working mom တွေကို စာနာနားလည်ပေးပါ

မိခင်ဘဝဆိုတာ အရမ်းကို ပင်ပန်းပြီး ဖိစီးမှုများတဲ့ ဘဝဖြစ်ပါတယ်။ ဝင်ငွေမရှာဖွေနိုင်ဘဲ အိမ်မှုကိစ္စချည်းလုပ်ပေးရတဲ့ အိမ်ရှင်မနဲ့ အိမ်အတွက် ဝင်ငွေကူရှာပေးနိုင်တဲ့အိမ်ရှင်မဆိုပြီး ၂မျိုးခွဲနိုင်ပေမယ့် ဖိစီးမှုများတာချင်းကတော့ အတူတူပါပဲ။ အိမ်ရှင်မဆိုကတည်းက ဝင်ငွေရှာနိုင်တာထက် အိမ်ရဲ့အလုပ်မှန်သမျှသည် သူမနဲ့သာသက်ဆိုင်သောအလုပ်ဆိုပြီး မြင်ကြတာများပါတယ်။ (အကုန်လုံးကိုတော့ မဆိုလိုပါဘူး၊ မျှမျှတတမြင်တတ်တဲ့အိမ်မျိုးလည်း ရှိမှာပါ) အိမ်ထောင်ဦးစီးဖြစ်သူက အလုပ်သွားပြီး ပြန်လာတာနဲ့ အိမ်ရဲ့ကိစ္စမှန်သမျှ အိမ်ရှင်မကိစ္စတွေချည်းလို့သာ မြင်ပြီး ဘာမှဝိုင်းမကူဘဲ နေတတ်ကြတာမျိုးကြုံဖူးမှာပါ။ တကယ်တော့ အိမ်မှုကိစ္စဆိုတာ ခေါင်းစဉ်တပ်စရာသာ မရှိပေမယ့် တာဝန်သိရင်သိတတ်သလောက် မကုန်ဆုံးနိုင်တဲ့အလုပ်ပါ။


အပြင်မှာဝင်ငွေရှာရတဲ့အလုပ်ကမှ အလုပ်ချိန်ပြီးလျှင်တောင် အိမ်ပြန်ချိန်မှာ နားရင်နားရအုံးမှာပါ။ (သဘောတရားပြောပြတာပါနော်)
အိမ်အလုပ်ကတော့ အမြင်မတော်တာမှန်သမျှ အကုန်လုံးလိုက်လုပ်နေရလို့ မကုန်ကိုမကုန်နိုင်ပါဘူး။ အိမ်မှာ လူများလေ ပိုဆိုးလေပါပဲ။ ဒီတစ်ယောက်က ဖွသွားလိုက်၊ ပစ်သွားလိုက်၊ ဟိုတစ်ယောက်က ပစ်ချခဲ့လိုက်နဲ့ အကုန်လုံးကို အိမ်ရှင်မဖြစ်သူကသာ လိုက်လုပ်နေရတာမို့ အိမ်ရှင်မအလုပ်က မစားသာပါဘူးနော်။
အမျိုးသားနဲ့ အမျိုးသမီးမှာ အမျိုးသားတွေထက် အမျိုးသမီးတွေက စိဖီးမှုကို ပိုပြီး ခံနိုင်စွမ်းရှိကြပါတယ်။ အဲဒါကြောင့် အမျိုးသမီးတွေက ဖိစီးမှုမှန်သမျှကို ခေါင်းထဲမှာ အကန့်ခွဲပြီးထည့်ထားနိုင်ကြပါတယ်။ ဒါပေမယ့် ဘယ်လူကမှ super womenရယ်လို့ မရှိတဲ့အတွက် သူတို့သည်လည်းပဲ သူများထက် ပိုပြီးဖိစီးမှုကိုထွေးပိုက်ထားရလို့ ဖိစီးစရာရှိရင် သူများထက်ပိုပြီး ဖိစီးမယ်ဆိုတာ အိမ်ထောင်ရှင်အမျိုးသားတွေနားလည်ပေးသင့်ပါတယ်။
- ပိုပြီး ပင်ပန်းတတ်ကြပါတယ်။
အိမ်မှုကိစ္စအလုပ်ကများရတဲ့ကြားထဲ အလုပ်လုပ်ရတဲ့အတွက် အလုပ်ခွင်က ဖိအားဒဏ်လည်း ခံရမှာပါ။ အဲဒါအပြင် အိမ်ပြန်ရောက်တဲ့အခါ အိမ်မှုကိစ္စလုပ်ကိုင်ပေးမယ့်သူရှိရင် သက်သာပေမယ့် အိမ်ရောက်မှ ထမင်းဟင်းချက်၊ အိမ်ရှင်း၊ အဝတ်ပြန်လျှော်လုပ်ရတဲ့ အခါ သူမတို့ဘဝကို စဉ်းစားပေးကြည့်ကြပါနော်။ “ငါကတော့ အိမ်ထောင်ဦးစီး ဝင်ငွေရအောင်ရှာပေးရတာမို့ အိမ်ရောက်ရင်အနားယူဖို့ပဲ၊ အိမ်မှုကိစ္စက အိမ်ရှင်မကိစ္စ” ဆိုပြီးတွေးလို့ အလုပ်ကပြန်လာတာချင်းအတူတူ သင်ကတော့ ထိုင်ပြီးအနားယူနေတာမျိုး မဖြစ်စေပါနဲ့နော်။ သင့်အမျိုးသမီးကတော့ ထပ်ပြီး အိမ်ရှင်း၊ ကြမ်းတိုက်၊ ထမင်းဟင်းချက်၊ သင်စားသမျှ ပန်းကန်တွေဆေး၊ အဝတ်တွေ မီးပူတိုက်ဆိုရင် တရားပါရဲ့လား။ အလုပ်ကိစ္စအတွက် ပင်ပန်းသလို၊ အိမ်မှုကိစ္စကိုပါတခါထပ်ပြီးတာဝန်ယူရလို့ ပိုပင်ပန်းပါတယ်။ အဲဒါအပြင် ကလေးရဲ့တာဝန်၊ ဝေယျာဝစ္စတွေကိုပါ ထပ်ပြီး အိမ်ရှင်မရဲ့ကိစ္စပဲဆိုပြီး တာဝန်ယူရတဲ့အခါ ပိုပြီး ပင်ပန်းရပါတယ်။
သူမက ပိုပင်ပန်းရတယ်ဆို သင်ကပိုပြီး သိတတ်ပေးဖို့လိုပါတယ်။
- ပိုပြီး နားလည်ပေးဖို့လိုပါတယ်။
အလုပ်မှာ အလုပ်ဖိအား၊ အိမ်ရောက်တော့ အိမ်အလုပ်တွေရဲ့ဖိအား၊ ကလေးရဲ့တာဝန်ဖိအား၊ အမျိုးသားရဲ့ဝေယျာဝစ္စ စတဲ့ဖိအားအထွေထွေအောက်မှာ သူမကိုသူမအချိန်မပေးနိုင်တဲ့အခါ အလိုလိုနေရင်း စိတ်တိုဒေါသထွက်နေတာမျိုးတွေ၊ ဒါမှမဟုတ် ကိစ္စသေးသေးလေးကိုတောင် အကြီးအကျယ်ဒေါသထွက်မိနေတာမျိုးတွေ စတဲ့ပြဿနာတွေခံစားလာရနိုင်ပါတယ်။ အဲဒါကြောင့် သူမကို ပိုပြီး နားလည်ပေးဖို့လိုအပ်ပါတယ်။ သူမအတွက် အနားယူချိန်သပ်သပ်လေး ပေးဖို့လိုပြီး သင်က အလုပ်ပြီးတဲ့အချိန် သူမကို ကူညီပေးခြင်းဖြင့် သူမရဲ့စိတ်ရော ကိုယ်ပါ အနားယူနိုင်အောင် နားလည်နိုင်ဖို့လိုပါတယ်။
- ပိုပြီးဖေးမကူညီပေးဖို့လိုပါတယ်။
သင်ရဲ့အိမ်ဝင်ငွေကို မျှတစွာရအောင် သူမကပါကူညီရှာဖွေပေးနေတယ်ဆိုရင် သင်ကပိုပြီးတောင် သူမအပေါ်သိတတ်ရပါအုံးမယ်။ မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုတဲ့အတိုင်း သင်ကပါ အိမ်အလုပ်တွေ ဝိုင်းကူလုပ်ပေးလိုက်တဲ့အခါ သူမလဲသက်သာသွားသလို အလုပ်တွေလည်းမြန်မြန်ပြီးသွားမှာပါ။ သူမကလည်း သင့်အပေါ်အချစ်တွေတိုးလာပါလိမ့်မယ်။ သင်တို့အိမ်ထောင်ရေးလည်း ဒီထက်ပိုပြီးသာယာလာပါလိမ့်မယ်။
သင့်အမျိုးသမီးကို ချစ်ခင်နှစ်သက်စွာနဲ့ သင်ကိုယ်တိုင်မေတ္တာရှိစွာလက်ထပ်ခဲ့တာဆိုရင် သင့်အမျိုးသမီးတွေရဲ့တာဝန်ကို အတူဖေးမပေးခြင်းဟာလည်း သင့်တို့အိမ်ထောင်ရေးကိုပိုသာယာလာစေသလို၊ အိမ်မှုကိစ္စဆိုတာ အိမ်ရှင်မနဲ့သာသက်ဆိုင်တယ်ဆိုတဲ့အမြင်ကြီးကို ဒီနေ့ကစပြီး မေ့ထားလိုက်ပါ။ လောကကြီးမှာ အားလုံးမျှမျှတတရှိကြတဲ့အခါ လောကကြီးက ထင်တာထက်တောင် ပိုပြီးလှပလာတာကို သင်တွေ့ရမှာပါ။
အလုပ်လုပ်ရတဲ့အိမ်ထောင်ရှင်မိခင်က ပိုပြီးတော့တောင် ဖိအားတွေကို ခံရပါသေးတယ်။ အဲဒါကြောင့် carrer mom တွေကို စာနာ နားလည်ပေးချင်စိတ်နဲ့ ဒီဆောင်းပါးကိုရေးသားမျှဝေလိုက်ပါတယ်။ အားလုံးပဲ မျှမျှတတ တာဝန်ယူနိုင်ကြပါစေ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။