တကိုယ်ကောင်းဆန်တာလား၊ ကိုယ့်ကိုကိုယ်ချစ်တာလား။

ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းဆိုတာက ကိုယ့်မှာရှိထားလေးတွေနဲ့ အဆင်ပြေအောင်နေတာ၊ ကိုယ့်ကိုကိုယ်ပျော်ရွှင်အောင်နေထိုင်တာ၊ ကိုယ့်ကျန်းမာရေးကို အလေးထားတာ၊ ကိုယ်ချစ်တဲ့သူတွေကို အလေးထားတာ၊ ကိုယ့်ကိုကိုယ်လှပသပ်ရပ်အောင် နေထိုင်တာ စတာတွေပဲဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းက ကိုယ့်ကိုပိုပြီးပျော်ရွှင်စေသလို အခြားသူများကိုလည်း မထိခိုက်၊ မနစ်နာစေပါဘူး။ ကိုယ့်ကိုပိုပြီး ကျန်းမာစေသလို၊ ပိုပြီးလည်း လှပပျော်ရွှင်နိုင်ပါတယ်။ လူ့လောကမှာ အသက်ရှင်နေရတာကို ပိုပြီး တန်ဖိုးထားတတ်လာတဲ့သဘောပေါ့။


အဲဒါဆိုရင် တကိုယ်ကောင်းဆန်ခြင်းဆိုတာကရော……။ တကိုယ်ကောင်းဆန်ခြင်းနဲ့ ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းက မတူပါဘူးနော်။ တကိုယ်ကောင်းဆန်ခြင်းဆိုတာက အတ္တကြီးခြင်းတစ်မျိုးလည်းဖြစ်ပါတယ်။ ကိုယ်သာရဖို့….၊ ကိုယ်သာအနိုင်ရဖို့၊ ကိုယ်သာ ကောင်းစားဖို့၊ ကိုယ့်မိသားစုအဆင်ပြေဖို့၊ ကိုယ်နာမည်ရဖို့၊ ကိုယ်အောင်မြင်ဖို့ စသဖြင့် ကိုယ့်တစ်ယောက်တည်းကောင်းစားရေးကိုသာ ဦးတည်ပြီး အခြားသူတွေ ထိခိုက်ရင်ထိခိုက်ပါစေ၊ နစ်နာရင်နစ်နာပါစေ၊ ဂရုမစိုက်ပါဘူး။ ကိုယ်ကောင်းစားရေးအတွက် အခြားသူတွေကို ချနင်းရလည်း ဝန်မလေးတာမျိုးဖြစ်ပါတယ်။ “ဘယ်သူသေသေ ငတေမာရင်ပြီးရော…..” ဆိုတဲ့စကားက တကိုယ်ကောင်းဆန်တဲ့လူတွေအတွက်ပဲဖြစ်ပါတယ်။

တကယ်တော့ တကိုယ်ကောင်းဆန်ခြင်းက (selfish) ကိုယ်တိုင်ကောင်းစားဖို့သာ အဓိက အာရုံထားခြင်းဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်း (self love) ကတော့ ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့စိတ်မရှိသလို၊ ကိုယ့်ရဲ့အသက်ရှင်နေထိုင်ရခြင်းက ကျေးဇူးတင်စရာကောင်းတယ်ဆိုတဲ့စိတ်လေးနဲ့ ဘဝမှာရှင်သန်နေထိုင်ခြင်းသာဖြစ်ပါတယ်။ တကိုယ်ကောင်းဆန်ခြင်းက ပတ်ဝန်းကျင်ကို တနည်းနည်းနဲ့ထိခိုက်စေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တကိုယ်ကောင်းဆန်ခြင်းဟာ အတ္တတွေပါဝင်နေတတ်တာမို့ဖြစ်ပါတယ်။ ပြောရရင်တော့ သာမန်ထက်ကို အတ္တကြီးတဲ့လူတွေပါ။ သာမန်လူတွေထက်ကို အတ္တကြီးလာတဲ့အခါ “ငါပဲရရမယ်…၊ ငါသာရသင့်တာ၊ ငါပဲအနိုင်မယ်၊ အခြားသူတွေဒုက္ခရောက်တာက အရေးမကြီးဘူး ငါဒုက္ခမရောက်ဖို့အရေးကြီးတာ၊ သူ့ဘဝ….သူ့တို့ကိစ္စ၊ ငါ့ဘဝမှာ ငါအဆင်ပြေဖို့အရေးကြီးတယ်” ဆိုတဲ့ “ငါ”ဆိုတဲ့စိတ်စွဲကြီးလာပါတော့တယ်။ အဲဒီလိုလူမျိုးတွေက ဘတ်စ်ကားပေါ်တက်တာက အစ အမျိုးသမီး၊ သက်ကြီးရွယ်အိုရယ်လိုတောင် မရှောင်ဘဲ ကိုယ်သာအရင်ရောက်ရေးဆိုတဲ့စိတ်မျိုးထားတတ်ပါတယ်။ ထိုကဲ့သို့ ကိစ္စအသေးအဖွဲလေးတွေကအစ စီးပွားရေးလုပ်ငန်းမှာ “ကိုယ်သာအမြတ်အစွန်းများများရရင်ပြီးရော အခြားသူတွေကျန်းမာရေးနဲ့ညီညွှတ်သည်ဖြစ်စေ၊ မညီညွှတ်သည်ဖြစ်စေ” ဆိုတဲ့ကိစ္စမျိုးက အဆုံး ၊ ကိုယ့်အတွက်သာထည့်တွက်ပါတော့တယ်။
အဲဒီကြောင့် တကိုယ်ကောင်းဆန်လွန်းတဲ့သူကြောင့် ထိုသူရဲ့မိသားစု ၊ ပတ်ဝန်းကျင်၊ အသိုင်းအဝန်း၊ အပေါင်းအသင်းတွေတနည်းမဟုတ် တနည်းအားဖြင့် ထိခိုက်နိုင်ပါတယ်။ တကိုယ်ကောင်းဆန်သူက အခြားသူတွေကို သူ့ရဲ့ကိုယ်ကျိုးအတွက် အသုံးချသင့်ရင် အသုံးချမှာပါ။ လှေကားလို့နင်းသင့်ရင် နင်းမှာပါ။ သူ့ရဲ့စိတ်ထဲမှာ သူ့အတွက်ကလွဲပြီး အခြားဘယ်သူ့အတွက်မှ ဦးစားပေးတယ်ဆိုတာမရှိနိုင်ပါဘူး။ ပြောရရင်တော့ ကိုယ်ကောင်းဖို့နဲ့ကိုယ်အသာစီးရဖို့သာအမြဲစဉ်းစားနေတတ်ပြီးပတ်ဝန်းကျင်အတွက် ဘာကောင်းကျိုးမှ မပေးတဲ့လူ့အဆိပ်လိုလူမျိုးပါပဲ။

ကိုယ့်ကိုကိုယ်ချစ်ခင်တဲ့သူမျိုးကျပြန်တော့ ဘဝမှာ အမြဲအဆင်မပြေမှုတွေကြုံနိုင်တယ်ဆိုတာ သိနားလည်ပြီး အဆင်မပြေတဲ့ကြားထဲက ပျော်ရွှင်အောင်နေထိုင်တတ်သူတွေပဲဖြစ်ပါတယ်။ အဆင်မပြေပေမယ့် အတတ်နိုင်ဆုံး ပျော်အောင်နေထိုင်တတ်ခြင်းက ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းတစ်မျိုးပဲဆိုတာ သူတို့ကသဘောပေါက်ကြပါတယ်။ အဲဒါအပြင် သူ့တို့စိတ်ထဲမှာ ရှင်းလင်းနေအောင် နေဖို့ကြိုးစားမယ်၊ သူတို့ဘဝတိုးတက်ဖို့ သမာအာဇီဝနည်းလမ်းနဲ့ တလှမ်းခြင်း ကြိုးစားလျှောက်မယ်။ ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်ထားပါလိမ့်မယ်။ ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်ထားခြင်းက ကိုယ့်ဘဝတိုးတက်မှုအတွက်ဖြစ်ပြီး ကိုယ့်ဘဝတိုးတက်အောင်ကြိုးစားခြင်းကလည်း ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းတစ်မျိုးပါပဲ။ ကိုယ့်ကိုမုန်းတီးတဲ့သူတွေကို အာရုံစိုက်ခြင်းက ကိုယ့်အတွက် စိတ်ပိုင်းဆိုင်ရာကော၊ ရုပ်ပိုင်းဆိုင်ရာကော ထိခိုက်စေတာကို နားလည်ကြပြီး ကိုယ့်ကိုချစ်ခင်တဲ့သူတွေကိုသာ အာရုံစိုက်ရမှာကို နားလည်ပါတယ်။ သူတို့ကိုယ်သူတို့ ကျန်းမာရေးကောင်းစေဖို့၊ ရောက်နေတဲ့ဘဝ၊ ရရှိပိုင်ဆိုင်ထားတာလေးတွေနဲ့ ပျော်ရွှင်အောင်နေထိုင်တတ်ဖို့၊ သူတို့ဖြစ်ချင်တာလေးတွေ၊ ဝါသနာပါရာလေးတွေလုပ်ဖို့ စသဖြင့် ကောင်းသောအရာတွေနဲ့ ကိုယ့်ကိုကိုယ်ပြုစုစောင့်ရှောက်ခြင်းက ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းတစ်မျိုးပါပဲ။

ရခဲလှတဲ့လူ့ဘဝမှာ အသက်ရှင်နေခြင်းက ပိုပြီးတန်ဖိုးရှိတာကို သေချာနားလည်ထားပြီး ရရှိနေတုန်းလူ့ဘဝကို လူဖြစ်ကျိုးနပ်အောင် ရှင်သန်ခြင်းက ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းဆိုတာကိုလည်း သူတို့နားလည်တတ်ပါတယ်။ သူတို့ကြောင့် ပတ်ဝန်းကျင်ကိုမထိခိုက်စေချင်သလို၊ ပတ်ဝန်းကျင်ကြောင့်လည်း သူတို့ကိုယ်သူတို့ အထိခိုက်တော့မခံပါဘူး။ ကိုယ့်ကိုကိုယ်ချစ်ခင်တတ်တဲ့လူနဲ့ တကိုယ်ကောင်းစိတ်ရှိတဲ့လူ ထိုလူအမျိုးအစားနှစ်ယောက်ရဲ့ဘဝက တဖြေးဖြေးတိုးတက်လာတာခြင်းတူပေမယ့် ကိုယ့်ကိုကိုယ်ချစ်ခင်စိတ်နဲ့နေထိုင်တဲ့သူက သူ့ရဲ့ဘဝမှာ အကောင်းဘက်ကတိုးတက်ပြောင်းလဲလာမှာဖြစ်ပါတယ်။ အဲဒါအပြင် လူမှုအပေါင်းအသင်း၊ ဆက်ဆံရေးတွေမှာလည်း အဆင်ပြေသလို၊ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကလည်း အကောင်းဘက်ကဖြစ်နေမှာပါ။
တကိုယ်ကောင်းဆန်တဲ့လူတွေကတော့ ရုပ်ဝတ္ထုပစ္စည်း၊ လူနေမှုအဆင့်အတန်း စတာတွေ မြင့်မားလာပေမယ့် လူမှုဆက်ဆံရေး၊ သူတို့ကိုယ်တိုင်ရဲ့စိတ်ထဲမှာတော့ ဘယ်တော့မှအေးချမ်းမှုနဲ့ အကောင်းဘက်ကရလဒ်ရှိမှာမဟုတ်ပါဘူး။ အမြဲလို အတ္တကြောင့် ပူလောင်နေမှာဖြစ်ပါတယ်။ မိတ်ဆွေစစ်ဆိုတာလည်း မရှိသလို တကယ်တမ်းအရေးကြုံလာတဲ့အခါမှာ ဘယ်သူကမှ ထိုသူ့မျိုးကို ဝန်းရံမှာမဟုတ်ပါဘူး။

အချုပ်ဆိုရရင် ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းက ရခဲလှတဲ့လူ့ဘဝမှာ ရတုန်းလေး လူဖြစ်ရကျိုးနပ်အောင် ရှင်သန်နေထိုင်တတ်ဖို့လိုအပ်ပါတယ်။ တကိုယ်ကောင်းဆန်ခြင်းကတော့ ကာယကံရှင်ကိုယ်တိုင်သာမက၊ ပတ်ဝန်းကျင်ရှိလူအကုန်လုံးကို ထိခိုက်စေနိုင်ပါတယ်။ အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ လူရဲ့သဘာဝအရ အတ္တကတော့ အနည်းအများပဲကွာခြားတာမို့ အတ္တလေးအနည်းငယ်တော့ စွက်ကြတာချည်းပါပဲ။ ဒါပေမယ့် အတ္တစိတ်လွန်ကဲလာတာက ကိုယ့်အတွက်ကော ပတ်ဝန်းကျင်အတွက်ကော မကောင်းနိုင်ပါဘူး။ အဲဒါကြောင့် လူ့ဘဝတိုတိုလေးမှာ နေထိုင်ရှင်သန်ရတုန်း ကိုယ့်ကိုကိုယ်ချစ်ခင်တဲ့စိတ်လေးမွေးပါ။ အတ္တကို လိုတာထက်မပိုစေဘဲ တတ်နိုင်သမျှ အတ္တလျှော့ပြီး တကိုယ်ကောင်းဆန်တတ်ခြင်းကို ပြုပြင်သင့်ပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။