တိုးတက်ပြောင်းလဲချင်တဲ့လူငယ်တစ်ယောက်ဖြစ်ဖို့……

လူငယ်ဆိုတာ အနာဂတ်မှာတစ်ခုခုဖြစ်လာဖို့၊ ပတ်ဝန်းကျင်ကလူသားတွေကို အကျိုးပြုနိုင်ဖို့၊ အသိပညာတွေဖြန့်ဝေနိုင်ဖို့ အကောင်းဆုံးသော ပေါင်းကူးတံတားပဲဖြစ်ပါတယ်။ ကောင်းသောဘက်က အနာဂတ်ဖြစ်နိုင်သလို အဆိုးဘက်က အနာဂတ်လည်းဖြစ်သွားနိုင်ပါတယ်။ လူငယ်တွေရဲ့ ပင်ကိုအကျင့်စရိုက်နဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ လူငယ်တွေနေထိုင်တဲ့ပတ်ဝန်းကျင်၊ အပေါင်းအသင်းပေါ်မူတည်ပြီး ကောင်းခြင်း၊ ဆိုးခြင်းဆိုတာဖြစ်ပေါ်လာပါတယ်။ အဲဒါကြောင့် တိုးတက်ပြောင်းလဲချင်တဲ့လူငယ်တစ်ယောက်ဖြစ်ချင်သူတွေအတွက် စွန့်လွှတ်သင့်တဲ့အကျင့်တွေကိုဖော်ပြပေးလိုက်ပါတယ်။


၁) မကောင်းသောပတ်ဝန်းကျင်၊ မကောင်းသောအပေါင်းအသင်းကို မရှောင်ရှားခြင်း
ကိုယ်တိုင်က ဘဝမှာ တိုးတက်ချင်တဲ့သူ၊ ကိုယ်ဖန်တီးပုံဖော်ချင်တာလေးတွေကို ဖြစ်မြောက်အောင်လုပ်ဆောင်ချင်တဲ့သူ၊ တစ်စုံတစ်ခုဖြစ်ချင်တဲ့သူမှန်ရင်တော့ ကိုယ့်ကိုကိုယ်ဆန်းစစ်ဖို့ လိုသလို၊ ကိုယ့်အပေါင်းအသင်း၊ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ပြန်ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ ကိုယ်က ဒီ့ထက်ပိုပြီးတိုးတက်အောင်မြင်ချင်တယ်၊ ကောင်းသောပြောင်းလဲမှုတွေနဲ့ပြောင်းလဲချင်တယ်ဆိုပေမယ့် လုံးဝရုန်းမထွက်နိုင်တာက ပတ်ဝန်းကျင်ကြောင့်၊ အပေါင်းအသင်းတွေကြောင့်လား ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်သင့်ပါတယ်။ တိုးတက်ပြောင်းလဲချင်တဲ့လူငယ်တစ်ယောက်အတွက် အမြဲတစေ တိုးတက်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ ဒါမှမဟုတ် အမြဲ တက်ကြွနေတတ်တဲ့ ပတ်ဝန်းကျင်၊ အပေါင်းအသင်းလိုပါတယ်။ သင့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့လူတွေရဲ့အမူအကျင့်တွေက သင့်ထံမှာလည်း ကူးစက်နေတတ်တယ်ဆိုတာ သင်မမေ့ပါနဲ့။ အဲဒါကြောင့် သင့်ပတ်ဝန်းကျင်၊ သင့်အပေါင်းအသင်းတွေကို သင့်ကိုအကျိုးပြုမယ်၊ အကျင့်ကောင်းတွေတိုးလာစေမယ့် သူမျိုးကိုသာ ဝန်းရံစေဖို့လိုပါတယ်။ ကိုယ့်ဘဝအတွက်မကောင်းတဲ့သူမျိုးကို ဘဝထဲက လုံးဝထုတ်ပစ်လိုက်ခြင်းက သင့်ဘဝတိုးတက်နည်းတွေထဲက တစ်ခုပါပဲ။

၂) အပျင်းကြီးလွန်းခြင်း
တိုးတက်ပြောင်းလဲချင်ရင်တော့ အပျင်းကြီးလို့မဖြစ်နိုင်ပါဘူး။ တိုးတက်အောင်မြင်နေတဲ့သူတိုင်းက အချိန်ကိုသေချာစီမံခန့်ခွဲပြီး အချိန်နဲ့တပြေးညီ အမှီပြေးနေတဲ့သူတွေချည်းပါပဲ။ အဲဒါကြောင့် အပျင်းကြီးလွန်းတဲ့အကျင့်ရှိရင် ဖျောက်ပစ်မှဖြစ်ပါလိမ့်မယ်။ အပျင်းကြီးတဲ့သူဆိုတာက ဘယ်ကိုမှ ရှေ့မရောက်ချင်ဘဲ ရောက်နေတဲ့နေရာမှာသာ အေးဆေးသက်သာစွာ အိပ်နေချင်တဲ့သူမျိုးပါ။ အဲလိုလူမျိုးက ဘယ်နေရာ၊ ဘယ်အခြေအနေကိုမှ လက်ရှိထက် မတိုးတက် အဆင်မပြေနိုင်ပါဘူး။

၃) ဆင်ခြေပေးလွန်းခြင်း
ဆင်ခြေပေးလွန်းတဲ့အကျင့်ကလည်း အပျင်းကြီးခြင်းနဲ့ အလားတူပါပဲ။ ဘာလို့လဲဆိုတော့ ဆင်ခြေပေးလွန်းတဲ့နောက်တော့ ဘယ်အရာကိုမှ လုပ်ဖြစ်တော့မှာမဟုတ်ပါဘူး။ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြလိုက်နဲ့ ကိုယ်သွားချင်တဲ့လမ်းကြောင်းပေါ်မရောက်ဘဲ ခုလက်ရှိရောက်နေတဲ့နေရာမှာ တန့်နေမယ့်သူမျိုးပါပဲ။ ကိုယ့်မှာ ထိုအကျင့်ရှိနေခဲ့ရင် ကိုယ့်ဟာကိုယ် ဆင်ခြင်ပါ။ ထိုအကျင့်ရှိနေတဲ့သူမျိုးကိုလည်း ဝေးဝေးက ရှောင်ပါ။

၄) ကိုယ့်အမှားကိုလက်မခံဘဲ မပြုပြင်ခြင်း
လူတိုင်းအမှားနဲ့မကင်းကြပါဘူး။ ဒါပေမယ့်အမှားကိုသိတဲ့အခါမှာတော့ ဟန်ကိုယ်ဖို့မှန်တယ်ချည်း လုပ်နေလို့မရပါဘူး။ မှားနေတာကို လက်ခံပြီး အမှန်ပြင်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ တချို့တွေက ကိုယ့်အမှားကို ထောက်ပြလာရင်လည်း လက်မခံ၊ လက်မခံနိုင်တော့ ပြုပြင်ဖို့လည်း မစဉ်းစားတော့ပါဘူး။ အဲလိုနဲ့ပဲ ဘဝမှာ အမှားတွေများလာတတ်ပြီး ဘဝက ထင်သလောက်မတိုးတက်တော့ပါဘူး။ တိုးတက်ပြောင်းလဲချင်တဲ့လူငယ်တစ်ယောက်ဖြစ်ချင်ရင်တေ့ ကိုယ့်အမှားကို ကိုယ်တိုင်လက်ခံတတ်ဖို့လိုပါတယ်။ ပြုပြင်ချင်စိတ်ရှိဖို့လည်း လိုပါတယ်။

၅) အသစ်တွေမသင်ယူချင်ခြင်း
ဒီနေ့ခေတ်မှာ နည်းပညာအသစ်တွေ၊ ပညာရပ်အသစ်တွေနေ့စဉ်လိုပေါ်ပေါက်နေပါတယ်။ ထိုပညာရပ်အသစ်တွေကို ကျွမ်းကျင်စွာမတတ်မြောက်ထားရင်နေပါစေ၊ သိနားလည်ဖို့ထားဖို့တော့ လိုအပ်ပါတယ်။ ကိုယ်တတ်ထားတဲ့ပညာကို မျှဝေချင်စိတ်ရှိဖို့လိုသလို၊ ကိုယ့်မတတ်၊ မသိသေးတာတွေကိုလည်း သင်ယူချင်စိတ်ရှိဖို့လိုပါတယ်။ ကိုယ်တတ်ထားတာကိုသာ ဆုပ်ကိုင်ထားပြီး ထိုနေရာမှာတင် ရပ်တန့်နေလို့တော့မဖြစ်ပါဘူး။ တိုးတက်ပြောင်းလဲချင်တဲ့သူအတွက် အသစ်တွေကို သင်ယူနေမှဖြစ်မှာပါ။ ကိုယ်တတ်ထားတဲ့ပညာသည်သာ အမြဲပြည့်စုံနေပြီးသားလို့ ထင်မှတ်ထားလို့မဖြစ်ပါဘူးနော်။

၆) အချိန်ကို အကျိုးရှိစွာ အသုံးမချခြင်း
အချိန်က ရွှေငွေထက်ပိုတန်ဖိုးရှိပြီး လူတိုင်းအလကားရထားတဲ့ အရင်းအနှီးဖြစ်ပါတယ်။ ထိုအရင်းအနှီးကို ကောင်းစွာအသုံးချတတ်ရင် ရွှေငွေထက်ပိုပြီး အသုံးဝင်တာတွေ ရနိုင်ပါတယ်။ ငွေမပေါ၊ ရွှေမပေါပေမယ့် ကိစ္စမရှိပါဘူး။ အချိန်ကို သေချာအသုံးချပါ။ အချိန်နဲ့အမျှ ရနိုင်တဲ့ပညာတွေကိုရှာဖွေ လေ့လာသင်ယူပါ။ တိုးတက်ပြောင်းလဲချင်တဲ့လူငယ်မှန်ရင် အချိန်ကိုလည်း စနစ်တကျစီမံခန့်ခွဲတတ်ဖို့လိုပါတယ်။ ကောင်းစွာအသုံးချတတ်ဖို့လည်းလိုပါတယ် ။ အချိန်ပြည့် သူငယ်ချင်းနဲ့ချက်လိုက်၊ ဂိမ်းဆော့လိုက်၊ စကားပြောလိုက်နေရင်တော့ ဘာမှမဖြစ်လာနိုင်ပါဘူး။

၇) ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်ခြင်း
ကိုယ့်ကိုကိုယ်တိုးတက်ချင်ရင် ကိုယ့်ကိုကိုယ် ကောင်းသောအပြောင်းအလဲတွေ အရင်လုပ်ဖို့ လိုပါတယ်။ ကိုယ့်ကိုကိုယ်အတွက် မကောင်းတာ၊ အဆိပ်အတောက်ဖြစ်စေတာ၊ ကိုယ့်ကိုပျက်စီးစေမယ့်ကိစ္စတွေကို မထိန်းချုပ်နိုင်ဘူးဆိုရင်တော့ ကိုယ့်ဘဝလည်း ဒီအဆင့်ကနေ တက်တော့မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းရှိဖို့လည်း လိုပါတယ်။ အဲဒီ့အချက်က အရေးကြီးဆုံးပါပဲ။ ကိုယ့်စိတ်ကို ကိုယ်ပဲပိုင်ပြီး ကိုယ်သာလျှင် ထိန်းချုပ်နိုင်မှာဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်တဲ့နောက်တော့ ကျန်တဲ့အချက်တွေက အေးဆေးဖြစ်သွားမှာပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။