တက္ကသိုလ်တက်နေရင်းအလုပ်လုပ်ခြင်းရဲ့ကောင်းကျိုးများ

တက္ကသိုလ်နေရင်းနဲ့ အလုပ်လုပ်ခြင်းက အကျိုးအများကြီးရှိတယ်ဆိုတာ သိပါရဲ့လား။ တစ်ချို့လူငယ်တွေမှာ တက္ကသိုလ်တက်နေရင်းနဲ့ တစ်ဖက်က အလုပ်ဝင်လုပ်ရလို့ တက္ကသိုလ်ကျောင်းသားဘဝကို အပြည့်အဝမခံစားရတာမှန်ပေမယ့် တကယ်တော့ ကောင်းကျိုးတွေက တက္ကသိုလ်အချိန်ပြည့်တက်နေတဲ့သူတွေထက် များပါတယ်။ (တက္ကသိုလ်အချိန်ပြည့်တက်နေတဲ့သူတွေက မကောင်းဘူးဆိုလိုချင်တာမဟုတ်ပါဘူး။ တကယ်ကြိုးစားသင်ယူရင် အချိန်ကုန်ရကျိုးနပ်တာပါပဲ)


၁) အတွေ့အကြုံပိုများပြီးသားဖြစ်ခြင်း
တက္ကသိုလ်အချိန်ပြည့်တက်နေတဲ့လူငယ်တွေများသောအားဖြင့်က ကျောင်းပြီးမှ အလုပ်ခွင်ဝင်ကြတာဖြစ်တဲ့အတွက် ထိုအချိန်မှာ လုပ်ငန်းအတွေ့အကြုံတစ်ခုမှ မရှိသေးတဲ့လူသစ်လေးတွေဖြစ်နေမှာပါ။ ထိုအချိန်မှာ တက္ကသိုလ်တက်ရင်း အလုပ်တစ်ဖက်ဝင်ထားတဲ့ လူငယ်တွေကျတော့ အတော်အသင့် အတွေ့အကြုံရှိပြီးသားဖြစ်နေလောက်ပါပြီ။ အခြားလူငယ်တွေက ခုမှဘွဲ့ရလို့ ကိုယ်နဲ့အဆင်ပြေမယ့် အလုပ်ခွင်ကို ရှာနေတုန်းမှာ တက္ကသိုလ်တက်ကတည်းက အလုပ်ခွင်နေတဲ့လူငယ်တွေမှာတော့ ကိုယ်နဲ့အံဝင်တဲ့အလုပ်ကို ကိုယ်တိုင်ရှာတွေ့နေလောက်ပါပြီ။ အဲဒါအပြင် ကိုယ့်ရဲ့တကယ်စိတ်ပါဝင်စားတဲ့အလုပ်ကိုလည်း သိပြီးဖြစ်နေလောက်ပါပြီ။
၂) လူမှုဆက်ဆံရေး ပိုကောင်းလာခြင်း
အလုပ်ခွင်ကို သူများထက် စေပြီးကျင်လည်ရတာဖြစ်တဲ့အတွက် လူမှုဆက်ဆံရေးမှာလည်း သူများထက်ပိုပြီး ပေါင်းတတ်သင်းတတ်ပါတယ်။ လူတွေရဲ့သဘောကိုလည်း ပိုပြီး နားလည်လက်ခံနိုင်ပါတယ်။ အဲဒါကြောင့်လည်း ပိုပြီး အလုပ်ခွင်မှာအသားကျနိုင်တာပေါ့။ အခြားသူများနဲ့ စိတ်ရှည်ရှည်ဆက်ဆံတတ်ခြင်း၊ ဝယ်သူများနဲ့ ကျင်လည်စွာ ဆက်ဆံနိုင်ခြင်း၊ ညှိုနှိုှု်င်းတတ်ခြင်း၊ အလုပ်ခွင်က သူများနဲ့လည်း ပိုပြီး ဆက်ဆံရေးအဆင်ပြေနိုင်ခြင်း စတဲ့အကျိုးတွေရှိသလို၊ ဆက်ဆံရခက်ခဲပါတယ်ဆိုတဲ့ အလုပ်သမားတွေနဲ့ ကာစတန်မာတွေအတွက် ပိုပြီး အဆင်ပြေအောင် ဆက်ဆံတတ်လာတာတွေ့နိုင်ပါတယ်။ လူ့သဘောကိုပိုသိလာတဲ့အတွက် ပိုပြီးလည်း စိတ်ရှည်စွာ ဆက်ဆံတတ်နိုင်ပါတယ်။ အပြုအမူကောင်းတွေ၊ စိတ်ရှည်ခြင်းတွေ၊ ကိုယ်ချင်းစာချင်စိတ်နဲ့ နားထောင်နိုင်စွမ်းပိုသာတာကိုတွေ့ရပါတယ်။
၃) အချိန်ကို စီမံခန့်ခွဲတတ်လာခြင်း
တက္ကသိုလ်တက်နေစဉ်ကတည်းက အလုပ်ခွင်ကို အချိန်ပိုင်းဝင်လုပ်ထားတဲ့လူငယ်တွေအနေနဲ့ အချိန်ကိုလည်း ပိုပြီး တန်ဖိုးထားတတ်သလို၊ အချိန်ကိုလည်း အကျိုးရှိစွာ အသုံးချဖို့ ကြိုးစားတတ်လာပါတယ်။ အဲဒါကြောင့် ကျောင်းပြီးရင် အလုပ်ခွင်၊ အလုပ်ခွင်ကနေ သင်တန်း၊ အလုပ်ခွင်ကနေ အိမ်၊ ကျူရှင် စသည်ဖြင့် အမြဲလိုလို ရှိနေတတ်တာကြောင့် အချိန်ကို စနစ်တကျ စီမံခန့်ခွဲတတ်လာပါတယ်။ ပိုပြီးလည်း အချိန်ရဲ့တန်ဖိုးကို နားလည်နိုင်လာပါတယ်။ အဲဒါကြောင့် အချိန်ကိုလည် းအကျိုးရှိစွာ အသုံးချဖို့တွေးတတ်လာပါတယ်။ အချိန်ကို စီမံတတ်တဲ့နောက်မှာတော့ ကိုယ့်ရဲ့စွမ်းရည်တွေ ပိုပြီး တိုးတက်လာနိုင်တာပေါ့။ အဲဒါကြောင့် အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရတဲ့လူငယ်တွေအတွက် အချိန်ကိုစီမံခန့်ခွဲတတ်ဖို့ တကူးတက သင်ပေးစရာမလိုတော့ပါဘူး။
၄) ငွေကို စနစ်တကျ စီမံခန့်ခွဲတတ်လာခြင်း
အလုပ်တစ်ဖက်ကျောင်းတတ်ရတဲ့ လူငယ်အများစုက အိမ်ကိုလည်း ငွေပြန်တောင်းစရာမလိုတော့သလို၊ ကိုယ့်လက်ထဲရောက်လာတဲ့ လစာဝင်ငွေကို တစ်လလုံးလောက်ငအောင် ဘယ်လိုသုံးမလဲဆိုတဲ့အတွေးအခေါ်မျိုး စတင်တွေးတတ်လာသလို၊ တကယ်လည်း အသုံးချတတ်လာပါတယ်။ အဲဒါကြောင့် ငွေကို စနစ်တကျ စီမံခန့်ခွဲတတ်လာပါတယ်။ ငွေကို ကိုယ်တိုင်ကြိုးစားရှာရတဲ့အတွက်လည်း ငွေရဲ့တန်ဖိုးကို ပိုသိလာပြီး ပိုတန်ဖိုးထားတတ်လာလို့ ငွေသုံးစွဲမှုမှာလည်း ထိန်းသိမ်းတတ်လာပါတယ်။ အချိန်တန်မိဘဆီ လက်ဖြန့်တောင်းပြီး တက္ကသိုလ်တက်ရတဲ့လူငယ်တွေထက်တော့ ငွေကုန်မှာကို ပိုကြောက်တတ်သလို ငွေကို စနစ်တကျသုံးစွဲတတ်လာပါတယ်။ အလဟဿဖြုန်းတီးတဲ့အကျင့် အလိုလို ပျောက်ကွယ်သွားနိုင်ပါတယ်။ ပိုပြီးတော့ အပိုဝင်ငွေရနိုင်တဲ့အတွက်လည်း မိဘများကိုတောင် ပြန်ပြီး ပေးနိုင်ရင် အကောင်းဆုံးပေါ့။
၅) တက္ကသိုလ်တက်ရတဲ့စရိတ် သက်သာနိုင်ခြင်း
ကိုယ်ပိုင်ဝင်ငွေနဲ့ ကျောင်းတတ်နိုင်တဲ့အခါ မိဘက စရိတ်သက်သာနိုင်ပါတယ်။ တစ်ချို့ဆို ချေးငွေယူပြီးကျောင်းတတ်တာမျိုးတောင် ရှိတဲ့အတွက် အလုပ်တစ်ဖက်နဲ့ကျောင်းတက်ခြင်းက ငွေချေးယူရတဲ့ဒုက္ခ၊ အကြွေးတင်ခြင်း ကင်းသွားပါတယ်။ ကိုယ်ရဲ့အပိုဝင်ငွေကြောင့်လည်း ကိုယ်လိုချင်တာလေးတွေကို ကိုယ်ပိုင်ဝင်ငွေနဲ့ ဝယ်ယူနိုင်ပါတယ်။ ကျောင်းအတွက်လိုအပ်တာတွေဆိုလည်း ကိုယ့်ရဲ့ကိုယ်ပိုင်ဝင်ငွေရှိနေတာမို့ သိပ်ပူစရာမလိုတော့ပါဘူး။
ကျောင်းစာတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့မို့ အခြားသူများထက်တော့ စိန်ခေါ်မှုတွေ၊ ဖိအားတွေပိုများနိုင်ပေမယ့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ခြင်းက အစွမ်းအစမြင့်မားလာစေပါတယ်။ တဖြေးဖြေး အရည်အချင်းနဲ့လည်း ပြည့်ဝလာနိုင်ပါတယ်။ လူမှုဘဝကိုလည်း ပိုပြီးနားလည်နိုင်လာသလို ငွေကိုလည်း ပိုပြီးတန်ဖိုးထားနိုင်လာပါတယ်။ ကိုယ်ပိုင်ဝင်ငွေကြောင့် ကိုယ့်ကိုကိုယ်ပိုပြီး ယုံကြည်မှုရှိလာသလို၊ အချိန်လည်း အလဟဿမဖြစ်ဘဲ စနစ်တကျအသုံးချတတ်လာပါတယ်။ သင့်ဘဝရဲ့အချိန်ကို စနစ်တကျဖြတ်သန်းရင်း သင့်ဘဝအနာဂတ်ပိုပြီးတောက်ပလာသလို ခံစားရပါလိမ့်မယ်။
အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရတဲ့ တစ်ချို့လူငယ်တွေ တက္ကသိုလ်ကျောင်းသားဘဝကို အပြည့်အဝမခံစားရလို့ အားငယ်မနေရအောင် အလုပ်တစ်ဖက်နဲ့ကျောင်းတက်ခြင်းကြောင့် ရရှိနိုင်တဲ့အဓိက အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။