ရှိတာလေးနဲ့အကောင်းဆုံးကြိုးစားပါ။

ဒီစကားကိုကြားလိုက်တဲ့အခါ ဘာကိုတန်းတွေးမိသလဲ။ ကိုယ်တွေငယ်ငယ်က တခုခုကို ဘောင်ကျော်ပြီးလုပ်မရတာမျိုးကြုံတဲ့အခါ......... “ငါ့ကျမှ ဘာလို့ဒါတွေမရှိတာလဲ။” “ငါ့ကျမှ ဘာလို့ အဲဒီလိုအခွင့်အ‌ရေးမရတာလဲ။” “ငါ့ကျမှ ဘာလို့မဖြစ်နိုင်ရတာလဲ....” ဆိုတဲ့အတွးမျိုးတွေနဲ့ မဆီမဆိုင် အခြားလူတွေကိုလည်း အပြစ်မြင်မိပါတယ်။ ကံကြမ္မာကလည်း ကိုယ့်ကျမှ ဆိုးလိုက်တာလို့လည်း တွေးပြီး ဒေါသတွေထွက်ရပါတယ်။


ဒါပေမယ့် ကျွန်မတို့မေ့နေတတ်တဲ့အရာကျတော့ ကိုယ်တကယ်ဖြစ်ချင်တဲ့အရာ (ဖြစ်လည်းဖြစ်နိုင်တဲ့ယုတ္တိရှိတဲ့အရာတစ်ခုပေါ့) ကို ကိုယ့်မှာရှိတာလေးနဲ့ ဘယ်လိုဖြစ်အောင်လုပ်ရင်ကောင်းမလဲ....ဆိုတာပါပဲ။ မလုပ်နိုင်ဘူးလို့ ထင်တဲ့အခါ ကျွန်မတို့တွေးတတ်တာက ဘာလို့မဖြစ်နိုင်ရတာလဲ။ ငါ့ကျမှ ဘာလို့မဖြစ်နိုင်တာလဲဆိုတဲ့စိတ်နဲ့ ဖြစ်နိုင်တာကို တွေးဖို့မေ့နေတတ်ပါတယ်။
အဲဒါကို မတွေးမိဘဲ မဖြစ်နိုင်ရတဲ့အကြောင်းရင်းကိုသာ အာရုစိုက်နေမိကြာတာမို့ ဖြစ်နိုင်ချေ၊လုပ်နိုင်လို့ရတာလေးတွေကို သတိမထားမိ၊ အာရုံမစိုက်မိတော့ပါဘူး။ အဲဒီ့အခါ တကယ်မဖြစ်နိုင်ဘူးလို့ အထင်‌ရောက်သွားတတ်ကြတာ‌ပေါ့။
တကယ်က ကိုယ့်ဆီမှာ ရှိထားသမျှလေးနဲ့ ဘယ်လိုလုပ်မလဲ......ဘယ်လိုဖြစ်မြောက်အောင်လုပ်မလဲ။ ဆိုတာကို စဥ်းစားသင့်တာပါ။ အဲဒီလိုစဥ်းစားလိုက်တာနဲ့တပြိုင်တည်း ကိုယ့်မှာဖြစ်နိုင်မယ့်လမ်းကြောင်း‌တွေ တသီတန်းကြီး ပေါ်လာ‌တော့တာပါပဲ။
ပြီးတာနဲ့ ကိုယ့်ကို ဘယ်သူကမှ မကူညီရင်နေ...ကိုယ့်မှာရှိတာနဲ့ အကောင်းဆုံးကြိုးစားပစ်မယ်။ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်ကြည့်လိုက်ပါ။ အနည်းဆုံးတော့ ကိုယ်မရှုံးတာသေချာပါတယ်။

ဟုတ်တယ်လေ.....ကံကြမ္မာက ကိုယ့်ကိုမှ မျက်နှာမပေးဘူးမလား။ ဘာြဖစ်သေးလဲ၊ကိုယ့်မှာရှိတာနဲ့ ဖြစ်အောင်လုပ်ပြမယ်။ ဘယ်သူတွေက မဖြစ်နိုင်ဘူးလို့ ပြောသေးလဲ။ ဘာဖြစ်သေးလဲ၊ ကိုယ့်မှာရှိတာနဲ့ ဖြစ်အောင်လုပ်ပြမယ်ဆိုတဲ့စိတ်နဲ့သာ အစွမ်းကုန်ကြိုးစားကြည့်လိုက်ပါ။ အခြားသူစိန်ခေါ်လို့လုပ်ရတာထက် ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်လိုက်ခြင်းက ကိုယ့်ကိုပိုပြီး စိတ်ဓာတ်တက်ကြွစေသလို၊ ကိုယ့်လည်း ပိုပြီး အောင်မြင်နိုင်ပါတယ်။
အခုလို ကပ်ရောဂါကာလမှာလည်း အလားတူပါပဲ။
"ဆေးမရှိဘူး၊ သေနိုင်တယ်၊ ဘာမှလုပ်လို့မရဘူး....." ဆိုတဲ့အခြေအနေထက် ကိုယ်တွေလုပ်နိုင်တာလေးကို အတတ်နိုင်ဆုံးလုပ်မယ်လို့တွေးကြည့်ပါနော်။

လူစုလူဝေးရှောင်မယ်၊ အိမ်ထဲမှာပဲနေမယ်၊ မတတ်သာလို့အပြင်ထွက်လည်း တစ်ယောက်နဲ့တစ်ယောက် ၆ပေခွာမယ်၊ အကာအကွယ်အတတ်နိုင်ဆုံးလုပ်သွားမယ်၊ ပြန်လာတာနဲ့လက်ဆေးမယ်၊ ‌ရေချိုးမယ်၊ အဝတ်အထည်တွေလျှော်ပစ်မယ်၊ အားရှိအောင်နေထိုင်စားသောက်မယ် ဆိုတဲ့ ကိုယ်လုပ်နိုင်တာလေးတွေကိုပဲ အတတ်နိုင်ဆုံး ကြိုးစားလုပ်ကြည့်ရင် မကောင်းဘူးလား။
ဘာလို့ ကိုယ်တွေနိုင်ငံက ဒီလောက်ကူးစက်မှုများနေသလဲ။ ဘာလို့ ကိုယ်တွေနိုင်ငံက ဆေးမဖော်နိုင်တာလဲဆိုတဲ့ ဘေးထိုင်ဘုပြောအပြစ်တွေထင်နေမယ့်အစား လူတိုင်းက ကိုယ်လုပ်နိုင်တာလေးကို အကောင်းဆုံးအစွမ်းကုန်လုပ်မယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။ ဒီသဘောပါပဲ။

You have to do the best with what God gave you. – Mrs. Gump လို့ပြောင်းတွေးကြည့်လိုက်ပါနော်။ အခြားအကြောင်းအရာတွေနဲ့ အခြားသူတွေကို အပြစ်မြင်နေတာက အချိန်လည်းကုန်၊ လေလည်းကုန်၊ လူလည်း စိတ်ဖိစီးပါတယ်။ ကိုယ့်လုပ်နိုင်တာလေးကို အစွမ်းကုန်ကြိုးစားလုပ်ကြည့်လိုက်တာက အရှုံးမရှိသလို၊ အလကားလည်းမဖြစ်ဘူးဆိုတာ တကယ်လုပ်ကြည့်ရင် သိလာပါလိမ့်မယ်။ ကံမကောင်းဘူး၊ မိဘကမထောက်ပံ့နိုင်ဘူး၊ ဘယ်သူကမှ မကူညီဘူး၊ အသိုင်းအဝန်းက ချာနေလို့၊ ဘယ်အပေါင်းအသင်းကမှ လာမကူညီဘူး ဆိုတာမျိုးတွေတွေးနေမယ့်အစား ဘုရားကကိုယ့်ကိုပေးထားသလောက်နဲ့ အကောင်းဆုံးဖြစ်အောင် အစွမ်းကုန်ကြိုးစားကြည့်လိုက်ပါ။ သင်မထိန်းချုပ်နိုင်တဲ့အရာတွေကို ထိုင်ပြီး‌ပြောင်းလဲချင်နေလို့ကတော့ အလကားပါပဲ။ သင်ကိုယ်တိုင်သာ စတင်ပြောင်းလဲလိုက်ပါ။ အဲဒါအသေချာဆုံးပါပဲ။ သင်ကိုယ်တိုင်စတင်ပြောင်းလဲလိုက်တာနဲ့ အခြေအနေတွေမတူတော့ဘူးဆိုတာကို သင်သိလာပါလိမ့်မယ်။
အဲဒါကြောင့်တချို့အခြေအနေတွေမှာ ဘာလို့မဖြစ်နိုင်၇တာလဲလို့တွေးတာထက်စာရင် ကိုယ့်မှာရှိတာလေးနဲ့ အစွမ်းကုန်ကြိုးစားလို့ရတာဘာရှိလဲ။ ဆိုတာလေးပြောင်းတွေးကြည့်လိုက်ပါနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။