ရုပ်ရှင်သရုပ်ဆောင် Jim Carrey ရဲ့ ဘဝနဲ့ပတ်သက်တဲ့သင်ခန်းစာ ၄ခု

ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့ Jim Carrey က သူ့ဘဝမှာ သူလက်ကိုင်ထားပြီး ကျင့်သုံးခဲ့တဲ့ သင်ခန်းစာ လေးခုကို ဝေမျှထားပါတယ်။


၁) လက်ရှိအချိန်မှာပဲ နေထိုင်ပါ။
လက်ရှိပစ္စုပ္ပန်မှာပဲ နေထိုင်ပါ။ လက်ရှိကာလမှာသာ သင့်အာရုံတွေကိုထားပါလို့ပြောချင်တာပါ။ တကယ်လို့သင်က သင့်အာရုံကို ခုလက်ရှိမှာမထားရင် အတိတ်ကနာကျင်စရာတွေကိုပြန်တွေးပြီး နာကျင်တာမျိုး၊ မဖြစ်လာသေးတာတွေကိုတွေးပြီး ပူပန်နေတာတွေဖြစ်ပါလိမ့်မယ်။ အဲဒါဆို ခုလက်ရှိအချိန်မှာ လုပ်နေတဲ့အရာအပေါ်အာရုံမစိုက်နိုင်တော့ပါဘူး။
လက်ရှိကာလမှာပဲ သင့်အာရုံကိုထားဖို့ဆိုတာက တကယ်တော့ မလွယ်ပါဘူး။ အဲဒါက သင့်စိတ်ကို ပြန်ပြီးသတိပေးနေဖို့လိုပါတယ်။ သင်က တစ်မိုင်ခရီးကိုပြေးမယ်ဆိုပါတော့၊ ဘယ်လိုဦးတည်ချက်နဲ့ပြေးမှာလဲ၊ ခုရောက်ရှိနေတဲ့နေရာကနေ ဘယ်အထိပြေးမှာလဲ ဆိုတာက ခုလက်ရှိသင်လုပ်ရမယ့်ကိစ္စပါ။ ဦးနှောက်က GPS လိုပဲတွေးနိုင်ပါတယ်။ သင့်မှာလည်း ထိုကဲ့သို့အစွမ်းရှိပါတယ်။ ဘယ်ကိုသွားမလဲဆိုတာကို ကြိုတွေးပြီး လက်ရှိမှာ အဲဒီ့ခရီးကိုရောက်အောင်သွားဖို့သာ အာရုံစိုက်မယ်ဆိုတာမျိုးပေါ့။ အဲဒီ့စိတ်ကို သင်ကသင့်ကိုယ်သင်မကြာခဏ သတိပေးနေဖို့လိုပါတယ်။ အတိတ်ကိုရော၊ အနာဂတ်ကိုရော မတွေးမိအောင် သင့်ကိုသင်သတိပေးနေသင့်ပါတယ်။
လေ့လာချက်တွေအရ တရားထိုင်ခြင်းက သင့်ရဲ့ကျန်းမာရေးကိုလည်းကောင်းမွန်စေပြီး လက်ရှိကာလမှာပဲ သင့်စိတ်ကိုလည်း တည်ငြိမ်စေပါတယ်။ သင့်စိတ်က ခုလက်ရှိကာလမှာပဲထားတတ်တဲ့အကျင့်ဖြစ်သွားတဲ့အခါမှာ သင့်ရဲ့သွေးဖိအားလည်းလျော့ကျစေသလို၊ နှလုံးခုန်နှုန်းလည်းတိုးတက်လာစေပါတယ်။ စိတ်ပူပန်ခြင်း၊ သောကရောက်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ နှလုံးရောဂါဖြစ်ပွားခြင်းကိုလည်း ကာကွယ်နိုင်ပြီး၊ စိတ်ဖိစီးမှုလည်းနည်းလာပါတယ်။ လေ့လာချက်တွေအရ စိတ်ကိုငြိမ်းချမ်းစေတဲ့တရားထိုင်ခြင်းက သင့်ရဲ့ဦးနှောက်ကတွေးခေါ်ပုံကိုလည်းပြောင်းလဲလာစေပါတယ်။

၂) သင်နှစ်သက်တာကိုသာ လုပ်ပါ။
သင်မနှစ်သက်တာကိုလုပ်ပြီး ကျရှုံးရတာထက် သင်နှစ်သက်တာကိုလုပ်ရင်း ကျရှုံးရတာက ပိုကောင်းပါတယ်။
လူတော်တော်များများက အောင်မြင်တဲ့ထိပ်ဆုံးနေရာကိုမရောက်ခင် ကျရှုံးမှုတွေနဲ့လမ်းကို အရင်လျှောက်လမ်းရတာပါ။
ဘယ်သူကမှ အေပြီးရင် ဘီလာမယ်လို့ ကြိုမသိကြပါဘူး။
ကျွန်တော်တို့တွေရဲ့ ကြိုးစားပုံနည်းလမ်းတွေသာမတူကြတာပါ၊ ဘဝဆိုတာ ဘယ်လမ်းကိုလျှောက်ပြီး ဘယ်လိုသွားဆိုတာမျိုး အညွှန်းတွေနဲ့လိုက်လျှောက်လို့ရတာမျိုးမဟုတ်ပါဘူး။
ကျွန်တော်တို့လိုလူတော်တော်များများအတွက်ကတော အခက်အခဲတွေ၊ အနှောင့်အယှက်တွေက ကျွန်တော်တို့ရဲ့အိပ်မက်ကိုရောက်အောင်သွားနိုင်တဲ့အကောင်းဆုံးလမ်းကြောင်းပါပဲ။
ဒါပေမယ့်ကျရှုံးမှုတွေကကျွန်တော်တို့အတွက် အောင်မြင်ဖို့အင်မတန်အရေးကြီးတဲ့သင်ခန်းစာတွေကိုပေးပါတယ်။
ကျရှုံးမှုတွေကြောင့်ပဲ ကျွန်တော်တို့ဘာတွေမှားနေသလဲ၊ ဘာတွေတိုးတက်အောင်လုပ်သင့်သလဲဆိုတာ သိလာပြီး နောက်တစ်ကြိမ်မှာ ပြန်ထနိုင်လာတာပါ။ လူသားတွေက စက်ရုပ်တွေလို ဘာပြီးရင်ဘာလုပ်ဆိုတဲ့ ပရိုဂရမ်တွေနဲ့ ပြည့်စုံအောင်လုပ်ထားတာမဟုတ်ပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ရှေ့ဆက်သွားချင်ရင်
ကျရှုံးမှုတွေထဲက သင်ယူရပါမယ်။ ဘဝမှာ ဘယ်သူကမှ တဖြောင့်တည်း၊ တစ်လမ်းထဲသွားပြီး သူတို့အိပ်မက်တွေဖြစ်လာတာမရှိပါဘူး။ တက်လိုက်ကျလိုက်နဲ့ဖြတ်သန်းနေကြတာချည်းပါ။ အဲဒီလိုကြမ်းတမ်းမှု အတက်အကျတွေကို လက်မလျှော့ဘဲခံနိုင်ရည်ရှိရှိဖြတ်သန်းပြီးမှ သူတို့ဖြစ်ချင်တဲ့အိပ်မက်တွေဖြစ်လာကြတာပါ။
ပိုကောင်းတဲ့အနာဂတ်တစ်ခုဖြစ်လာဖို့ မျှော်လင့်ထားတယ်ဆိုရင် အောင်မြင်မှုဆီသွားတဲ့လမ်းကြောင်းမှာ ကျရှုံးမှုကိုရင်ဆိုင်ရမှာပါပဲ။ လူတိုင်းက လက်လျှော့လိုက်တော့လို့ပြောပေမယ့် အဲဒီလိုလူတွေရဲ့စကားကိုနားမထောင်ပါနဲ့။ အောင်မြင်ခဲ့တဲ့လူတိုင်းက ကျရှုံးမှုတွေအများကြီးကြုံတွေ့ခဲ့သူတွေပါ။ အဲဒါကြောင့် သင်တကယ်ချစ်ခင်နှစ်သက်တဲ့အလုပ်တွေလုပ်ရင်း ကျရှုံးပါစေ။ သင်မနှစ်သက်တဲ့အလုပ်တွေလုပ်ရင်း ကျရှုံးရတာထက် ပိုတန်ပါတယ်။ ကျရှုံးမှုတွေကို ရင်ဆိုင်ရင်း သင့်အိပ်မက်တွေဖြစ်လာမှာမို့ ကိုယ်နှစ်သက်တာတွေလုပ်ရင်းကျရှုံးရတာက ပိုတန်ပါတယ်။

၃) ကိုယ့်ကိုကိုယ်လက်ခံနိုင်ပါစေ။
Jim Carrey ရဲ့ အကြံပေးချက်အရ သင့်ကိုသင်လက်ခံခြင်းက သင့်ရဲ့မကောင်းတဲ့အမြင်တွေကို အကောင်းဘက်က ပြောင်းလဲပစ်ဖို့ကူညီနိုင်ပါတယ်။ အကယ်၍ အခြားသူတွေရဲ့လက်ခံပေးမှုကို သင်ရှာဖွေနေတယ်ဆိုရင် သင့်ကိုယ်သင်ယုံကြည်မှုနည်းနေတာဖြစ်ပါတယ်။ သင့်ကိုယ်သင်လက်မခံရဲတာကြောင့် အခြားသူတွေရဲ့လက်ခံပေးမှုကို လိုချင်နေတာဖြစ်ပါတယ်။ အဲဒါကိုပြောင်းလဲချင်ရင်တော့ သင့်ကိုသင်လက်ခံနိုင်ဖို့လိုပါတယ်။
အခြားသူတွေရဲ့လက်ခံပေးမှုကို ပိုပြီးလိုချင်နေတယ်ဆိုရင် သင့်ရဲ့ကိုယ်ပိုင် စွမ်းအင်တွေဆုံးရှုံးရပါလိမ့်မယ်။ သင့်ကို အခြားသူတွေက ပျော်ရွှင်အောင်လုပ်ပေးမယ်လို့ထင်နေတာ၊ သင့်ကိုချစ်ခင်လိမ့်မယ်လို့ထင်နေတာ၊ သင့်ကိုအာရုံထားလိမ့်မယ်လို့ ထင်နေတာ စတာတွေက အခြားသူတွေရဲ့လက်ခံမှုကို လိုချင်နေတာပဲဖြစ်ပါတယ်။ အဲဒါက သင့်ကိုသင်စွမ်းအင်မဲ့တယ်လို့ခံစားရစေပါတယ်။ သင့်ကိုသင်လက်ခံနိုင်လာတဲ့အခါ ဘယ်သူကမှ သင့်ကိုလက်ခံပေးဖို့မလိုအပ်တောပါဘူး။ သင့်ရဲ့ပင်ကိုယ်စိတ်ထဲမှာကိုက လက်ခံနိုင်တာကြောင့်ပဲဖြစ်ပါတယ်။
လူဆိုတာမျိုးက သင်ဘယ်လိုပဲအကောင်းဆုံးဖြစ်အောင်ကြိုးစားထားပါစေအုံး၊ အပြစ်မြင်တဲ့သူကတော့ရှိမှာပါပဲ။ အဲဒါကြောင့် သူတို့မြင်ချင်တဲ့လူမျိုးဖြစ်အောင် ကြိုးစားလို့မဖြစ်နိုင်ပါဘူး။ ကိုယ်ဖြစ်ချင်တဲ့လူမျိုးဖြစ်အောင်ကြိုးစားပြီး ကိုယ်ပြချင်တဲ့ပုံစံကိုပဲပြသပါ။ မြင်ချင်သလိုမြင်တာက သူတို့ကိစ္စပဲဖြစ်ပြီး သင့်အလုပ်မဟုတ်ပါဘူး။

၄) သင့်ရဲ့ Plan B လည်း ကျရှုံးနိုင်ပါတယ်။
ကျရှုံးမှုတွေဆီကနေ သင်ယူရပါမယ်။ သင့်ဘဝမှာ အရာအားလုံဆုံးရှုံးခဲ့ရင်တောင် တစ်စုံတစ်ခုကို ပြုလုပ်နိုင်တဲ့ အချိန်ကိုရရှိထားတဲ့ အခွင့်အရေးကိုတော့ သင်မဆုံးရှုံးပါစေနဲ့။
ပြောချင်တာက ကျွန်တော်တို့ရဲ့ တိုတောင်းလှတဲ့ဘဝမှာ ကျွန်တော်ချစ်ခင်နှစ်သက်တာတွေကို ပြုလုပ်နိုင်တဲ့အချိန်ကိုတော့ မဖြုန်းတီးလိုက်ပါနဲ့။ လူတချို့က သူတို့ရဲ့မိဘတွေနဲ့ ဆွေမျိုးအပေါင်းအပါတွေအတွက် ကျောင်းကောင်းကောင်းတက်နိုင်အောင်ကြိုးစားကြပါတယ်။ အဲဒါက သူတို့ကိုအောင်မြင်စေလိမ့်မယ်လို့ ထင်ကြပါတယ်။ ဥပမာ။ သင့်မိဘတွေက ဆရာဝန်ဖြစ်ရင် ဂုဏ်ရှိမယ်၊ ဝင်ငွေကောင်းမယ်လို့ ထင်ကြလို့ သင့်ကိုတိုက်တွန်းလို့ သင်က ဆရာဝန်ဖြစ်အောင်၊ အင်ဂျင်နီယာဖြစ်အောင် ကြိုစားတယ်ဆိုတာမျိုးပေါ့။
တကယ့်လက်တွေ့ဘဝမှာကျတော့ တန်ဖိုးရှိတဲ့အချိန်တွေ နဲ့ ငွေတွေ ကိုဖြုန်းတီးပစ်တတ်ကြပါတယ်။ လူတော်တော်များများက လက်ရှိသူတို့လုပ်နေရတဲ့အလုပ်ကို ငြီးငွေ့ပြီး မုန်းတီးနေတတ်ကြပါတယ်။ အဲဒီလို ငြီးငွေ့နေတဲ့အလုပ်ကိုလုပ်ရင်းနဲ့ပဲ သူတို့ဘဝရဲ့အချိန်တွေကိုဖြုန်းတီးနေတတ်ကြပြန်တယ်။
ပြောချင်တာက သင့်ဘဝမှာ သင်တကယ်ချစ်ပြီး သင်တကယ်လုပ်ချင်တဲ့အလုပ်ကိုသာ အချိန်နဲ့အမျှလုပ်နေခြင်းက သင့်အချိန်တွေကို တန်ဖိုးရှိစွာအသုံးချခြင်းဖြစ်ပြီး သင်စီစဉ်ထားတဲ့ plan B ဆုံးရှုံးရပေမယ့် နောက်ထပ်သော plan တွေကို သင်စီစဉ်ပြီး ကျားကုတ်ကျားခဲသင်ပြန်ကြိုးစားမိနေအုံးမှာပါပဲ။
အဲဒါကြောင့် သင့်အိပ်မက်တွေအတိုင်း သင်ကြိုးစားလျှောက်လှမ်းပါ။ plan B တွေ ခဏခဏ ကျရှုံးနိုင်ပါတယ်။ ဒါပေမယ့် သင့်အိပ်မက်ကို မပစ်ချခဲ့ပါနဲ့။ သင့်ခေါင်းထဲက ထွက်လာတဲ့မသေချာတဲ့စကားလုံးတွေကိုနားမထောင်ဘဲ သင့်နှလုံးသားထဲက စကားသံတွေကိုသာ နားထောင်ပါ။ ပြောချင်တာက သင်စီစဉ်ထားတဲ့ plan တွေလည်း ကျရှုံးနိုင်ပေမယ့် ဖြစ်လာတဲ့အခြေအနေပေါ်မူတည်ပြီး သင့်အချိန်တွေကိုအလဟဿမဖြုန်းတီးဘဲ ရှေ့ဆက်သွားပါလို့ပြောချင်တာပါ။

သင့်ဘဝမှာ ဘယ်အရာက သင့်ကိုတကယ့်ပျော်ရွှင်မှုပေးနိုင်မလဲဆိုတာက အရေးကြီးပါတယ်။ အဲဒါကိုသာ သင်ရွေးချယ်ပါ။ သင်အချိန်ကုန်ရကျိုးနပ်သလို၊ သင်လည်း တကယ်ပျော်ရွှင်ရပါလိမ့်မယ်။ သင့်ရဲ့ အစီအစဉ်အတိုင်းမလုပ်နိုင်ရင်တောင်မှ ဖြစ်လာတဲ့အခြေအနေပေါ်မူတည်ပြီး သင်ဖြစ်ချင်တာကိုရှေ့ဆက်ဖန်တီးသွားပါ။ လူတိုင်းက ကိုယ်ဖြစ်ချင်တဲ့ဘဝကိုဖန်တီးနိုင်တယ်လို့ ယုံကြည်ပြီး ကိုယ်ဖြစ်ချင်တာလေးတွေအတွက် ကြိုးစားသွားပါ။
https://www.powerofpositivity.com/jim-carrey-life-thoughts/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။