယ်က ဒီတစ်ယောက်ကိုသာ တစ်ဘဝလုံးအတွက်လက်ထပ်ပြီး ဖြတ်သန်းမယ်လို့ ဆုံးဖြတ်ထားလို့သာ ဒီလူကိုလက်ထပ်ထားတာမို့ ဒီလူကိုပဲ သစ္စာစောင့်သိရမှာဖြစ်ပါတယ်။ သူကတော့ ကိုယ့်ကိုသစ္စာရှိမှာပဲ ဆိုတဲ့စိတ်နဲ့အပြန်အလှန် သံသယကင်းနိုင်မှာဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ သူကတော့ ကိုယ့်ကိုမှမမြင်ရတာပဲဆိုတဲ့စိတ်မျိုးနဲ့ မျက်ကွယ်မှာဖောက်ပြန်ခြင်းဟာ သစ္စာမရှိခြင်းပါပဲ။ အဲဒါက အိမ်ထောင်တစ်ခုရဲ့စိတ်ချမ်းသာခြင်းအတွက် အဓိက အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် သံသယတွေနဲ့ဆက်ဆံနေရခြင်းက ပူလောင်ခြင်းဖြစ်စေပါတယ်။ အပြန်အလှန်မပြောဘဲ သိကိုသိထားရမယ့် အချက်ဖြစ်ပါတယ်။
၂) ကတိတည်ပေးပါ။
အရေးကြီးတဲ့ ကတိမျိုးတွေကို တည်ကိုတည်သင့်ပါတယ်။ ကတိမတည်တာများလာတဲ့အခါ တဖက်လူကို မလေးစားရာကျသလို၊ အလေးအနက်မထားသလိုဖြစ်စေပါတယ်။ လူနှစ်ယောက်ထဲပေါင်းစည်းထားတဲ့ဘဝမှာ ထိုလူနှစ်ယောက်က အချင်းချင်း မလေးမစား၊ အလေးအနက်မထားလို ခံစားနေရပြီဆိုကတည်းက ဆက်ဆံရေးက အဆင်မပြေနိုင်တော့ပါဘူး။ အဲဒါကြောင့် တစ်ယောက်က အလေးအနက်ထားတည်စေချင်တဲ့ကတိမျိုးကို နောက်တစ်ယောက်ကလည်း အလေးအနက်ထားပေးပါ။
၃) သူ့တာဝန်ကိုယ့်တာဝန်မခွဲပါနဲ့။
နောက်ထပ်ဆိုးဝါးတဲ့ကိစ္စတစ်ခုကတော့ ကိုယ်ချစ်လို့လက်ထပ်ထားတဲ့ချစ်သူကို တာဝန်ခွဲခြားထားပြီး လျစ်လျူရှုတာမျိုးဖြစ်ပါတယ်။ “ဒီအလုပ်ကတော့ ကိုယ့်အလုပ်မဟုတ်ဘူး။ သူ့အလုပ်သူလုပ်ပါစေ…..ငါတော့မလုပ်ပေးနိုင်ဘူး” ဆိုတဲ့စိတ်က အိမ်ထောင်တစ်ခုမှာ ရှိနေလို့မဖြစ်ပါဘူး။ အမျိုးသမီးထမင်းချက်နေတဲ့အခါ အမျိုးသားက တံမြက်စည်းလှဲရင်လှဲရပါမယ်၊ ပန်းကန်ဆေးသင့်ဆေးရပါမယ်၊ ကလေးထိန်းသင့်ထိန်းရပါမယ်။ အိမ်မှုကိစ္စမှန်သမျှ အမျိုးသားမို့ ကိုယ်နဲ့လားလားမှမဆိုင်လုပ်နေလို့မရပါဘူး။ အဲဒီလိုပါပဲ…အမျိုးသမီးက အပြင်အလုပ်တွေများနေတာမို့ အိမ်မှုကိစ္စမလုပ်နိုင်တဲ့အခါမှာလည်း အမျိုးသားက “ငါအိမ်ထောင်ဦးစီးမို့….အိမ်မှုကိစ္စလာမခိုင်းနဲ့” လို့လည်း ပြောလို့မရပါဘူး။ အမျိုးသမီးက အလုပ်ပိုများနေရင် အမျိုးသားကလည်း မီးဖိုချောင်ကိစ္စလုပ်သင့်လုပ်ရတာပါပဲ။ အမျိုးသမီးက သားသမီးတာဝန်တွေနဲ့ အိမ်မှုကိစ္စချည်းလုပ်နေရင်လည်း အမျိုးသားက အလုပ်ပိုလုပ်ပြီး အိမ်ရဲ့ဝင်ငွေရှာရတာပါပဲ။ ဒီကမိသားစုတော်တော်များများမှာက အမျိုးသားကအိမ်မှုကိစ္စလုပ်ရင် ယောကျ်ားမပီသတော့သလိုမျိုး ပြောဆိုတတ်ကြသလို၊ အမျိုးသမီးက အိမ်မှုကိစ္စမလုပ်နိုင်ရင်လည်း အိမ်ရှင်မမပီသတဲ့ပုံစံမျိုး ပြောတတ်ကြပါတယ်။ အဲဒါကလည်း ဒီကမိသားစုတော်တော်များများမှာ မပြောဘဲ သိသင့်တဲ့စည်းမျဉ်းတစ်ခုပါပဲ။
၄) အပြန်အလှန်ဖေးမကူညီပါ။
ဒီစကားက အိမ်ထောင်တစ်ခုမှ ပိုလို့တောင်လိုအပ်တဲ့စကားဖြစ်ပါတယ်။ အမျိုးသမီးက အလုပ်ခွင်က ပြဿနာတွေအမျိုးသားကိုရင်ဖွင့်တဲ့အခါ နားထောင်ပေးတာ၊ ကူပြီး ဆုံးဖြတ်ပေးတာ၊ ကူညီနိုင်သလောက်ကူညီတာမျိုး။ အမျိုးသားရဲ့အလုပ်ကိစ္စနဲ့ပတ်သက်သမျှကို အမျိုးသမီးက နားထောင်ပေးတာ၊ ကူညီပေးတာမျိုး လုပ်ပေးပါ။ အလုပ်ကိစ္စမှမဟုတ်ဘဲ အခြားသော မိသားစုကိစ္စ၊ အပေါင်းအသင်း၊ ဆွေမျိုးအသိုင်းအဝန်းကိစ္စမျိုးတွေမှာပါ ဝင်ပြီး ဖေးမကူညီပေးလို့ရပါတယ်။
၅) အမှားတွေကို ဝေဖန်ထောက်ပြပါ။
အချင်းချင်းတစ်ယောက်နဲ့တစ်ယောက်ရဲ့အမှားတွေကိုလည်း ဝေဖန်ထောက်ပြပေးသင့်ပါတယ်။ ကိုယ့်အမျိုးသားမို့၊ ကိုယ့်အမျိုးသမီးမို့ အမှားကိုသူများလာထောက်ပြရင်လည်း မကြိုက်၊ ကိုယ်တိုင်လည်းမထောက်ပြဘဲ အမှားကိုအမှားတိုင်းလွှတ်ထားတာက အချိန်တန် ကိုယ့်မိသားစုကိုပဲလာထိခိုက်စေမှာဖြစ်ပါတယ်။ ဥပမာ။ ကိုယ်အမျိုးသမီးက အရက်သောက်နေတာမျိုးဆိုရင် အမျိုးသားကိုယ်တိုင်က မလုပ်ဖို့ပြောပြဆုံးမရမှာဖြစ်ပါတယ်။ အမျိုးသားကလည်း အရက်အလွန်အကျွံ့သောက်မိနေတာမျိုးဆိုရင် အမျိုးသမီးက တန်ဆေးလွန်ဘေးဖြစ်ကြောင်း ဝေဖန်ထောက်ပြရမှာဖြစ်ပါတယ်။ အချင်းချင်းထိုကဲ့သို့ ဝေဖန်ထောက်ပြတာသည် ပိုသာယာပြီးပိုအဆင်ပြေတဲ့မိသားစုဖြစ်စေဖို့ ရည်ရွယ်တာကို နှစ်ယောက်လုံးနားလည်ဖို့လိုပါတယ်။ အမှားတွေကိုလည်း ပြုပြင်ဖို့လိုပါတယ်။
၆) နားလည်မှုရှိပါ။
တစ်ယောက်က အခြားသောကိစ္စအချို့ကြောင့် စိတ်ခံစားချက်ထိခိုက်နေတာမျိုး ဒါမှမဟုတ် တခုခုဖြစ်နေတာမျိုးဆိုရင် နောက်တစ်ယောက်က နားလည်ပေးရမှာဖြစ်ပါတယ်။ သူ့အတွက် အားလပ်ချိန်ဒါမှမဟုတ် တစ်ယောက်တည်းအေးဆေးစွာနေဖို့အချိန်လိုအပ်နေရင်လည်း ဘေးကနေနားလည်မှုရှိစွာ နေပေးရမှာဖြစ်ပါတယ်။ တစ်ယောက်ရဲ့အနစ်နာခံမှုကိုလည်း တစ်ယောက်ကအသိအမှတ်ပြုပေးသင့်ပါတယ်။ ကိုယ့်အသာရဖို့ချည်း အလေးထားလို့မရဘဲ သူ့ဘက်ကိုယ့်ဘက် အပြန်အလှန်ငဲ့ညှာသင့်ပါတယ်။ အမျိုးသားကလည်း အမျိုးသမီးကို ငဲ့ညှာရမှာဖြစ်သလို၊ အမျိုးသမီးကလည်း အမျိုးသားကို ပြန်လည်ငဲ့ညှာရမှာဖြစ်ပါတယ်။ ကိုယ့်ဘက်က အမှားဖြစ်နေခဲ့ရင်လည်း ပြန်လည်တောင်းပန်ပြီး နောက်ထပ်မမှားအောင် ပြုပြင်ပါ။ အချင်းချင်း တောင်းပန်ဖို့လည်း ဝန်မလေးပါနဲ့။ အချင်းချင်း ခွင့်လွှတ်ဖို့လည်း ဝန်မလေးသင့်ပါဘူး။ ခွင့်လွှတ်ပေးတယ်ဆိုတိုင်းလည်း အမှားကိုအကြိမ်ကြိမ်မှားပြီး လက်လွတ်စပယ်တောင်းပန်ပြီးဆက်မှားတာမျိုးလည်း မလုပ်သင့်ပါဘူး။
အထက်ပါ အချက်တွေက အဆင်အပြေဆုံးအိမ်ထောင်ရေးတစ်ခုဖြစ်လာဖို့အခြေခံအချက်တွေပဲဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။