ရုပ်ရှင်ဇာတ်လမ်းတွေကြည့်ခြင်းဖြင့် ဘာတွေသင်ယူနိုင်မလဲ။

ရုပ်ရှင်ဇာတ်လမ်းတွေကြည့်ခြင်းဖြင့် သင်ယူတတ်ရင် ရနိုင်တာတွေအများကြီးရှိပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတွေဆိုတာက အလကားစိတ်ကူးယဉ်ပြီးဖြစ်လာတာမဟုတ်ပါဘူး။ လူတွေရဲ့ စရိုက်တွေ၊ စိတ်နေသဘောထားတွေ၊ သမိုင်းကြောင်းတွေ၊ ချစ်ခြင်းမေတ္တာတွေကနေကိုမှ ဇာတ်အိမ်ဖွဲ့ပြီး အသက်သွင်းနိုင်မယ့် ဇာတ်ကောင်တွေသုံးပြီး ကြည့်ရှုတဲ့သူတွေရဲ့ရင်ထဲရောက်သွားအောင် ရိုက်ပြဖန်တီးထားတာပါ။ အဲဒါကြောင့် လူတွေရဲ့စရိုက်အမျိုးမျိုး၊ စိတ်ထားအမျိုးမျိုး၊ လူနေမှုဘဝအမျိုးမျိုး စုံလင်နေအောင် မြင်နိုင်မှာပါ။ ရုပ်ရှင်ဇာတ်လမ်းတွေကြည့်ခြင်းကြောင့် ဘာတွေသင်ယူနိုင်မလဲဆိုတာပြောပြပေးချင်ါတယ်။


၁) လူတွေရဲ့ စိတ်ထားကို သိနိုင်ပါတယ်။
ရုပ်ရှင်ဇာတ်လမ်းတွေမှာ လူအမျိုးမျိုးသဏ္ဍန်တူအောင်လုပ်ထားတာတွေပါတဲ့အတွက်ကြောင့် လူတွေရဲ့စိတ်ထားတွေကို သိမြင်နိုင်ပါတယ်။ စိတ်ထားကောင်းသူက ဘယ်လို၊ စိတ်ထားယုတ်ညံသူကဘယ်လို၊ တစ်ကိုယ်ကောင်းဆန်တတ်သူကဘယ်လိုစသည်ဖြင့် လူတွေရဲ့ကောင်းသောစိတ်၊ မကောင်းသောစိတ်ကို မြင်နိုင်တဲ့အတွက် ကိုယ်သာဆို သူ့နေရာမှာ ဘယ်လိုစိတ်ထားလိုက်မယ်ဆိုတဲ့စိတ်မျိုး ဝင်လာစေနိုင်ပါတယ်။ ဘာပဲပြောပြော ရုပ်ရှင်ထဲကမတရားခံရသူအစား ကိုယ်က မခံချိမခံသာဖြစ်မိတာမျိုး၊ မတရားလုပ်သူကို မုန်းတီးမိတာမျိုး၊ တွေ ခံစားလာရနိုင်တဲ့အတွက် ကိုယ်တိုင်ကျရင် မတရားလုပ်ဖို မကောင်းဘူးဆိုတာကို သိသွားပါတယ်။ မကောင်းသောစိတ်မျိုး၊ အပြုအမူမျိုးလုပ်ချင်စိတ်ကိုလည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။
၂) လူနေမှုဘဝတွေကို သိနိုင်ပါတယ်။
သမိုင်းကြောင်းပြန်ရိုက်ထားတဲ့ဇာတ်လမ်းမျိုးဆိုရင် ဟိုးအရင်လူနေမှုက ဘယ်လိုဆိုတာ သိသွားနိုင်ပါတယ်။ ပညာရေးဉာဏ်ရည်အဆင့်အတန်းက ဘယ်လိုမျိုး၊ လူတွေရဲ့နေထိုင်မှုစနစ်ကဘယ်လို စသည်ဖြင့် ရုပ်ရှင်ရိုက်ပြထားတဲ့အတွက်ကြောင့် သမိုင်းကြောင်းတွေအကြောင်းသိနိုင်ပါတယ်။
၃) စိတ်အပန်းပြေစေပါတယ်။
ဟာသကားတွေ ကြည့်တဲ့အခါ ရယ်မောစေလို့ သင့်ရဲ့စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။ ပြင်ပက စိတ်ညစ်ခြင်း၊ စိတ်ပူပန်ခြင်းတွေကိုတောင် သတိမရနိုင်တော့ဘဲ ဇာတ်လမ်းထဲက ဇာတ်ကောင်မှာသာ စိတ်ဝင်စားပြီး မျောပါသွားနိုင်တဲ့အတွက် ပူပန်မှုတွေကိုတောင် မေ့ပျောက်စေနိုင်ပါတယ်။
၄) ဘာသာစကားအသုံးအနှုန်းတိုးတက်စေနိုင်ပါတယ်။
နိုင်ငံခြားဇာတ်လမ်းမျိုးမှာဆို သူတို့ပြောဆိုတဲ့စကားအတိုလေးတွေဆိုရင် နားစွဲလွယ်ပြီး လက်တွေ့ဘဝမှာတောင် ပြန်လည်အသုံးချနိုင်ပါသေးတယ်။ တကူးတကသင်တန်းတက်ပြီးမှ သင်ယူနိုင်တာမျိုးမဟုတ်ဘဲ ဇာတ်လမ်းကြည့်ပြီး သင်ယူနိုင်ပါတယ်။
၅) အခြားနိုင်ငံများရဲ့ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု၊ နေထိုင်မှု၊ လူမှုဘဝတို့ကိုလည်းသိနိုင်ပါတယ်။
အခြားနိုင်ငံများရဲ့ ယဉ်ကျေးမှုအသီးသီး ၊ ဝတ်စားဆင်ယင်မှု၊ နေထိုင်မှုပုံစံ စသည်တို့ကိုလည်း ရုပ်ရှင်ကားကြည့်နေတဲ့ နာရီပိုင်းလေးအတွင်းမှာတင်သိနိုင်ပါတယ်။ အဲဒါအပြင် နိုင်ငံခြားက ပညာရှင်တွေအကြောင်းပြန်ရိုက်ထားတဲ့ဇာတ်လမ်းမျိုးဆိုရင် ကိုယ်မသိလိုက်၊ မမှီလိုက်တာတွေကိုတောင် ဇာတ်လမ်းထဲမှာ ပြန်ကြည့်လိုရနိုင်ပါတယ်။
၆) သမိုင်းစာအုပ်မဖတ်ချင်သူတွေအတွက် ရုပ်ရှင်ကြည့်ပြီး အဆင်ပြေစေနိုင်ပါတယ်။
သမိုင်းစာအုပ်တွေက အထူကြီးတွေမို့၊ ဖတ်ရမှာပျင်းလို့ စိတ်မညစ်ပါနဲ့။ ရုပ်ရှင်ပြန်ရိုက်ထားတဲ့တစ်ချို့ဇာတ်လမ်းတွေက အဲဒီ့အခက်အခဲတွေကို ပြေလည်စေပါလိမ့်မယ်။ ခေါင်းပူနေအောင် စာအုပ်အထူကြီးတွေကို ဖတ်ပြီးချွေးပျံနေစရာမလိုတော့ပါဘူး။ ရုပ်ရှင်တစ်ထိုင်တည်းကြည့်ပြီး ပြန်သုံးသပ်ပြန်စဉ်းစားကြည့်နိုင်ပါတယ်။
၇) ရသအမျိုးမျိုးခံစားရနိုင်ပါတယ်။
သိပ္ပံကားကြည့်ရင် အံအားသင့်မှု၊ စိတ်ဝင်စားမှု၊ သရဲကားကြည့်ရင် ကြောက်လန့်မှု၊ ထိတ်လန့်မှု၊ အချစ်ကားကြည့်ရင် ကြည်နူးမှု၊ ဟာသကားကြည့်ရင် ပျော်ရွှင်မှု၊ ရယ်မောမှု၊ ဒရမ်မာကားကြည့်ရင် ရင်နင့်မှု၊ ဝမ်းနည်းမှု၊ သနားမှု စသည်ဖြင့် ရသအစုံကို တစ်ထိုင်တည်း ရနိုင်ပါတယ်။
သင်ရုပ်ရှင်ကြည့်တိုင်း ဒီရုပ်ရှင်ကားထဲက ဘာတွေသင်ယူပြီး ဘာတွေ ကိုယ့်အတွက်ပြင်ဆင်သင့်လဲဆိုတဲ့အတွေးလေးနဲ့ပေါင်းစပ်လိုက်နော်။ အဲဒါဆိုရင်တော့ သင်ရုပ်ရှင်တစ်ခါကြည့်ပြီးတိုင်း သင့်အတွက် အသိဉာဏ်တစ်ခုပါ ထပ်ပြီးတိုးသွားပါစေလိမ့်မယ်။
မှတ်ချက်တစ်ခုကတော့ ကိုယ်ကြည့်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေက သူ့ဇာတ်လမ်းအလေ ျှာက် အရည်အသွေးမီတဲ့ ဇာတ်ကားကောင်းဆိုရင်တော့ ပိုပြီးကြည့်ရတာ အကျိုးရှိမှာပဲ ဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။