ရိုးသားမှုဂုဏ်စားမကုန်ဆိုတာ......

ရိုးသားပါဆိုတဲ့စကားလုံးလေးက နည်းပေမယ့် အဓိပ္ပါယ်က အများကြီးလေးနက်သလို တည်ဆောက်ဖို့ရာလည်း ဒီဘက်ခေတ်မှာ ပိုခဲယဥ်းလာသလိုထင်ရပါတယ်။ တကယ်တော့ လူသားဆန်မှုအတွက် ရိုးသားမှုဟာလည်း မဖြစ်မနေလိုအပ်တယ်လိုထင်ပါတယ်။ အမှန်အတိုင်းရိုးသားခြင်းဆိုတာက တပါးသူအပေါ်မလိမ်မညာ၊ မကောက်ကျစ်၊ မယုတ်မာ၊ စိတ်ကောင်းစေတနာထားပြီး လိမ်ညာကောက်ကျစ်မှုကနေ ရလာမယ့်အကျိုးကို မမျှော်ကိုးဘဲ ကိုယ့်ခွန်ကိုယ်အားကိုးပြီး အမှန်တရားကိုသာ ကိုးကွယ်ခြင်းပါပဲ။


ဒီနေ့ခေတ်မှာ လိုချင်တပ်မက်စရာတွေပေါများလာတာနဲ့အတူ လိုချင်တပ်မက်မှုနောက်ကို ကောက်ကောက်ပါအောင်လိုက်ရင်း ရိုးသားမှုကို ငွေနဲ့လဲလာကြတာများပါတယ်။
ရိုးသားမှုရှိတဲ့လူနဲ့ ရိုးသားမှုမရှိတဲ့လူ ဘာများ ထူးပြီး ကွဲပြားသွားလို့လဲလို့မေးစရာရှိပါတယ်။ ရုပ်ဝတ္ထုပြည့်စုံခြင်းနောက်ကို လိုက်ခြင်းကသာ လူနေမှုအရ၊ ပစ္စည်းဥစ္စာအရ ပြီးပြည်စုံနိုင်တာကို ချပြနိုင်ပြီး ရိုးသားမှုရှိခြင်းမရှိခြင်းဟာ ထူးခြားဆန်းပြားစွာ ကွဲပြားသွားမှာမဟုတ်ဘူးလို့အထင်ရောက်တတ်ကြပါတယ်။

တကယ်တော့ ရိုးသားသူနဲ့ မရိုးသားသူကြားမှာ လက်ဆုပ်လက်ကိုင်မပြနိုင်ပေမယ့် ကြီးမားတဲ့ ကွာခြားမှုကြီးရှိပါတယ်။ အဲဒါကတော့ လိပ်ပြာလုံခြင်းပါပဲ။ လိပ်ပြာလုံခြင်းဆိုတာ ကိုယ့်ရဲ့မှန်ကန်ခြင်းတနည်းအားဖြင့် ကိုယ့်ရဲ့သစ္စာတရား၊ ကိုယ့်ရဲ့မှန်ကန်မှုကို သေချာသိထားတဲ့စိတ်က မိမိကိုယ်ကိုလိပ်ပြာလုံစေတဲ့စိတ်နဲ့ လုံခြုံမိရှိတယ်လို့ခံစားရစေပါတယ်။

အဲဒီ့လိပ်ပြာလုံတဲ့စိတ်က ကိုယ့်စိတ်ကို လုံခြုံစေတာကြောင့် မမှန်ကန်တဲ့လူတွေထက်စာရင် ရဲဝင့်တဲ့စိတ်နဲ့ သတ္တိဖြစ်လာစေပါတယ်။ အဲဒီ့သတ္တီစိတ်ကြောင့်ပဲ ကိုယ့်ရဲ့အမှန်တရားအတွက် မမှန်ကန်မှုတွေ၊ မတရားမှုတွေကို တိုက်ဖျက်နိုင်တယ်လို့ ဇွဲရှိစွာ ကြိုးစားတတ်လာစေပါတယ်။ ဘယ်သူဘာပြောပြော၊ ဘယ်သူဘယ်လိုထင်ထင် မမှုတော့ဘူးပေါ့။ မတော်တဆ ကိုယ့်အပေါ်အထင်အမြင်လွဲတာမျိုးကြုံလာရရင်တောင် ကိုယ့်လိပ်ပြာကိုယ်လုံတဲ့စိတ်ကြောင့် ခံစားရသက်သာပါတယ်၊ အမှန်တရားဟာလည်း ကိုယ့်အတွက် တစ်နေ့မဟုတ်တစ်နေ့ပေါ်လာတတ်ပါတယ်။ မမှန်ကန်သူများတဲ့ခေတ်မို့ အချိန်လေးတစ်ခုတော့စောင့်ရတာပေါ့။

အလားတူပဲ ရိုးသားချင်ဟန်ဆောင်သူများဟာလည်း မျက်နှာဖုံးကြာကြာမအုပ်နိုင်ပါဘူး။ အချိန်တန် မျက်နှာဖုံးကွာကျလာရတာပါပဲ။ အဲဒါကြောင့် မရိုးသားသူဟာ ဘယ်လောက်ဟန်ဆောင်ကောင်းပါစေ။ အမှန်တရားပေါ်လာတဲ့တစ်နေ့မှာတော့ လူအများက ရှောင်ဖယ်ကြမှာပါပဲ။ လူတွေရဲ့သဘောကိုက ရိုးသားသူဆိုရင် ပေါင်းသင်းပတ်သက်ချင်သူချည်းပါပဲ။ အရောင်းအဝယ်သမားဆို၇င်လည်း မှန်ကန်ရိုးသားသူကိုသာ လိုချင်တယ်၊ အလုပ်ခါင်ထဲမှာဆိုရင်လည်း မှန်ကန်ရိုးသားသူကိုသာ လိုချင်ကြတယ်၊ အပေါင်းအသင်းဆိုရင်လည်း မှန်ကန်ရိုးသားသူကိုသာ ပေါင်းသင်းချင်ကြတာမဟုတ်လား။ အဲဒါကြောင့် မရိုးသားမှန်းသိတဲ့အခါ မရိုးသားသူအတွက် ကမ္ဘာကြီးက ကျဥ်းမြောင်းလာမှာပါ။ ဘယ်သူကမှ အဖက်မလုပ် ဖယ်ကျဥ်ထားတဲ့ အတွက်ပေါ့။
အဲဒီ့အတွက် မရိုးသားသူတွေဟာ အောင်မြင်အဆင်ပြေနေရင်‌တောင် ခဏတဖြုတ်ပါပဲ၊ အချိန်တန် အမှန်တရားကိုသိလာကြတဲ့အခါ မရိုးသားသူတေါဟာ ပျက်စီးခြင်းကို ရောက်ကြရတာပါပဲ။
အဲဒါက ရိုးသားသူနဲ့မရိုးသားသူကြားက ခြားနားချက်ပဲပေါ့။

ရိုးသားသူအတွက်ကတော့ မတော်တဆအထင်မြင်လွဲခံရတယ်ဆိုရင်တောင် အချိန်တန် အကြောင်းသိလာတဲ့အခါ ရိုးသားသူကို နေရာပေးချင်သူတွေများလာမှာပါ။ ကူညီချင်သူတွေ များလာမှာပါပဲ။ ရိုးသားသူဟာ လူ့လောကမှာ အမှန်တကယ် ဝင့်ဆန့်သူဖြစ်လာမှာပါပဲ။
အဲဒါကြောင့် ရိုးသားသူဟာ ဒုက္ခရောက်လည်း ခဏတာပါပဲ။ အဲဒါအပြင် ရိုးသားမှုကြောင့် ကိုယ့်စိတ်လုံခြုံခြင်းက စိတ်အေးချမ်းသာစွာ စားဝင်သောက်ဝင်၊ အိပ်ပျော်စေပါတယ်။ အဲဒါကြောင့် ရိုးသားသူဟာ ပျော်ရွှင်ခြင်းအစစ်အမှန်ကို ပိုင်ဆိုင်သူလည်းဖြစ်တာပေါ့။
အဲဒါကြောင့် ရိုးသားမှုဂုဏ်စားမကုန်ဆိုတာ........အဓိပ္ပါယ်တွေအများကြီးပါဝင်တဲ့စကားပါ။ ကိုယ်တိုင်လည်း ရိုးသားသူကိုသာ အလိုရှိတယ်ဆိုရင် ကိုယ်က မရိုးသားသူဖြစ်နေရင်ရော အခြားသူတွေ လိုချင်ပါ့မလားဆိုတာ ပြန်တွေးရင်း ရိုးသားမှုကို တန်ဖိုးထားကြဖို့ တိုက်တွန်းဖော်ပြလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။