တရားမဝင်ဆေးသုံးစွဲခြင်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲ။ (မိသားစု၊ ပတ်ဝန်းကျင်အပေါ်သက်ရောက်နိုင်သောဆိုးကျိုးများ)

ဒီနေ့ခေတ်မှာ လူနေမှုအဆင့်အတန်းတွေက ပိုပြီးမြင့်မားလာပါပြီ။ မြင့်မားလာတဲ့လူနေမှုကြောင့် လိုချင်တပ်မက်စရာတွေလည်း မကုန်နိုင်အောင် ဈေးကွက်ထဲမှာတွေ့မြင်နေရပါတယ်။ လိုချင်မှုတွေနောက်ကိုလိုက်ဖို့အတွက် နေ့စဉ်ဘဝမှာ အသည်းအသန်လိုက်မှီအောင် ကြိုးစားလာကြပါတယ်။ ထိုအခါမှာ မှီနိုင်ရင်တော့ ကောင်းပါရဲ့၊ မမှီနိုင်တဲ့အခါမှာတော့ depression ဝင်လာတာမျိုးတွေ ဖြစ်လာရပါတော့တယ်။ အဲဒီ့အခါမှာ လူရဲ့အသိဉာဏ်ထိန်းချုပ်မှုအလျောက် စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်း အနည်းအများပေါ်မူတည်ပြီး ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းကွာခြားလာပါတော့တယ်။


ပညာဉာဏ်နဲ့ထိန်းချုပ်နိုင်သူကတော့ ကိုယ့်ကိုကိုယ် ဘယ်လိုဘယ်ပြန်ဖြေသိမ့်မလဲ၊ ဘယ်လိုကုသမလဲဆိုတာမျိုးကို ကိုယ့်ဟာကိုယ်တွေးတောဆင်ခြင်နိုင်ပေမယ့် အသိဉာဏ်အားနည်းသူနဲ့ ယိမ်းယိုင်လွယ်သူတွေကတော့ မူးယစ်ဆေးကို (အထူးသဖြင့် စိတ်ကြွဆေးတွေကို ) သုံးစွဲဖို့ သိမ်းသွင်းမှုဒဏ်ကိုမခံနိုင်ကြတော့ပါဘူး။ ထိုကဲ့သို့ သိမ်းသွင်းမှုအလွယ်တကူခံရသူကော၊ ကိုယ်တိုင်နှစ်သက်ပြီး အမှားကိုအမှားလို့မထင်ဘဲ နှစ်ခြိုက်စွာသုံးစွဲနေသူကော ရေရှည်မှာ အနည်းနဲ့အများထိခိုက်လာကြရပါတော့တယ်။ ထိခိုက်မှုဆိုရာမှာ နှစ်ခြိုက်လို့သုံးတာပဲ ကိုယ်ဖြစ်ကိုယ်ခံလို့ ပြောလို့ရပေမယ့် ထိခိုက်သူကတော့ သုံးစွဲသူတစ်ယောက်တည်းမဟုတ်ဘဲ မိသားစုဝင်တွေကော ၊ ဘေးပတ်ဝန်းကျင်က လူတွေပါ ထိခိုက်နိုင်တယ်ဆိုတာတော့ တော်တော်များများက သတိမမူမိကြပါဘူး။ တကယ်တော့ တရားမဝင်ဆေးသုံးစွဲသူကြောင့် ကာယကံရှင်ကိုယ်တိုင်တောင်မကဘူး၊ အနားပတ်ဝန်းကျင်က လူတွေကော၊ ကာယကံရှင်တွေရဲ့မိသားစုဝင်တွေကောမှာ ထိခိုက်မှုက အနည်းနဲ့အများရှိပါတယ်။ ၁) တရားမဝင်ဆေးတွေကို ဘာကြောင့် သုံးစွဲလာကြသလဲ
အခုခေတ်မှာ နံပါတ်ဖိုးဆိုတာထက် တရားမဝင်စိတ်ကြွဆေးကို ပိုပြီး သုံးစွဲလာကြတာကို စာအုပ်တွေ၊ ဂျာနယ်တွေနဲ့ ပတ်ဝန်းကျင်မှာ ကြားသိလာရပါတယ်။ ဘာကြောင့်ပါလဲ……..။ စိတ်ကြွဆေးကိုအသုံးများလာရတဲ့အကြောင်းရင်းက စိတ်ဓာတ်ကျမှုတွေကြောင့်လို့
ယေဘုယျအားဖြင့် သုံးသပ်နိုင်ပါတယ်။ စိတ်ကြွဆေးတွေဟာ သုံးစွဲခါစမှာ အင်မတန်မှ စိတ်တက်ကြွစေပါတယ်။ လူတစ်ကိုယ်လုံးပေါ့ပါးလန်းဆန်းပြီး ဘာလုပ်လုပ်အောင်မြင်အောင် စွမ်းဆောင်နိုင်တယ်လို့ အထင်ရောက်စေပါတယ်။ တစ်ချို့သောကျောင်းသားလူငယ်လေးတွေမှာ စာမေးပွဲရှိတယ်ဆိုရင် ညလုံးပေါက်မအိပ်ပျော်ဘဲ စာတွေကျက်နေနိုင်အောင် ဆိုပြီး သုံးစွဲနေကြတာမျိုးပါ ကြားဖူးပါတယ်။ အဲဒါက အရမ်းကိုမှားယွင်းပါတယ်။ စိတ်ကြွဆေးရဲ့သဘောကိုက သုံးစွဲရင် လန်းဆန်တက်ကြွမယ်၊ ဆေးအရှိန်ပြယ်တဲ့အခါမှာတော့ အရုပ်ကြိုးပြတ်ဖြစ်စေမှာပါ။ အဲဒီ့အခါ ပြန်ပြီးလန်းဆန်းဖို့အတွက် ဆေးကိုထပ်ပြီး သုံးစွဲမိပါလိမ့်မယ်။ တစ်ချို့ကျတော့လည်း ထိုဆေးရဲ့ တက်ကြွစေတဲ့သဘာဝကို သဘောကျလို့ သုံးစွဲတာမျိုးလည်း ရှိပါတယ်။ ဘာလို့သဘောကျသလဲဆိုတော့ စိတ်ကြွဆေးတွေက ဗဟိုအာရုံကြောစနစ်အပေါ်သက်ရောက်စေတဲ့အတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုရှိစေတယ်။ တစ်ခုခုလုပ်နေရင် အာရုံပျံ့လွှင့်မှုမရှိဘဲ အာရုံစူးစိုက်နိုင်စွမ်းကောင်းတယ်။ မအိပ်ဘဲ အကြာကြီးနေနိုင်တယ်။ အမောခံနိုင်တယ်၊ အားကစားလုပ်ရင် ခံနိုင်ရည်ပိုတယ်။ စတဲ့အစွမ်းတွေရှိတယ်လို့ခံစားရစေပါတယ်။ “ဘိန်းစွဲတာမှမဟုတ်ဘဲ……ဒီဆေးကို စိတ်ဓာတ်တက်ကြွချင်ရင် သုံးလိုက်မယ်၊ မလိုတော့ မသုံးတော့ဘူး” လို့ပြောတာမျိုးကို ကြားဖူးပါတယ်။ တကယ်တော့ အဲဒါက ကိုယ်ကိုကိုယ်မသိတဲ့သူတွေက ပြောတာပါ။ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်တဲ့အခါမှာ မလိုရင်မသုံးတော့တဲ့သူတော်တော်များများကပဲ အဲဒီ့လိုစွဲလမ်းတဲ့အဆင့်ကိုရောက်သွားတတ်ကြပါတယ်။
၂) ကာယကံရှင်အပေါ် ဆိုးကျိုးများ
အဲဒါကြောင့် တက်ကြွချင်စိတ်နဲ့သုံးတယ်၊ အရှိန်ပြယ်တဲ့အခါ ထပ်သုံးမှသာ ထပ်ပြီးတက်ကြွမှုကို ခံစားရမယ်။ အဲလိုနဲ့ သံသရာလည်ရင်း စွဲမှန်းမသိစွဲလာပါတယ်။ ရေရှည်မှာတော့ နှလုံးအပေါ် ဒဏ်များလာမယ်။ သွေးဖိအားတက်မယ်။ နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေ ပိုပြီးရလမ်းများစေတယ်။ အရင်ခံစားတာမျိုးရချင်ရင် ဆေးအဆ ပိုလိုချင်လာမယ်။ ဆေးစွဲတယ်ဆိုတာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းစွဲတာဆိုပြီးရှိတယ်။ ဒီဆေးက ၂ မျိုးလုံးဖြစ်စေနိုင်တယ်။ ဆေးစွဲနေသူဆိုရင် စိတ်ပိုင်းပြောင်းလဲမှုတွေ ဖြစ်နိုင်တယ်။ ဆေးများသွားရင် နှလုံးခုန်မြန်မယ်။ ဂနာမငြိမ် ဖြစ်မယ်၊ တုံတုံရီရီဖြစ်မယ်။ သူများကို မယုံတာများမယ်၊ ကြောက်တာ၊ ကျိုးကြောင်း မဆီလျှော်တာ၊ စိတ်ရှုတ်ထွေးတာ၊ တလွဲထင်မြင်တာ၊ တက်တာတွေလဲ ဖြစ်နိုင်သေးတယ်။
ထိုကဲ့သို့ တလွဲထင်မြင်ယူဆ၊ သံသယစိတ်များလာတဲ့အတွက်ကြောင့် ဘေးပတ်ဝန်းကျင်ကလူတိုင်းအပေါ် သံသယစိတ်နဲ့ဆက်ဆံလာတတ်ပါတယ်။ ထိုသံသယစိတ်ကြောင့်ပဲ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်ပွားလာပါတော့တယ်။ ဥပမာ၊ ခင်ပွန်းဖြစ်သူကဆေးသုံးနေသူဖြစ်ရင် ဇနီးဖြစ်သူအပေါ် အိမ်ထောင်ရေးဖောက်ပြန်နေကြောင်းသံသယဝင်နေတာမျိုး၊ အချင်းချင်းသံသယမဝင်ပြန်ရင် ဘေးအိမ်မှာနေသူက ဆေးသုံးသူရဲ့ ပစ္စည်းတွေကို ခိုးယူနေတယ်လို ဆေးသုံးသူက သံသယဝင်နေတာမျိုး၊ မဟုတ်တာတွေ၊ မရှိတာတွေကို အရှိလို့ထင်တာတတ်တာမျိုးကြောင့်ပဲ မဖြစ်သင့်တာတွေဖြစ်လာတတ်ပါတယ်။
အထက်ပါအချက်တွေက ကာယကံရှင်ခံစားရမယ့်ဆိုးကျိုးတွေဖြစ်ပါတယ်။
၃) ပတ်ဝန်းကျင်အပေါ်ဘယ်လိုဆိုးကျိုးသက်ရောက်နိုင်မလဲ
ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့စကားက စိတ်ကြွဆေးသုံးတဲ့သူတွေအတွက်တော့ မမှန်ပါဘူး။ မိသားစုနဲ့ဘေးပတ်ဝန်းကျင်ကိုပါ ဒုက္ခပေးနိုင်တာပါ။ မသုံးဖြစ်ရင်မနေနိုင်တဲ့အခါ မိသားစုမှာ ခိုးမယ်၊ ဝှက်မယ်၊ လိမ်ညာတောင်းမယ် စတဲ့ပြဿနာတွေဖြစ်လာမယ့်အပြင် အိမ်မှာ မိသားစုမှာ ခိုးမရ၊ လိမ်မရဖြစ်လာတဲ့အခါ ဆေးဝယ်ဖို့ငွေရရေးအတွက် ပတ်ဝန်းကျင်ကိုမြှားဦးလှည့်လာပါတော့မယ်။ ပတ်ဝန်းကျင်မှာ ခိုးမယ်၊ ဝှက်မယ်၊ လိမ်ညာတောင်းမယ်၊ အနုနည်းနဲ့လိမ်ညာတောင်းမရတဲ့အခါ ဆေးစွဲသူခြင်း အဖွဲ့လုပ်ပြီး လုယက်မှုတွေ၊ ခိုးမှုတွေ၊ ခါးပိုက်နှိုက်မှုတွေ ကျူးလွန်ဖို့ဝန်မလေးတော့ပါဘူး။ မြင်ယောင်ကြည့်ပါ…..စိတ်ကြွဆေးသုံးစွဲတဲ့လူငယ်တွေသာ များလာရင် ကိုယ့်ပတ်ဝန်းကျင်မှာ လုယက်မှု၊ ခိုးမှု၊ လိမ်ညာမှုတွေဖြစ်လာတဲ့အခါ ကိုယ်နဲ့မဆိုင်ဘဲနေနိုင်ပါအုံးမလား။ တစ်ခါမဟုတ်တစ်ခါ ကိုယ်နဲ့ပတ်သက်မှုရှိလာနိုင်ပါတယ်။ ခိုးဆိုးလုယက်မှုတွေတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ စိတ်ကြွဆေးစွဲသူတွေဟာ မရှိတာကို အရှိထင်တာမျိုး၊ သံသယစိတ်များလာတာမျိုး၊ ကတုန်ကယင်ဖြစ်လာတာမျိုး၊ စိုးရိမ်စိတ်များလာတာမျိုးတွေကြောင့် သင့်ပတ်ဝန်းကျင်မှာ စိတ်ကြွဆေးစွဲနေသူရှိတယ်ဆိုရင် သတိသာထားနေပါတော့။ သင့်ဟာသင်နေ့ဓဒူဝလုပ်စရာရှိတာတွေလုပ်နေရင်တောင်မှ စိတ်ကြွဆေးစွဲနေသူက အလိုလို နေရင်းကို သင်က သူ့ကို အန္တရာယ်ပေးမယ်လို့ အထင်ရောက်နေတတ်တာမျိုးပါ။ အဲဒီ့အခါမှာ သင်က ဘာမှန်းမသိပေမယ့် ဆေးစွဲသူရဲ့စိတ်ထဲမှာတော့ သင်ကသူ့ကို ဒုက္ခမပေးနိုင်ခင် သင့်ကိုသူက အရင် အပြတ်ရှင်းမယ်ဆိုတဲ့စိတ်တွေပေါ်နေတတ်ပါတယ်။ အဲဒီ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေပေါ်လာပါတော့တယ်။
သတင်းတွေထဲက မိမိဇနီးကို ကိုယ်တိုင်ဓားနဲ့ထိုးသတ်တဲ့ မှုခင်းမျိုး သင်ကြားဖူးပါလိမ့်မယ်၊ အကြောင်းရင်းက ဆေးကြောင်နေတာမျိုးဆိုတာ သင်ဖတ်မိမှာပါ။ ထိုကဲ့သို့ ဆိုးကျိုးမျိုးတွေဖြစ်လာပါတော့တယ်။ အက်မင်တို့ပတ်ဝန်းကျင်မှာတင် ထိုသတင်းမျိုးတွေ ကြားနေရပါတယ်။ အင်မင်ကိုယ်တိုင်ဖတ်ဖူးတဲ့ လောလောလတ်လတ်စာတစ်ပုဒ်ထဲမှာဆိုရင် စိတ်ကြွဆေးသုံးနေတဲ့သူရဲ့ပတ်ဝန်းကျင်ကလူတစ်ယောက်ကိုယ်တိုင်ရေးထားတာပါ။ ဆေးသုံးစွဲသူက
ရေးသူရဲ့သူငယ်ချင်းပါ၊ စိတ်ကြွဆေးသုံးနေတာကို ရိပ်မိတော့ စာရေးသူက သူ့သူငယ်ချင်းကို မသုံးသင့်တဲ့အကြောင်း ပြောပြပါတယ်။ ဒါပေမယ့် စာရေးသူရဲ့သူငယ်ချင်းက သိပ်အများကြီးမသုံးကြောင်း၊ စိတ်တက်ကြွချင်တဲ့အခါမှာသာသုံးကြောင်းပေါ့ပေါ့ပါးပါးပဲပြန်ဖြေခဲ့ပါသတဲ့။ လအတန်ငယ်အကြာမှာ ဆေးသုံးစွဲသူတို့အိမ်မှာ လူသတ်မှုဖြစ်ပွားပါတယ်။ ဆေးသုံးစွဲသူက သူရဲ့အမျိုးသမီးကို သူကိုယ်တိုင် ဓားနဲ့ရက်စက်စွာ ခုတ်သတ်ပြီး ဆေးပြယ်ချိန်မှာ ရဲစခန်းမှာ ကိုယ်တိုင်အဖမ်းခံတာပါ။ ဆေးသုံးစွဲသူကိုယ်တိုင်က သူငယ်ချင်းဖြစ်သူကို ငိုပြီး ဝန်ခံခဲ့တာပါ။ ဆေးကို ကြာလေဖြတ်မရလေဖြစ်ခဲ့ကြောင်း၊ ပိုပြီးသုံးစွဲချင်စိတ်များလာခဲ့ကြောင်း၊ ဘိန်းလိုမဟုတ်တဲ့အတွက်ကြောင့် အသက်အန္တရာယ်မရှိဟုတွေးကာ သုံးမြဲသုံးခဲ့ကြောင်း၊ ကြာလေ မိန်းမဖြစ်သူကို အိမ်ထောင်ရေးဖောက်ပြန်နေတယ်ဟု သံသယစိတ်မြင်လာကြောင်း၊ လူသတ်မှုဖြစ်သည့်နေ့က မိန်းမဖြစ်သူသည် နောက်ယောကျာ်းတစ်ယောက်နှင့် အိပ်နေသည်ဟု သံသယစိတ်ဖြင့် ဓားနဲ့ခုတ်သတ်ခဲ့တာဖြစ်ကြောင်း၊ ဆေးရှိန်ပြယ်မှသာ နောင်တရမိကြောင်း။ ရန်ကုန်မြို့ထဲမှာသာဖြစ်ပွားခဲ့တဲ့မှုခင်းဖြစ်ပါတယ်။
အဲဒါကြောင့် ဆေးသုံးတဲ့သူကို ဝေးဝေးရှောင်လိုက်ရုံနဲ့မပြီးသေးပါဘူး။ ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေ အများကြီးပါ။ ကိုယ်ရှောင်လိုက်ရုံနဲ့ အန္တရာယ်မရှိနိုင်တော့ဘူးရယ်လို့ လုံးဝသတ်မှတ်လို့မရတဲ့အထဲမှာ စိတ်ကြွဆေးသုံးစွဲသူများလည်း ပါဝင်တယ်ဆိုတာကို အားလုံးသတိထားသင့်ပါတယ်။ အဲဒါအပြင် လူငယ်လေးတွေ ညမအိပ်နိုင်အောင် ဆေးသောက်တာမျိုးဆိုရင် ဘယ်လိုဆေးမျိုးတွေသောက်နေသလဲဆိုတာကို မိဘတွေအနေနဲ့ သိထားသင့်ပါတယ်။ မဖြစ်သင့်တာတွေမဖြစ်ရအောင် မိမိသားသမီး ဘယ်သွားပြီး ဘာလုပ်နေတယ်ဆိုတာမျိုးကို မျက်ခြေပြတ်ပြီး မလွတ်ထားသင့်ပါဘူး။ စိတ်ကြွဆေးသုံးစွဲခြင်းနဲ့ပတ်သက်တဲ့ ဆိုးကျိုးတွေ၊ ရှောင်ကျဉ်သင့်တာတွေကို သားသမီးလေးတွေကို ပညာပေးထားသင့်ပါတယ်။ အဲဒါမှသာ နောင်မျိုးဆက်သစ်လူငယ်တွေ တားမြစ်ဆေးသုံးပြီး လူညွှန်တုံးခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
မျိုးဆက်သစ်လူငယ်လေးတွေ တားမြစ်ဆေးတွေသုံးပြီး လူညွှန့်တုံးခြင်းမှ ကင်းဝေးကြပါစေ။
စိတ်ကြွဆေးဆိုင်ရာသိမှတ်ဖွယ်ရာများကို ဒေါက်တာတင့်ဆွေ၏ဆောင်းပါးများမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။