ရောက်နေတဲ့နေရာမှာသာ အကောင်းဆုံးရှင်သန်ပါ။

လက်ရှိရောက်နေတဲ့နေရာ၊ လက်ရှိရောက်နေတဲ့အခြေအနေ၊ အနေအထားမျိုးကို မကျေနပ်နိုင်တဲ့ အချို့လူတွေရှိပါတယ်။ အဲဒီလိုလူ အမျိုးအစား ၂မျိုးခွဲနိုင်ပါတယ်။ တစ်မျိုးကတော့ ရောက်နေတဲ့နေရာ၊ ရထားတဲ့အခြေအနေထဲကမှ အဆိုးတွေကိုသာမြင်ပြီး ဆိုးဝါးတယ်ထင်ပြီး အမြဲစိတ်ညစ်နေတယ်လူမျိုးပေါ့။ ဒုတိယလူအမျိုးအစားကတော့ သူတို့လက်ရှိရောက်နေတဲ့နေရာ ၊ အဆင့်အတန်း၊ အခြေအနေ ဘယ်လောက်ကောင်းသည်ဖြစ်စေ (သာမန်အခြေအနေထက်ပိုသာနေတာတောင်မှ) မတင်းတိမ်နိုင်တဲ့သူမျိုးပါ။


ထိုလူ ၂မျိုးက အကြမ်းဖြင်းအားဖြင့်တော့ တူသယောင်ရှိပေမယ့် မတူပါဘူး။ ပထမလူမျိုးကတော့ အဆိုးမြင်စိတ်များပြီး ဘယ်လောက်ကောင်းတဲ့အရာကိုမှမမြင်နိုင်ဘဲ “ ငါ့ဘဝက ဆိုးလှချည်လား၊ ငါ့ဘဝက ဘာမှမလုပ်နိုင်ပါလား၊ ငါက ညံ့လှချည်းလား” စသဖြင့် ကိုယ်မလုပ်နိုင်တာကိုသာ မြင်ပြီး စိတ်ဆင်းရဲခံနေတဲ့သူမျိုးပေါ့။ အဲဒီလိုလူမျိုးတွေက သူတို့လတ်တလောအခြေအနေမှာ သူတို့လုပ်နိုင်တဲ့ အကောင်းဆုံးတွေ၊ သူတို့ကြိုးစားနိုင်တဲ့အခြေအနေတွေ၊ အခွင့်အရေးတွေကို မမြင်နိုင်တော့ပါဘူး။ တနည်းအားဖြင့် ကိုယ်တိုင် control မလုပ်နိုင်တဲ့အခြေအနေကိုသာ မြင်ပြီး စိတ်ညစ်နေတဲ့သူပါ။ လက်ရှိအချိန်မှာ ကိုယ် control မလုပ်နိုင်တဲ့ စိတ်ဆင်းရဲစရာတွေချည်းတွေးပြီး စိတ်ညစ်နေတာနဲ့တင် ကိုယ် control လုပ်နိုင်တဲ့အရာတွေလုပ်ဖို့ အချိန်ကုန် အလကားကုန်သွားပါတယ်။
ဒုတိယလူအမျိုးအစားကတော့ ရှိပြီးသားအခြေအနေက ကိုယ့်အတွက် အကောင်းဆုံးဖြစ်နေတာတောင်မှ မတင်းတိမ်နိုင်ဘဲ အမြဲဖြစ်ချင်စိတ်တွေနဲ့ပူလောင်နေတာဖြစ်ပါတယ်။ အဲဒီ့အခါမှာ ခုလတ်တလောအချိန်မှာ လောဘကြောင့်ပူလောင်နေတာနဲ့တင်အချိန်ကုန်သွားပါတယ်။ ဖြစ်ချင်စိတ်အရမ်းများပြီး စိတ်ဖိစီးမှုတွေများနေပြန်ပါတယ်။

တကယ်တမ်းက အဲဒီ့လိုဖြစ်နေတဲ့ လူအမျိုးအစား ၂မျိုးလုံးက လတ်တလောအချိန်ကုန်သွားသလို၊ အမြဲပူလောင်နေပါတော့တယ်။
အချို့လူငယ်တွေညည်းညူကြတာလည်း ကြားဖူးပါတယ်။ “ဒီအလုပ်ကြီးကို စိတ်မဝင်စားဘူး၊ စိတ်မပါဘဲနဲ့ အလုပ်ကို လစာရရုံသက်သက် စားဝတ်နေရေးအဆင်ပြေအောင်လုပ်နေရတာ” ဆိုတာမျိုးပါ။
အဲဒီလို စိတ်မပါဘဲ အလုပ်တစ်ခုကိုလုပ်နေတဲ့အခါ အရုပ်တစ်ရုပ်လို ထမင်းစားရရုံပြီးရောလို့တွေးပြီး လုပ်နေမယ်ဆိုရင် တဖြည်းဖြည်း ထိုလူရဲ့စွမ်းရည်တွေတုံးလာနိုင်ပါတယ်။ အဲဒါအပြင် ဘယ်နယ်ပယ်မှာမဆို စိတ်မပါဘဲအလုပ်လုပ်နေခြင်းက စိတ်ညစ်ညူးစေပါတယ်။ စိတ်ညစ်ပြီး စိတ်မတက်ကြွတဲ့အခါ အတွေးသစ်အမြင်သစ်တွေလည်း မတိုးပွားတော့ဘဲ အချိန်အလကားကုန်သွားပါတယ်။

အချိန်တွေကုန်လာလေ အသက်ကြီးလာပြီး စွမ်းရည်မတိုးတဲ့လူဖြစ်လာလေလေပါပဲ။ အဲဒီအခါ ဘယ်နေရာမှာမှမတိုးတက်တော့ပါဘူး။
“If you look for perfection, you’ll never be content.” ဆိုတဲ့ Leo Tolstoy ပြောတဲ့စကားလိုပါပဲ။ ပြီးပြည်စုံမှုဆိုတာ ဘယ်နေရာမှာမှ မရှိနိုင်ပါဘူး။ ပြီးပြည့်စုံမှုကိုသာ ရှာနေရင်တော့ သင်ဘယ်တော့မှ ကျေနပ်ရမှာမဟုတ်ပါဘူး။ အဓိကကတော့ လက်ရှိရှင်သန်နေတဲ့ဘဝမှာ အကောင်းဆုံးဖြစ်အောင် ရှင်သန်ဖို့သာ အရေးကြီးတာပါ။ ခုလက်ရှိ သင်ရှင်သန်နေတဲ့ဘဝက ဘာဖြစ်ဖြစ်ပါ၊ စိတ်ညစ်တာ၊ စိတ်ဆင်းရဲတာ၊ စိတ်မဝင်စားတာတွေအားလုံးကို မေ့ထားပြီး ဘာလုပ်လုပ်အကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ထားသင့်ပါတယ်။ အဲဒါမှ စိတ်မပါတဲ့အလုပ်ပေမယ့် အများထက်ပိုသာအောင်လုပ်မယ်၊ ပိုကြိုးစားမယ်ဆိုတဲ့စိတ်လေးထားပါ။ အဲဒီ့စိတ်က ကိုယ့်ကိုယ်ပြန်ပြီးအကျိုးပေးမှာဖြစ်ပါတယ်။ “ဒီအလုပ်ကြီးက ကိုယ့်ရထားတဲ့ဘွဲ့လက်မှတ်နဲ့ ဘာမှမဆိုင်တာ” “ဒီအလုပ်က ကိုယ်ဝါသနာပါတဲ့အလုပ်မှမဟုတ်တာ” “ဒီအလုပ်ကို ခဏပဲလုပ်မှာ အသက်မွေးဝမ်းကျောင်းအဖြစ် မရည်ရွယ်ဘူး၊ အချိန်တန် ထွက်မှာပဲ” ဆိုတဲ့စိတ်ထားမျိုးတွေ ထားလိုက်တာနဲ့တပြိုင်နက် သင့်စိတ်ထဲမှာ အကောင်းဆုံးကြိုးစားပြီးလုပ်ဆောင်မယ်ဆိုတဲ့စိတ်ထက် သာမန်ကာလျှံကာ၊ အဖြစ်သက်သက်လုပ်ဖို့သာ တွေးပါလိမ့်မယ်၊ အဲဒီ့အခါ သင့်ရဲ့လုပ်ဆောင်ထားသမျှဟာ အချိန်ကုန်ရုံသာရှိပြီး ဘာမှထူးခြားတဲ့အကျိုးရလဒ်ရမလာနိုင်ပါဘူး။ အဲဒီ့စိတ်ထားလိုက်တာနဲ့တပြိုင်တည်း သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်ဟာ အလကားကုန်ဆုံးသွားတာပါ။

အဲဒါကြောင့် ကိုယ်ဘယ်လောက်မနှစ်သက်တဲ့ဘဝဖြစ်ဖြစ်၊ ကိုယ်စိတ်မဝင်စားတဲ့အသက်မွေးဝမ်းကျောင်းဖြစ်ဖြစ်၊ ကိုယ်အတွက် ခဏတဖြုတ်အသက်မွေးတာပဲဖြစ်ဖြစ်၊ ကိုယ်ရထားတဲ့အခြေအနေတစ်ခုမှာ အချိန်ကုန်ရကျိုးနပ်စေဖို့ အကောင်းဆုံးကြိုးစားမယ်၊ အကောင်းဆုံးရှင်သန်မယ်လို့တွေးပြီး အကောင်းဆုံးဖန်တီးပါ။ အဲဒီ့က ထွက်လာတဲ့ရလဒ်က အကောင်းဆုံးမဟုတ်တောင် အဆိုးတော့မဖြစ်နိုင်တော့ပါဘူး။ အဲဒီ့အခါ သင်လည်းအချိန်ကုန်ရကျိုးနပ်သလို၊ သင်လုပ်နိုင်တယ်ဆိုတဲ့ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုတိုးလာစေပါတယ်။ ပြောချင်တာက တနည်းအားဖြင့် ကိုယ်လက်ရှိရှင်သန်နေရတဲ့ဘဝကို ပျော်ရွှင်သည်ဖြစ်စေ၊ မပျော်ရွှင်သည်ဖြစ်စေ အကောင်းဆုံးရှင်သန်ဖို့ပါပဲ။
ကိုယ်က အခြားသူလောက် မအောင်မြင်သေးပါလား၊ အခြားသူတွေလောက် အဆင့်မမြင့်သေးပါလားလို့ ထိုင်တွေးပြီး ပူပန်နေတာထက် လက်ရှိအချိန်ကို ကောင်းကောင်းအသုံးချလိုက်တာက ပိုပြီးအကျိုးရှိစေပါတယ်။ အဆိုးဆုံးဥပမာပြရရင်
သူတောင်းစားဘဝနဲ့မွေးလာခဲ့ရင်တောင် အဲဒါက ကိုယ်ရွေးချယ်ခွင့်မရှိတဲ့အရာပါ။ ဒါပေမယ့်
တစ်သက်လုံးထိုဘဝကိုရထားတာကို ယူကြုံးမရဖြစ်ပြီး ထိုင်ငိုင်နေမလား၊ အချိန်ကုန်ရုံပဲရှိပြီး သင့်ဘဝတိုးတက်လာမှာမဟုတ်ပါဘူး။ ထိုဘဝကနေ ဘာတွေကြိုးစားလို့ရမလဲဆိုတာကိုအာရုံစိုက်ပြီး ထိုဘဝထက်သာအောင်အကောင်းဆုံးကြိုးစားသွားမလား၊ ထိုဘဝအတိုင်းနေမလားဆိုတာကတော့ သင်ရွေးချယ်ခွင့်ရှိပါတယ်။

ကိုယ်က အတန်သင့်စားနိုင်သောက်နိုင်အခြေအနေမျိုးဆိုရင်လည်း အခြားကိုယ့်ထက်မြင့်မားတဲ့လူတွေဘဝကို ကြည့်ပြီး “ငါ့ဘဝက ဆိုးလှချည်လား…သူတို့လို ဘယ်တော့မှဖြစ်နိုင်မှာမဟုတ်ပါဘူး” လို့ စိတ်ဓာတ်ကျနေရုံနဲ့တော့ အချိန်ကုန်ရုံပဲရှိမှာပေါ့။ ခုလက်ရှိရထားတဲ့ဘဝကို အကောင်းဆုံးကြိုးစားလိုက်ရင်မှ အခြေအနေတစ်ခုဖြစ်လာနိုင်ပါသေးတယ်။
“Everything in your life is a reflection of a choice you have made. If you want a different result make a different choice” တဲ့။ သင့်ဘဝက သင်ရွေးချယ်မှုရဲ့ရောင်ပြန်ဟပ်တာပါပဲ။ မတူညီတဲ့ရလဒ်လိုချင်ရင် မတူညီတဲ့ရွေးချယ်မှုရွေးပေါ့။ ခုလက်ရှိဘဝကို စိတ်ညစ်တယ်၊ အားမရဘူး၊ စိတ်မဝင်စားဘူးဆိုရင် အဲဒါကိုပဲသင်ရွေးချယ်မလား၊ အဲဒီ့အခြေအနေကိုကျော်လွှားပြီး သင်လိုချင်တဲ့အရာကိုရအောင်လုပ်မလားဆိုတာ သင်ရွေးချယ်ရမှာပါ။ မလိုချင်တဲ့ဘဝကို ဆုပ်ကိုင်ထားပြီး လိုချင်တဲ့ဘဝကို ရအောင်ကြိုးစားလို့ရပါတယ်။ အဓိကကတော့ သင်ကိုယ်တိုင်ပါပဲ။ သင်ရရှိထားတဲ့၊ သင်ခုလက်ရှိရောက်နေတဲ့နေရာမှာသာ အကောင်းဆုံးဖြစ်အောင်ရှင်သန်ပါ။ သင့်ခြေလှမ်းတိုင်းကို အကောင်းဆုံးဖြစ်အောင်ဆိုတဲ့စိတ်နဲ့ လျှောက်လှမ်းပါ။ သင့်ဘ၀ ရှေ့ရောက်လာပါလိမ့်မယ်လို့ တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။