University ကျောင်းသားများအတွက် ကျန်းမာရေး အကြုံပြုချက်များ

တစ်ချို့သော တက္ကသိုလ်ကျောင်းသားတွေက မိဘမောင်နှမနဲ့ခွဲပြီး အဝေးတစ်နေရာမှာ ကျောင်းသွားတက်ကြတာမျိုးရှိပါတယ်။ အဲဒီ့အခါ ကိုယ့်ကို အရေးတယူဂရုစိုက်ပေးမယ့် မိဘဆွေမျိုးနဲ့ မနီးစပ်တဲ့အတွက် ကိုယ့်ကိုကိုယ်သာ အစစဂရုစိုက်ကြရပါတယ်။ အဲဒါကြောင့် မိဘနဲ့အဝေးမှာရောက်နေရမယ့် တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး သတိထားသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။


၁) အိမ်မှာနေစဉ်ကတည်းက အခြေခံအချက်အပြုတ်သင်ထားပါ။
အဝေးမှာကျောင်းသွားတက်တဲ့အခါ အပြင်စာတွေဝယ်စားတာက ကျန်းမာရေးနဲ့မညီညွှတ်နိုင်ပါဘူး။ အမြဲတစေ ဝယ်မစားဘဲ တခါတလေ ကျန်းမာရေးနဲ့ညီညွှတ်တာမျိုးလေးတွေ ချက်ပြုတ်စားတတ်အောင် အိမ်မှာကတည်းက ကြိုသင်ထားတာပိုကောင်းပါတယ်။ များသောအားဖြင့်က အပြင်မှာဝယ်စားကြတာများပေမယ့် ကိုယ့်အမေရဲ့လက်ရာကို အရမ်းတမ်းတလာတာမျိုးဖြစ်လာတဲ့အခါ ကိုယ့်အမေနဲ့အချက်အပြုတ်ကိုလက်ထပ်သင်ထားမိတာက အလဟဿမဖြစ်နိုင်ပါဘူးနော်။ အဲဒါအပြင် ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။
၂) မနက်စောစောထပါ။
အိမ်မှာလို အမေ့က အားလုံးအဆင်သင့်ပြင်ဆင်ပေးထားမှာမဟုတ်ပါဘူး။ နောက်နေ့အတွက်ဘာလုပ်ရမယ်၊ ဘာတွေပြင်ဆင်ရမယ်ဆိုတာ မနက်စောစောထပြီး စီစဉ်သင့်ပါတယ်။ မနက်စောစောထခြင်းက သင့်ဦးနှောက်ကို ကြည်လင်လန်းဆန်းစေပြီး တစ်နေ့တာလုံး တက်ကြွစေပါတယ်။ အလောတကြီးနဲ့ လုပ်ခြင်းတွေကြောင့် အမှားများတာတွေကနေလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။
၃) နံနက်စာစားပါ။
အိမ်မှာနေစဉ်ကမှ အမေလုပ်သူက အတင်းနိုးလို့ဖြစ်ဖြစ်၊ အတင်းကျွေးလို့ဖြစ်ဖြစ် မနက်စာစားဖြစ်အုံးမှာပါ။ ကိုယ်တစ်ယောက်တည်းကျရင်တော့ ဘယ်သူကမှ တိုက်တွန်းတော့မှာမဟုတ်ပါဘူး။ တစ်နေ့တာလုံးခွန်အားပြည့်ဝစေဖို့ မနက်စာကိုတော့ ဝလင်အောင်စားသင့်ပါတယ်။ မနက်စာကောင်းကောင်းစားထားမှသာ သင့်ရဲ့တစ်နေ့တာလုံးမှာ အာရုံစူးစိုက်မှုကောင်းစွာနဲ့ သင်ခန်းစာတွေကို လေ့လာသင်ယူနိုင်မှာပါ။
၄) ကျန်းမာရေးနဲ့ညီညွှတ်တာကိုသာ ရွေးချယ်စားသောက်ပါ။
အိမ်မှာဆို အမေက ကျန်းမာရေးနဲ့ညီညွှတ်အောင် အမြဲလုပ်ကျွေးနေကျဖြစ်မှာပါ။ အိမ်ကနေကျောင်းတက်ရတဲ့သူတွေအတွက် သိပ်ပြီး ပြဿနာမဟုတ်ပေမယ့် အိမ်နဲ့အဝေးမှာ ကျောင်းတက်ရသူတွေအတွက်ကတော့ ကိုယ့်ဟာကိုယ်သာ ဂရုတစိုက်နဲ့ ကျန်းမာရေးကောင်းစေတဲ့အစားအသောက်တွေကို ရွေးချယ်စားသောက်မှဖြစ်မှာပါ။ ကျန်းမာမှ ကျောင်းသင်ခန်းစာတွေကို လိုက်နိုင်မှာပါ။ ရိုးရိုးလေးပဲတွေးကြည့်ပါ…..မကျန်းမာလို့ အတန်းပျက်တော့ သင်ခန်းစာကိုမထိခိုက်နိုင်ဘူးလား။ အနားမှာ ဖေးမကူညီမယ့်သူမရှိတော့ စိတ်ဓာတ်ပါ ကျလွယ်နိုင်တာပေါ့။ အဲဒါကြောင့် ကိုယ်ရော၊ စိတ်ပါကျန်းမာဖို့ ကျန်းမာရေးနဲ့ညီညွှတ်တာသာ ရွေးချယ်စားသောက်ဖို့ အရေးကြီးပါတယ်နော်။
၅) ငွေကို မကုန်သင့်တာမကုန်အောင် ဂရုစိုက်ပါ။
ကျန်းမာရေးအတွက် အကြံပေးတာ ငွေနဲ့မဆိုင်ဘူးလို့ မထင်ပါနဲနော်။ အဝေးမှာကျောင်းတက်ရတဲ့အခါ လက်ထဲရှိတဲ့ငွေကို မကုန်သင့်တဲ့နေရာမှမကုန်အောင် ချင့်သုံးတာအကောင်းဆုံးပါ။ ကိုယ့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့နေရာမျိုးမှာ ငွေသုံးဖို အဓိကမှတ်ထားပါ။ ဥပမာ။ ကျန်းမာရေးနဲ့ညီညွှတ်တာမျိုးဆို ငွေကုန်မှာမနှမြောပဲ သုံးပေါ့။ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ အပျော်အပါးအတွက်ဆို ငွေတွေ ကုန်သွားမှာမျိုးကိုတော့ နှမြောသင့်ပါတယ်။ အိမ်နဲ့လည်း ဝေးနေတဲ့အတွက် လက်ထဲမှာ ငွေကုန်သွားတဲ့အခါ ကိုယ်ပဲ စိတ်ဖိစီးမှုတွေနဲ့ ဒုက္ခရောက် ပူပန်နေရမှာမဟုတ်လား။
၆) အိပ်ချိန်ကို ဂရုစိုက်ပါ။
တစ်ယောက်တည်းရပ်တည်နေရတဲ့အခါ ကျန်းမာရေးနဲ ညီညွှတ်ဖို့ ကိုယ့်ရဲ့အိပ်ချိန်၊ စားချိန်ကို အထူးဂရုပြုဖို့လိုပါတယ်။ ပုံမှန်အိပ်ချိန်သတ်မှတ်ပြီးအိပ်တာက ကျန်းမာရေးနဲ့ညီညွှတ်စေပါတယ်။ အိမ်မှာအမေနဲ့နေတုန်းကလို ညဘက် ညည့်နက်အောင် ဂိမ်းဆော့နေတာမျိုး၊ မနက်ကျောင်းသွားခါနီးမှ အမေက မရအရနိုးမှာမဟုတ်တော့ပါဘူး။ အဲဒါကြောင့် ညဘက် ညည့်နက်အောင်နေတာမျိုးမလုပ်ဘဲ ညဘက်ကို ပုံမှန်အိပ်ချိန်တစ်ခုသတ်မှတ်ထားပါ။ စာကြည့်ချိန်ပြီးတာနဲ့ လုပ်စရာရှိတာလေးတွေလုပ်ပြီးရင် အိပ်ချိန်ကိုပုံမှန်အိပ်ပါ။ အဲဒါက မနက်ကိုစောစောထဖို့လည်း အထောက်အကူပြုပါတယ်။
၇) ရေသောက်ဖို့ မမေ့ပါနဲ့။
အက်မင်တို့လို လူမျိုးတွေကျတော့ လုပ်ချင်တာလုပ်နေရရင် ရေသောက်ဖို့တောင် သတိမရတတ်တဲ့သူမျိုးပါ။ ရေသောက်နည်းခြင်းက ကျန်းမာရေးအတွက် မကောင်းပါဘူး။ ပြီးတော့ စာလုပ်ရင်းအိပ်ငိုက်တာမျိုးသက်သာစေဖို့ ကဖင်းဓာတ်ပါတဲ့အချိုရည်တွေ၊ ကော်ဖီ၊လက်ဖက်ရည်သောက်တတ်တာက ထုံးစံတစ်ခုလိုဖြစ်နေပါသေးတယ်။ ကဖင်းဓာတ်ပါတဲ့သောက်စရာတွေက ရေဓာတ်ကို ခမ်းခြောက်စေပါတယ်။ အဲဒါကြောင့် ကဖင်းဓာတ်ပါတဲ့သောက်စရာတွေလျော့သောက်ပါ။ ရေဘူးတစ်ဘူးလောက်ကို သွားလေရာကို သယ်ဆောင်သွားပါ။
၈) လေ့ကျင့်ခန်းလုပ်ပါ။
ကိုယ်ကျန်းမာဖို့အတွက် လေ့ကျင့်ခန်းလုပ်ဖို့လိုပါတယ်။ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်ဖို့မဟုတ်ပါဘူး။ တစ်နေကုန် စာသင်ခန်းထဲမှာ အညောင်းထိုင်နေတတ်တာမျိုး ပြေလျော့စေဖို့ လေကောင်းလေသန့်ရတဲ့နေရာမျိုးကို လမ်းလျှောက်တာတို့၊ ရွရွလေးပြေးတာမျိုးတို့ စသည်ဖြင့် ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုခုတော့ လုပ်သင့်ပါတယ်။
၉) စိတ်ဖိစီးမှုကို ဂရုပြုပါ။
အိမ်နဲ့ဝေးနေတဲ့ကျောင်းသားတွေအနေနဲ့ ပိုပြီး စိတ်ဖိစီးမှုခံစားရတတ်ပါတယ်။ အထီးကျန်နေသလို၊ မိဘမောင်နှမတွေကို တစ်ချက်တစ်ချက်သတိရမိသလိုနဲ့ ပိုပြီး စိတ်ဖိစီးလွယ်ပါတယ်။ ကျောင်းစာတွေမလိုက်နိုင်တဲ့အခါ ပိုဆိုးတာပေါ့။ အဲဒါကြောင့် ကျောင်းစာလုပ်ချိန်ကသပ်သပ်၊ ကိုယ့်နှစ်သက်ရာလေးတွေလုပ်တဲ့အချိန်လေးလည်း သပ်သပ်ထားပေးပါ။ ဥပမာ။ သူငယ်ချင်းတွေစုပြီးဘောလုံးကန်ကြတာမျိုးပေါ့။ ကိုယ်အရမ်းဖိစီးလာပြီလို့ ခံစားရတဲ့အခါ သူငယ်ချင်းတွေနဲ့စကားပြောပါ၊ ရင်ဖွင့်ပါ။ ရယ်မောပါ။ ကိုယ်ဝါသနာပါရာ တစ်ခုခုကို လုပ်ဖို့အချိန်ပေးပါ။
ခုလောက်ဆိုရင်တော့ အထူးအထွေ ဂရုမစိုက်ရဘဲ ကျန်းမာရေးအတွက် အဆင်ပြေသွားမယ့်အချက်လေးတွေကို သိလောက်ပါပြီ။ စာဖတ်သူတို့လုပ်လေ့ရှိတဲ့အချက်လေးတွေရှိသေးရင် ပြောပြပေးသွားကြပါအုံးနော်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။