Work From Home မှာ အမြဲ productivity ဖြစ်စေဖို့ လုပ်သင့်တဲ့ အကျင့်ကောင်း‌‌လေးများ

အခုကာလမှာတော်တော်များများ Work From Home ဖြစ်နေကြပြီထင်ပါတယ်နော်။ အိမ်ကနေအလုပ်လုပ်ရတဲ့အခါ ပုံမှန်ရုံးမှာ ရုံးအချိန်အတိုင်းအလုပ်လုပ်သလိုသီးသန့်မဖြစ်ဘဲ အိမ်အလုပ်တွေကို မြင်ပြီး အိမ်အလုပ်တွေနဲ့ ရုံးအလုပ်ရောထွေးနေတာမျိုးတွေဖြစ်ဖူးကြမှာပါနော်။ ရုံးမှာလို ရုံးချိန်ရောက်တာနဲ့ ရုံးစားပွဲမှာထိုင်ပြီး အလုပ်သီးသန့်လုပ်ရတာမဟုတ်တဲ့အခါ အခက်အခဲတွေတော့ရှိကြမှာပါ။ အဲဒါကြောင့် ရုံးအလုပ်လစ်ဟင်းတာမျိုး၊ အိမ်အလုပ်တွေပုံနေတာမျိုးမဖြစ်ရအောင် အောက်ပါအချက်တွေအတိုင်းလိုက်နာကြည့်ပါနော်။


၁) ပုံမှန်ရုံးချိန်၊ ရုံးသွားသလို ပြင်ဆင်ပါ။
အိမ်မှာနေတာပဲဆိုပြီး အေးဆေးမလုပ်ပါနဲ့။ ပုံမှန်ရုံးသွားချိန်လို ရုံးချိန်အမီ အိမ်အလုပ်တွေကို ကြိုလုပ်ထားလိုက်ပါ။ အဲဒါမှာ ရုံးချိန်စတာနဲ့ရုံးအလုပ်ကိုစတင်ဖို့ အသင့်ဖြစ်နေမှာဖြစ်သလို ရုံးချိန်မစတင်ခင်မှာလည်း လုပ်စရာရှိတဲ့အိမ်အလုပ်ကိုအပြီးလုပ်ထားနိုင်မှာပါ။

၂) ရုံးချိန်စတာနဲ့ အလုပ်စားပွဲအဖြစ်သတ်မှတ်နေရာမှာရောက်နေပါစေ။
ရုံးချိန်စပြီဆိုတာနဲ့ ကိုယ်အလုပ်လုပ်မယ့်စားပွဲကို မဖြစ်မနေ စထိုင်ပါ။ အိမ်ရှိလူအကုန်ကိုလည်း အလုပ်လုပ်တော့မယ်ဆိုတဲ့အကြောင်း တခါတည်းပြောထားလိုက်ပါ။ ဒါမှာ “ဟိုအလုပ်ကူလုပ်ခိုင်း၊ဒီအလုပ်လာကူခိုင်း” မဖြစ်အောင်လို့ပါ။

၃) အလုပ်ခွင်စစခြင်းမှာ တစ်နေ့တာလုံးအတွက် အရေးကြီးတာ စလုပ်ပါ။
အလုပ်စားပွဲမှာထိုင်ပြီးရုံးချိန်စပြီဆိုတာနဲ့ တစ်နေ့တာလုံးလုပ်စရာကို အရေးကြီးတာနဲ့အရေးမကြီးတာ စီစဥ်ဆွဲပြီး စတင်လုပ်ဆောင်ပါ။ အလုပ်နဲ့ပတ်သက်တာတွေသာ စဥ်းစားပါ၊ စီစဥ်ပါ။

၄) အမြင်မတော်တဲ့ အိမ်အလုပ်တွေလုပ် ရင်းအချိန်မကုန်ဖို့ သတိထားပါ။
မတော်တဆ အလုပ်စားပွဲကနေ ခါးဆန့်ခြေဆန့် အညောင်းအညာပြေလမ်းလျှောက်တဲ့အခါမှာလည်း ကိုယ့်စိတ်ကို ကိုယ်တိုင်သတိပေးပါ။ အမြင်မတော်လည်း မလုပ်ဘူး၊ အလုပ်ကို အလုပ်ချိန်အတွင်းပြီးအောင်လုပ်မယ်လို ဆုံးဖြတ်ထားပါ။

၅) အလုပ်စားပွဲကို နေ့တိုင်းရှင်းလင်းပါ။
ပုံမှန်ရုံးတက်သလိုပေါ့ ညနေရုံးဆင်းချိန်မတိုင်မီ ကိုယ့်အလုပ်စားပွဲကို သေချာပြန်ပြီးရှင်းလင်းသွားပါ။ အလုပ်ချိန်အတွင်းမှာ အလုပ်ကို မဖြစ်မနေလုပ်မယ်လို့ ဆုံးဖြတ်ထားပါ။

၆) ပုံမှန်အလုပ်ချိန်အတွင်း ပြီးဆုံးသင့်တဲ့အလုပ်သတ်မှတ်ထားပါ။
ပုံမှန်အလုပ်ချိန်အတွင်း ပြီးဆုံးရမယ့်အလုပ်တွေကို မနက်အလုပ်ချိန်စတင်ကတည်းက သတ်မှတ်ထားပါ။ သတ်မှတ်ထားသမျှအလုပ်တွေအကုန်ပြီးဆုံးအောင်လုပ်ပါ။ ခဏတဖြုတ်အညောင်းဆန့်တာကလွဲရင် တခြား ဖုန်းသုံးတာ၊ အိမ်က အမြင်မတော်တဲ့အလုပ်တွေလျှောက်လုပ်တာမျိုးတွေ လုံးဝမလုပ်မိပါစေနဲ့။

၇) အလုပ်ချိန်ပြီးမှ အိမ်အလုပ်တွေပြန်စပါ။
အလုပ်ချိန်ပြီးတဲ့အခါ သတ်မှတ်ထားတဲ့အလုပ်တွေအကုန်မပြီးရင်တောင် အရေးကြီးတာတွေ သေချာပြီးဆုံးသွားအောင်လုပ်သင့်ပါတယ်။ အလုပ်ချိန်ပြီးမှ လုပ်ရမယ့်အိမ်အလုပ်တွေ၊ အမြင်မတောတာတွေကို ပြန်လုပ်ဖို့ စတင်လိုက်ပါ။
တချို့ကလေးရှိတဲ့မိခင်တွေဆိုရင် ပိုပြီး အလုပ်နဲ့အိမ်အလုပ်ကရောထွေးနေပါလိမ့်မယ်။ အဲဒါကြောင့် ဖော်ပြထားတဲ့ အချက်တွေ အကုန်လုံးအဆင်မပြေရင်တောင် ကိုယ်နဲ့အဆင်ပြေမယ့်အချက်လေးတော့ လိုက်နာကျင့်သုံးနိုင်အောင်ဖော်ပြပေးလိုက်ပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။