ရလဒ်ကိုပဲလိုချင်နေတဲ့သူမျိုးဖြစ်နေပြီလား ?

တကယ်တော့ ဒီမေးခွန်းမျိုးက ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်တဲ့မေးခွန်းမျိုးပါပဲ။ တခါတလေမှာ ကျွန်တော်တို့တွေဟာ ရလဒ်ကောင်းကိုသာ လိုချင်တဲ့လူတွေဖြစ်နေတတ်ပြီး ရလဒ်ကောင်းတွေပေါ်ထွက်လာဖို့အတွက် ကြိုးစားအားထုတ်မှုကိုတော့ အသိအမှတ်ပြုဖို့ မေ့နေတတ်ကြပါတယ်။ လူတိုင်းကို ပိုကောင်းတဲ့အခြေအနေတစ်ခုခု မလိုချင်ဘူးလားလို့မေးရင် လူတိုင်း မလိုချင်တဲ့လူမရှိပါဘူးနော်။


“အားပါးတရ လိုချင်တာပေါ့…..” လို့သာ ဖြေကြမှာပါ။ ဒါပေမယ့် အဲဒီလို လိုချင်တဲ့ရလဒ်ရဲ့နောက်ကွယ်မှာ ခက်ခဲကြမ်းတမ်းတဲ့ အရာတွေကို ကျော်ဖြတ်ရတာ၊ အကြပ်အတည်းတွေရင်ဆိုင်ရတာ ၊ မြေစမ်းခရမ်းပျိုးစတင်ချိန်မှာ အောင့်အီးသည်းခံရတာတွေကို အတော်များများက သတိမမူတတ်ကြသလို ကြိုးစားမှုကိုရင်းရမယ်ဆိုတာကိုလည်း မေ့နေတတ်ကြပါတယ်။
ကိုယ့်ရဲ့ကြိုးစားမှုအသီးအပွင့်တွေရလာတဲ့အခါကျမှသာ “ဟာ…သူက ကံကောင်းလိုက်တာ”
“ဟာ…..သူက အခုတော့ အေးဆေးဖြစ်သွားပြီပေါ့” “ဟာ….အခုတော့ သူက အဆင်ပြေသွားပြီပေါ့”
ဆိုတဲ့စကားမျိုးကို ပြောတတ်ကြတာပါ။ တကယ်တမ်းက အဲဒီလိုအဆင်ပြေသွားပြီ…….ဆိုတဲ့ စကားဖြစ်လာအောင် ကြိုးစားခဲ့ရတာ နေ့ရောညရော ပါပဲ။ တစ်ခုလိုချင် တစ်ခုရင်းရမယ်ဆိုတဲ့နေရာမှာ ဘာမှရင်းစရာမရှိတဲ့လူတစ်ယောက်အတွက် အချိန်နဲ့အတူ ကြိုးစားမှုကိုတော့ ရင်းမှ အဆင်ပြေမှု၊ ရလဒ်ကောင်းကို ပြန်ရလာဖို့ စိတ်ရှည်ရမှာပါ။
တနည်းအားဖြင့် ဒီနေ့အပင်စိုက်၊ ဒီနေ့ပဲအသီးစားချင်လို့မရသလို၊ ဒီနေ့ရေတွင်းတူး၊ ဒီနေ့ရေကြည်သောက်ချင်လို့မရပါဘူး။ အဲဒီလို ရလဒ်ကောင်းတစ်ခုလိုချင်တယ်ဆိုရင် ကိုယ့်အတွက် အချိန်တစ်ခုရင်းပြီး ကြိုးစားအားထုတ်မှုကို အမြဲမပြတ် အားထုတ်မှသာ အချိန်တန်ရလဒ်တစ်ခုကို ရနိုင်တာဖြစ်ပါတယ်။

တော်တော်များများက အလုပ်တစ်ခုလုပ်မယ်ဆုံးဖြတ်လိုက်တာနဲ့ “ဘယ်လောက်အကျိုးအမြတ်ရမှာလဲ…..”ဆိုတဲ့မေးခွန်းမျိုးကိုသာ မေးတတ်ကြပါတယ်။ ဘာတွေရင်းပြီး၊ ဘယ်လိုအစပျိုးမလဲ၊ ဘယ်လိုကြိုးစားအားထုတ်မလဲ၊ ဆိုတာကို အရင်ဆုံးစဉ်းစားမှာသာ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုနဲ့ ဇွဲမလျှော့မှုပေါ်မူတည်ပြီးမှသာလျှင် ဘယ်လောက်အကျိုးအမြတ်ရှိမှာလဲ……ဆိုတဲ့စကားရဲ့အဖြေက ထွက်ပေါ်လာမှာဖြစ်ပါတယ်။ ဘာကိုမှ အရင်းမစိုက်ဘဲနဲ့တော့ ဘာကိုမှအကျိုးအမြတ်ရလဒ်လိုချင်နေလို့ရမှာမဟုတ်ပါဘူး။
Rumi ပြောထားသလို“Beautiful days do not come to you. You must walk towards them.” ဆိုတဲ့စကားလိုပေါ့ “လှပတဲ့နေ့တွေက သင့်ဆီအလိုလိုရောက်မလာပါဘူး။ သင်ကသူတို့ရှိရာဆီသွားရမှာပါ” တဲ့။ အဲဒီ့စကားလိုပါပဲ။ ရလဒ်ကောင်းတွေကိုချည်းလိုချင်နေတယ်ဆိုတာက လှပတဲ့နေ့တွေကို မျှော်လင့်စိတ်ကူးယဉ်ပြီး ထိုင်စောင့်နေတာနဲ့တူပါတယ်။ တကယ်က ကိုယ်တိုင်ပုံဖော်ရမှာပါ။ ဘယ်နေရာမှာမဆို ကိုယ်တိုင်အချိန်ရင်းပြီး အတွေ့အကြုံယူရမယ်၊ အမှားတွေထဲကနေ ပြန်သင်ယူရမယ်၊ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ကြိုးစားရမယ်၊ အနှောင့်အယှက်တွေကို ဘယ်လိုကျော်ဖြတ်မလဲကြိုးစားရမယ် စတာတွေအားလုံးနဲ့ရင်းပြီး ကိုယ်တိုင်စိတ်ရှည်ရှည်နဲ့ဖန်တီးယူမှရတာပါ။
အလုပ်တစ်ခုသွားလျှောက်ရင်တောင်မှ အများစုမေးတတ်ကြတာ “ဘယ်နေရာလဲ၊ ဘာရာထူးလဲ၊ ဘာခံစားခွင့်ရှိလဲ၊ လစာဘယ်လောက်ရမှာလဲ” ဆိုတာမျိုးတွေ ကြားဖူးကြမှာပါ။ တကယ်တမ်းက ကိုယ်မျှော်လင့်ထားတယ်ဆိုရင် ကိုယ်မျှော်လင့်ထားတဲ့ရလဒ်ကိုရဖို့ ကိုယ်တိုင်က အဲဒီ့အရည်အချင်းတွေနဲ့ကိုက်ညီနေအောင် အချိန်ယူကြိုးစားရင်းပြီးမှ ကိုယ်လိုချင်တာကို ရနိုင်မှာပါ။ နတ်ရေကန်ထဲကျသလို ဥုံဖွဆိုပြီး ဘယ်သူကမှ ချက်ချင်းကံကောင်းခြင်းတွေဖြစ်မလာနိုင်ပါဘူး။ တကယ်တမ်း လက်ကိုင်ထားသင့်တဲ့စကားက “ကံသည်အလုပ်…..အလုပ်သည်ကံ” ဆိုတဲ့စကားပါ။ သင်မယုံရင် တကယ်အလုပ်ကိုကြိုးစားကြည့်ပါ။ ဝင်ငွေတစ်ခုကနေ ဝင်ငွေနှစ်ခု ၊ သုံးခုတိုးလာအောင် ဘာထပ်လုပ်ရင်ကောင်းမလဲ၊ ဘာမှရင်းနှီးစရာမရှိလို့ ပိုလျှံနေတဲ့အချိန်ကို ဝင်ငွေဖြစ်အောင်ဘယ်လိုလုပ်မလဲ၊ ဒါမှမဟုတ် ပိုလျှံနေတဲ့အချိန်ကို ဝင်ငွေအဖြစ်တိုးအောင် ဘာတွေလုပ်နိုင်မလဲဆိုတာမျိုး ပြောင်းတွေးပြီး တကယ်စတင်အကောင်အထည်ဖော်ကြည့်လိုက်ပါ။ ဘာကိုမှစိတ်ကူးယဉ်မနေဘဲ လက်တွေ့ ကြိုးစားမှုကိုရင်းပြီးကြိုးစားကြည့်ပါ။ အနည်းဆုံးတော့ နောက်ထပ်ဝင်ငွေတစ်ခုတိုးလာပါလိမ့်မယ်။ အဲဒါ ရင်းနှီးလိုက်တဲ့အရာပေါ်မူတည်ပြီးမှ ပြန်ရလာနိုင်တဲ့ရလဒ်ပေါ့။

သင်တကယ်မယုံမရှိပါနဲ့။ သင်ရင်းနှီးလိုက်တဲ့ပေါ်မူတည်ပြီး တစ်ခုမဟုတ် တစ်ခုတော့ပြန်ရတာပါပဲ။ အကယ်၍များ သင်က အခုနေ ပိုလျှံနေတဲ့အချိန်တွေကို အလကားဖြုန်းတီးပြီး ဂိမ်းထိုင်ဆော့နေမယ်၊ တခြားဘယ်လိုအရည်အချင်းရှိတာကိုမှ မလေ့လာနေဘူးဆိုရင် အချိန်တစ်ခုအရောက်မှာ သင့်ထက်ပိုကြိုးစားနေတဲ့သင့်အပေါင်းအသင်းက သင့်ထက်တစ်နေရာရာမှာ သာနေတာကို သင်ထိုင်အားကျနေရမှာပါပဲ။ အဲဒါ သင်လုပ်ထားတဲ့အရင်းအနှီးပေါ်မူတည်ပြီး သင်ပြန်ရတာပါပဲ။ သင်ကောင်းကောင်းရင်းနှီးမြုပ်နှံမလား…….ဆိုးဆိုးရင်းနှီးမြုပ်နှံမလား…….သင်ပဲဆုံးဖြတ်ရမှာပါ။ အဲဒီလိုပါပဲ…..ရလဒ်ကောင်းကောင်းရဖို့ စိတ်ကူးယဉ်မိနေသလား….အဲဒါဆို ရင်းနှီးမြုပ်နှံမှုကို ကောင်းကောင်းလုပ်ပေါ့။ ရလဒ်ကောင်းတော့လိုချင်ပါတယ်၊ ဘာကိုမှ ရင်းနှီးမြုပ်နှံခြင်းမရှိဘူးဆိုရင်တော့ ဘယ်လိုရလဒ်မျိုးကိုမှ သင်မမျှော်လင့်နေပါနဲ့တော့။ သင်မှတ်ထားရမှာက ရလဒ်ကောင်းကိုလိုချင်နေပြီး ရလဒ်နောက်ကွယ်က ခက်ခဲတဲ့ရင်းနှီးမြုပ်နှံမှုကိုတော့ မမြင်ချင်ယောင်ဆောင်ထားလို့မရပါဘူး။ ရလဒ်ကောင်းကိုလိုချင်ရင် ရလဒ်နဲ့တန်တဲ့ရင်းနှီးမြုပ်နှံမှုတစ်ခုတော့ သင်လုပ်ဆောင်ရမှာပါပဲ။ အဲဒါကြောင့် သင်က ရလဒ်ကောင်းတစ်ခုကိုပဲ မျှော်လင့်နေတဲ့သူဖြစ်နေပြီလားဆိုတာ သင့်ကိုယ်သင်မေးကြည့်ပါ။ ရလဒ်ကောင်းတွေကို လိုချင်တာနဲ့တစ်ပြိုင်တည်း သင့်ကိုသင် ကြိုးစားရုန်းကန်ဖို့ တွန်းအားပေးလိုက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။