ရိုးသားပါ

ရိုးသားမှုဆိုတဲ့စကားလုံးလေးက ရှင်းရှင်းလေးပါ။ စောင့်ထိန်းရတာတော့ ဒီနေ့ခေတ်မှာသိပ်ခက်လာပါပြီ။ လူတွေက မရိုးသားကြတော့တာလားဆိုတော့ မဟုတ်ပါဘူး။ တစ်ချို့တွေကျတော့ ရိုးသားချင်ပေမယ့် လိုအပ်ချက်တွေကြောင့် မရိုးသားနိုင်တော့တာမျိုးဖြစ်လာပါတယ်။ တစ်ချို့ကျတော့လည်း အတ္တတွေကြီးလာပြီး အလိုဆန္ဒတွေများလာလို့ အဲဒါတွေနောက်ကိုလိုက်ရင်း မရိုးသားချင်တော့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ်လေ…..ရိုးသားမှုဆိုတာ ရှားပါးလာတာတော့အမှန်ပါပဲ။


ရိုးသားမှုဆိုတာ………
ရိုးသားမှုဆိုတာကို ဘယ်လိုအဓိပါ္ပယ်သတ်မှတ်မလဲ။ အမှန်ကိုအမှန်အတိုင်း၊ အရှိကိုအရှိအတိုင်း၊ သူတစ်ပါးအပေါ်ကို လိမ်ညာလီဆယ်ခြင်းမရှိဘဲ ဘာကိုမှလည်း မမျှော်ကိုးဘဲ အမှန်အတိုင်းပြောဆိုနိုင်ခြင်း၊ လက်ခံနိုင်ခြင်းလို့ပဲ ထင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်အတွေးအခေါ်ခြင်းကတော့ ကွဲလွဲနိုင်ပါတယ်။
ဒီနေ့ခေတ်မှာတော့ လိုချင်တပ်မက်မှုတွေများလာတဲ့အတွက် တော်တော်များများကတော့ မရိုးသားခြင်းနောက်ကိုပဲကောက်ကောက်ပါအောင် လိုက်နေတတ်ကြပါတယ်။ ရိုးသားမှုနဲ့ အတ္တက ဆက်စပ်နေတယ်လို့ အက်မင်ကတော့ထင်ပါတယ်။ လိုချင်တပ်မက်တဲ့အတ္တစိတ်၊ ငါ့သားသမီးအတွက်၊ ငါ့မိသားစုအတွက် ငါ့အတွက် စသည်ဖြင့် လိုချင်မှုတွေများလာတဲ့အခါ ရိုးသားဖို့ထက် လိုချင်တာရဖို့သာ စဉ်းစားလာတတ်ပါတယ်။ အဲဒီ့အခါ ဘာတွေဖြစ်လာနိုင်ပါသလဲ။
ဆိုးကျိုးတွေ……..
သူမရိုးသားပေမယ့် ငွေတွေပေါလာတယ်။ သူ့မိသားစုကောင်းကောင်းနေနိုင်တယ်၊ ကောင်းကောင်းစားနိုင်တယ်၊ အဲဒါကို စံနမူနာယူတဲ့သူတွေ၊ အတ္တကြီးတဲ့သူတွေများလာတဲ့အခါ မရိုးသားရုံနဲ့ဘာဆိုးကျိုးမှမဖြစ်နိုင်ပါဘူး ဆိုတဲ့အတွေးက ဝါးမြိုလိုက်တော့တာပါပဲ။ အဲဒါဆိုရင် ရိုးသားသူတွေက ဘယ်တော့မှ ဆင်းရဲတဲ့ဘဝကမတက်နိုင်တော့ဘဲ၊ မရိုးသားသူတွေက အရာရာမှာသာနေတော့မှာပေါ့။ အဲဒါဟာ တရားရဲ့လား။ ဖြစ်သင့်ရဲ့လား။
မရိုးသားသူတွေများလာရင် ကလိမ်ကျသူတွေများလာရင် လောကကြီးမှာဘာဖြစ်နိုင်သလဲ။ သင်ကော မရိုးသားသူတွေကို အနိုင်ပေးချင်ပါ့မလား။ အဲဒါဆိုရင် သင်ကစပြီး ရိုးသားပါ၊ သင့်ပတ်ဝန်းကျင်၊ သင့်သားသမီး၊ သင့်မိသားစုကို ရိုးသားဖို့သင်ပေးပါ။ လူတိုင်းက ကိုယ်နိုင်သလောက် ပတ်ဝန်းကျင်ကို ရိုးသားဖို့ တိုက်တွန်းနိုင်ကြရင် တစ်ယောက်ကနေ အများဖြစ်လာနိုင်ပါတယ်။ ရိုးသားမှုကြောင့် လောကကြီးက ပိုပြီး တန်ဖိုးရှိသူတွေများလာမှာပါ။ အခြားသော ဆိုးကျိုးတွေလည်း မဖြစ်နိုင်တော့ပါဘူး။
လောကမှာ မရိုးမသားလုပ်သူတွေများလာတဲ့အခါ သင်ပါ မရိုးမသားမဖြစ်မနေလုပ်ရတဲ့အခြေအနေမျိုးတွေလည်း ကြုံလာတတ်သေးသလို၊ သင့်ကိုလည်း တနည်းမဟုတ်တနည်း ထိခိုက်လာနိုင်ပါသေးတယ်။ ဥပမာ။ သင်လိုချင်သောအရာတစ်ခုအတွက် လာဘ်ထိုးပြီးလွယ်လွယ်ရနိုင်တယ်ဆိုလ ျှင် သင်လည်းအလွယ်လမ်းလိုက်ပြီး လုပ်ဆောင်တော့မှာပဲဖြစ်ပါတယ်။ အဆင်ပြေလွယ်ကူသွားတယ်ဆိုပေမယ့်လည်း ထိုလူကိုသင်လူတစ်ယောက်အနေနဲ့မလေးစားသလို ကိုယ့်ကိုယ်လည်းအလွယ်လမ်းလိုက်တဲ့သူတစ်ယောက်အနေနဲ့ အပြစ်မတင်သော်ငြားဂုဏ်ယူမိမှာလည်းမဟုတ်ပါဘူး။ ထိုအခြေအနေမျိုးကိုလွန်ဆန်ပြီး သင်ရိုးသားစွာဆောင်ရွက်ကြည့်ပါက အလုပ်ရှုပ်သော်ငြားသင့်ကိုယ်သင် ထိုက်သင့်သလေ ျှာက် ကိုယ့်ကိုယ်ကိုဂုဏ်ယူတယ်ဆိုတဲ့ခံစားချက်ကောင်းလေးတစ်ခုခံစားရမှာပဲဖြစ်ပါတယ်။
ကောင်းကျိုးတွေ………
ရိုးသားသူတွေများလာရင် အဂတိလိုက်စားမှုတွေ၊ အနိုင်ကျင့်ခံရတာတွေ၊ ဖိနှိပ်ခံရတာတွေ၊ လိမ်လည်မှုတွေ နည်းလာမှာပဲဖြစ်သလိုသူခိုးသူဝှက်၊ သူယုတ်မာတွေ နေရာတဖြည်းဖြည်းပျောက်လာဖွယ်ရာရှိပါတယ်။ ရိုးသားသူတွေများလာဖို့ ကလေးငယ်လေးတွေကို ငယ်ငယ်လေးထဲက ရိုးသားခြင်းရဲ့အကျိုး၊ ရိုးသားခြင်းကို စိတ်ထဲမှာစွဲမြဲနေအောင် သင်ကြားပေးပါ။ ငယ်စဉ်ထဲကစိတ်ထဲမှာ စွဲမြဲနေအောင်သင်ကြားထားခံရတဲ့ကလေးက ကြီးလာတဲ့အခါ မရိုးသားရမှာကို ကြောက်လာပါလိမ့်မယ်။ အဲဒါကြောင့် ကိုယ်တိုင်ကစ ရိုးသားပါ၊ ကလေးငယ်တွေကိုလည်း ရိုးသားတတ်ဖို့ သင်ပေးပါ။ အဲဒါမှ နောင်တစ်ချိန်မှာ ရိုးသားသူတွေများလာမှာဖြစ်ပါတယ်။ ရိုးသားသူတွေများလာတဲ့အခါ လောကကြီးက ဘယ်လောက်ကောင်းတဲ့လောကကြီးဖြစ်သွားမလဲတွေးကြည့်ပါ။
ကိုယ်တစ်ယောက်တည်းက ရိုးသားတော့ကော ဘာလုပ်လို့ရမှာလဲလို့ မေးစရာရှိပါတယ်။ သင်တစ်ယောက်တည်းကနေ သင်လိုလူတွေများလာရင် နှမ်းတစ်စေ့က ဆီမဖြစ်ပေမယ့် နှမ်းအများကြီးကနေ ဆီဖြစ်နိုင်ပါတယ်နော်။ ကိုယ်တိုင်ကလည်း ရိုးသားပါ၊ မရိုးသားသူတွေကိုလည်း ဖြေးဖြေးချင်းတိုက်ဖျက်ပါ။ မရိုးမသားခံလိုက်ရတဲ့အခါ အရာရာကိုကြောက်ပြီး ငြိမ်ခံနေတာထက် မှန်ရာကိုပြောတတ်တဲ့သူတွေလည်း များလာဖို့လိုပါသေးတယ်။(မမှန်တာကြီးကို အတင်းမှန်ပါတယ်ဆိုပြီးပြောခိုင်းတာမျိုးမဟုတ်ပါဘူး)
တကယ့်အမှန်တရားအတွက်ဆိုရင် မရိုးသားသူတွေကို ရိုးသားသူတွေက ပြောရဲဖို့လိုပါတယ်။ လောကမှ အမှန်တရားသမားတွေက နှုတ်ဆိတ်နေတာများလာတဲ့အခါ ကောင်းလာတာမဟုတ်ပါဘူး။ အဲဒီလို အမှန်တရားသမားတွေက ကိုယ်နဲ့မဆိုင်လို့၊ ကိုယ့်ကိုထိခိုက်မှာစိုးလို့ဆိုပြီး နှုတ်ဆိတ်နေလိုက်တဲ့အခါ အမှားတွေက အမှန်တရားလိုဖြစ်လာတတ်ပါတယ်။ အဲဒါဆိုရင်တော့ အရမ်းကိုကြောက်စရာကောင်းသွားပါပြီ။
အဲဒါကြောင့် ရိုးသားသူတွေများလာဖို့လိုပါတယ်။ သင်ကိုယ်တိုင်က စပြီးရိုးသားပါ။ သင့်ပတ်ဝန်းကျင်၊ သင့်မိသားစု၊ သင့်သားသမီးကို ရိုးသားဖို့ လမ်းပြသင်ကြားပေးပါ။ ရိုးသားသူတွေများလာတဲ့အခါ လောကကြီးကပိုပြီး နေပျော်စရာကောင်းလာမှာဖြစ်ပါတယ်။
အားလုံးပဲ သုံးသပ်ဆင်ခြင်နိုင်ကြပါစေ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။