ရည်မှန်းချက်ရှိစွာ ဘဝကိုရှင်သန်ခြင်းရဲ့အကျိုးကျေးဇူးများ

ရည်မှန်းချက်ဆိုတာက ဘဝရဲ့အဓိပ္ပါယ်နဲ့အရေးကြီးတဲ့အရာကို နားလည်ခြင်းပဲဖြစ်ပါတယ်။ ရည်မှန်းရှိစွာ ဘဝကို ရည်မှန်းချက်အတိုင်း ရှင်သန်နေထိုင်ခြင်းက သင့်ရဲ့အလုပ်အပေါ်၊ သင့်ရဲ့ မျှဝေနိုင်စွမ်းနဲ့ သင့်ဘဝရဲ့အကောင်းဘက်က အကျိုးတွေအပြင် အခြားသူတွေအပေါ်ပါ အကျိုးရှိစေပါတယ်။ သင့်ရည်မှန်းချက်ကို သင်သိပြီး ထိုရည်မှန်းချက်ကို ရောက်အောင် သွားနိုင်ခြင်းက သင့်ဘဝကို ပိုပြီး ပျော်ရွှင်စေပါတယ်။ ပိုပြီး အဓိပ္ပါယ်ရှိစေပါတယ်။ ပိုပြီး အောင်မြင်စေပါတယ်။ ပိုပြီး ကျေးဇူးတင်စရာကောင်းစေပါတယ်။ ခက်ခဲတဲ့အချိန်တွေကို ပိုပြီးဖြတ်သန်းနိုင်စွမ်းရှိလာစေပါတယ်။ ပိုပြီးလည်း စိတ်လှုပ်ရှားစရာကောင်းပါတယ်။


၁) အတိုင်းအဆမရှိ ပြီးပြည့်စုံတယ်လို့ ခံစားရစေပါတယ်။
ရုပ်ပိုင်းဆိုင်ရာပြည့်စုံတယ်ဆိုတာထက် ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ကို ဖြစ်အောင် လုပ်ဆောင်နေရတဲ့အတွက်ကို စိတ်ထဲမှာ ပြည့်စုံနေတယ်လို့ခံစားနေရတာမျိုးကိုပြောချင်တာပါ။ စိတ်ဓာတ်ကျခြင်း၊ ဝမ်းနည်းပူဆွေးခြင်းဆိုတာတွေရှိရင်တောင်မှ ကိုယ့်ဘဝရဲ့အဓိပါ္ပယ်က ဘာလဲဆိုတာကိုသိနေတဲ့အတွက် ပြန်လည်ထူမတ်စေနိုင်ပါတယ်။ ကိုယ့်ရဲ့ဖြစ်တည်မှုက အဓိပ္ပါယ်ရှိနေတယ်ဆိုတာကြောင့်ပေါ့။ ကိုယ့်ရည်မှန်းချက်ကို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ဓာတ်ကြောင့် ကြိုးစားခြင်းတွေက သင့်ကိုပျော်ရွှင်ခြင်းတွေကို ဖြစ်ပေါ်လာစေတာပါ။ အဲဒီလိုကြိုးစားလိုက် ကိုယ်ဖြစ်ချင်တာလေးတွေဖြစ်လာလိုက်နဲ့ ဘဝက ရုပ်ပိုင်းဆိုင်ရာပြည့်ဝစရာမလိုဘဲကို ပြည့်ဝနေပြီလို့ခံစားရစေတာဖြစ်ပါတယ်။
တခါတလေ ဘဝမှာ ဘာလုပ်ရမှန်းမသိတာမျိုး၊ ဘာအတွက်ရှင်သန်ရမှန်းမသိတာမျိုးက စိတ်ဓာတ်ကျစေပါတယ်။ ကိုယ့်ရဲ့ဦးတည်ရာမရှိတဲ့ခံစားချက်ကြောင့် သင့်ဘဝက ရည်မှန်းချက်မရှိသလိုခံစားရစေပါတယ်။ ကိုယ်ရည်မှန်းထားတဲ့အရာဆိုတာ ကိုယ့်ရဲ့ပန်းတိုင်ကိုရောက်အောင်သွားတဲ့လမ်းကြောင်းကိုတည့်မတ်စေပါတယ်။ ကိုယ်ဖြစ်ချင်တာလေးတွေပုံဖော်နေရင်းနဲ့ ကိုယ့်ဘဝက အဓိပ္ပါယ်ပိုရှိလာသလို၊ ပိုပြီး စိတ်တည်ငြိမ်စေပါတယ်။

၂) ဦးတည်ရာကိုသိပြီး စီမံချက်ချနိုင်လာပါတယ်၊ ခက်ခဲတဲ့အချိန်တွေမှာတောင် ကျော်ဖြတ်နိုင်စွမ်းရှိစေပါတယ်။
ကျွန်တော်တို့ရဲ့ဘဝမှာ ခက်ခဲတဲ့အချိန်ဆိုတာကို ကြုံကိုကြုံရအုံးမှာပါ။ ထိုအချိန်မျိုးမှာ ကျရှုံးမှု၊ ခက်ခဲမှုတွေကို ခံစားရပါမယ်။ ထိုအချိန်မျိုးမှာ ကျွန်တော်တို့က အောင်မြင်ဖို့အတွက် အကောင်းဆုံးကြိုးစားနေတယ်ဆိုရင် ထိုအခက်အခဲတွေကြောင့် စိတ်ဓာတ်ကျ လက်မှိုင်ချမနေနိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ဖြစ်ချင်တာဖြစ်အောင်လုပ်ရအုံးမယ်ဆိုတဲ့အတွေးရှိနေလို့ပါ။ အဲဒီ့အတွေးကြောင့်ပဲ ကိုယ်သွားမယ်လမ်းကြောင်းရဲ့ ဦးတည်ချက်ကို သိပါလိမ့်မယ်၊ ထိုဦးတည်ချက်ကိုသွားဖို့ စီမံကိန်းဆွဲနိုင်မယ်၊ တကယ်ခက်ခဲလာရင်တောင် ဖြစ်အောင်လုပ်ချင်တဲ့စိတ်နဲ့ အရာအားလုံးကို ကျော်ဖြတ်သွားနိုင်ပါတယ်။ အခက်အခဲကနေ ကျွန်တော်တို့မလွတ်မြောက်နိုင်ပါဘူး။ အောင်မြင်စွာကျော်ဖြတ်သွားမှဖြစ်မှာပါ။ အဲဒါကြောင့် သင့်ရဲ့တကယ်ဖြစ်ချင်တဲ့စိတ်၊ ရည်မှန်းချက်က သင့်ဘဝကို အလင်းပေးမှာဖြစ်ပါတယ်။

၃) စိတ်ဓာတ်ခွန်အားဖြစ်ပေါ်စေနိုင်ပါတယ်။
အခြားသူတွေအပေါ်မှာ အကျိုးသက်ရောက်မှုမရှိခင်မှာ ရည်မှန်းချက်ရှိခြင်းက ကိုယ့်အပေါ်အရင်သက်ရောက်မှုရှိပါတယ်။ ကိုယ့်စိတ်ကို အမြဲပြင်ဆင်ထားနေမိပါတယ်။ ကိုယ့်ရည်မှန်းချက်အတွက် ဘာလုပ်မယ်၊ ဘယ်အဆင့်ကိုထပ်တက်ရမယ် စသဖြင့် အဲဒီလိုအမြဲတွေးတောပြင်ဆင်နေတဲ့အတွက်ကိုပဲ စိတ်က အမြဲလန်းဆန်းတက်ကြွနေပါတယ်။ ကိုယ်တိုင်ပြင်းပြစွာဖြစ်ချင်တဲ့စိတ်ကြောင့် ကျရှုံးမှုတွေကြုံရလည်း မမှုတော့ဘဲ ပြန်လည်ကြိုးစားဖို့ပြင်ဆင်နေတတ်ပါတယ်။ အဲဒါကြောင့် ရည်မှန်းချက်ရှိခြင်းက စိတ်ဓာတ်ခွန်အားကိုဖြစ်ပေါ်စေနိုင်ပါတယ်။

၄) ရှင်သန်နေထိုင်ချင်စိတ်ကိုဖြစ်ပေါ်စေပါတယ်။
ရည်မှန်းချက်ကြောင့်ရှင်သန်နေရတဲ့အခါ ကိုယ့်ကိုကိုယ်အဓိပါ္ပယ်မဲ့နေတဲ့လူလို မခံစားရတော့ပါဘူး။ ကိုယ့်ဘဝရဲ့ခက်ခဲတဲ့အချိန်တွေမှာ ဘာဆက်လုပ်သင့်တယ်ဆိုတာကို ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ကြောင့် သိလာနိုင်ပါတယ်။ တန်ဖိုးတွေ၊ အဓိပါ္ပယ်ရှိခြင်းတွေ၊ ဘဝမှာရှင်သန်နေထိုင်ချင်စိတ်တွေပြန်လည်ဖြစ်ပေါ်စေနိုင်ပါတယ်။ ဘဝမှာ ယှဉ်ပြိုင်ရတာတွေ၊ သင်ယူရတာတွေ၊ အနိုင်တိုက်ရတာတွေ၊ ကျရှုံးရတာတွေ၊ ပြန်လည်ကြိုးစားရတာတွေ စတဲ့အရာတွေတခုမှ မလုပ်ရဘူးဆိုရင် ဘဝက ဘယ်လောက်တောင်ပျင်းစရာကောင်းလိုက်မလဲ။ အဲဒါကြောင့် ကိုယ့်ရည်မှန်းချက်ဆီရောက်အောင် အတတ်နိုင်ဆုံးကြိုးစားရင်း ကိုယ်လုပ်ချင်တာလေးတွေလုပ်ရင် ရှင်သန်ရတဲ့ဘဝက ပျော်စရာကောင်းတဲ့ဘဝပါပဲ။
အဲဒါကြောင့် ရည်မှန်းချက်ရှိခြင်းက သင့်ဘဝကို ဝမ်းနည်းခြင်းကနေပျော်ရွှင်ခြင်းပြန်ရစေနိုင်ပါတယ်၊ ကျရှုံးခြင်းကနေ အောင်မြင်ခြင်းပြန်ရစေနိုင်ပါတယ်။ စိတ်ဓာတ်ကျခြင်းကနေ စိတ်အားတက်ခြင်းကိုပြန်လည်ရှာဖွေနိုင်ပါတယ်။ ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်ကို ရောက်အောင်သွားနေရခြင်းက ဘဝရဲ့အဓိပ္ပါယ်ရှိတဲ့လုပ်ရပ်တစ်ခုပါပဲနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။