တစ်စုံတစ်ယောက်ကို မှီခိုနေရတဲ့အခါ……

တစ်ယောက်ယောက်ကိုမှီခိုနေတယ်ဆိုတာက အသက်က ၁၈နှစ်ပြည့်ပြီးပေမယ့် မိဘဆီက မုန့်ဖိုးလက်ဖြန့်တောင်းနေတာမျိုး၊ ဘွဲ့ရပြီးဖြစ်ပေမယ့် အခြားအလုပ်တစ်ခုခုမရသေးလို့ မိဘကို ပြန်မှီခိုနေတာမျိုး၊ အိမ်ထောင်ကျပြီးဖြစ်ပေမယ့် မိဘကို ပြန်ပြီး လက်ဖြန့်တောင်းနေတာမျိုးတွေသာမကဘူး ကိုယ့်ဟာကိုယ်ရပ်တည်ရှင်သန်နေနိုင်ရက်နဲ့ လိုအပ်တဲ့အစွမ်းအစမပြည့်ဝလို့ ကိုယ့်တာဝန်ယူနိုင်ရက်နဲ့ မယူဘဲ အခြားလူတစ်ယောက်အပေါ် လုံးလုံးလျားလျားမှီခိုနေရတာမျုးိကို ပြောချင်တာပါ။


လူဆိုတာ မိသားစုနဲ့အသိုင်းနဲ့အဝန်းနဲ့ ပတ်ဝန်းကျင်နဲ့နေထိုင်ကြတာဖြစ်တဲ့အတွက် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အပြန်အလှန်အမှီသဟဲ ပြုရတာမျိုးကိုတော့ မဆိုလိုပါဘူး။ ဒါပေမယ့် ကိုယ့်ဘဝအတွက် ကိုယ်တိုင်ရပ်တည်ရှင်သန်နိုင်ဖို့ကျတော့ ကိုယ့်ရဲ့တတ်သင့် သိသင့်တဲ့ အသိပညာ၊ အတတ်ပညာအချို့ကို မဖြစ်မနေသင်ယူခြင်းက အခြားဘယ်သူ့အတွက်မှ မဟုတ်ဘဲ ကိုယ့်ရဲ့ အရည်အချင်းတွေပြည့်ဝလာဖို့အတွက်ပါပဲ။
ကိုယ့်မှာ ကိုယ့်ဘဝကိုယ်တိုင် တာဝန်ယူရှင်သန်ရပ်တည်နိုင်တဲ့အခါ မိဘရဲ့အမွေရခြင်းမရခြင်း၊ အခြားလူတစ်ယောက်ယောက်ရဲ့ အကူအညီရခြင်းမရခြင်းနဲ့ အခြားလူတစ်ယောက်ယောက်ကို မဖြစ်မနေ မှီခိုရှင်သန်ရခြင်းဆိုတဲ့ဘဝကနေတော့ လွတ်ကင်းနိုင်ပါတယ်။ တနည်းအားဖြင့်တော့ မိသားစုနဲ့ပတ်ဝန်းကျင်နဲ့ လုံးလုံးလျားလျားအမှီအခိုလွတ်ကင်းဖို့တော့မဖြစ်နိုင်ဘူး၊ ဒါပေမယ့် ကိုယ့်တာဝန်တော့ ကိုယ်ယူနိုင်ခြင်းဟာ တချိန်မှာ ကိုယ့်ဘဝအတွက်ပိုပြီး အဆင်ပြေစေမှာဖြစ်ပါတယ်။

(ကျန်းမာရေးအရ တခုခုကြောင့် အခြားလူအပေါ်မှီခိုနေရတယ်ဆိုတာမျိုးက မဖြစ်မနေမို့ မပြောလိုပါဘူး) ဒါပေမယ့် မြန်မာမိဘတော်တော်များများရဲ့မိသားစုမှာကျတော့ အိမ်ထောင်ကျပြီးသွားတာတောင် မိဘကို ပြန်ပြီးမှီခိုနေတဲ့မိသားစုမျိုးတွေ တော်တော်များများရှိနေပါသေးတယ်။ အဲဒါကြောင့် မှီခိုသင့်တဲ့အရွယ် (ဥမမယ်စာမမြောက)် ပညာမပြည့်ဝတဲ့အရွယ်က ကိစ္စမရှိပေမယ့် ကိုယ့်ဘဝကိုယ်တာဝန်ယူ၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ့်ဘဝကို ရွေးချယ်ရှေ့ဆက်ရမယ့်အရွယ်ရောက်ပြီးသားသမီးတွေမှာတော့ မိဘကို ပြန်လည်မှီခိုနေတုန်းဆိုတာကမဖြစ်သင့်တော့ပါဘူး။
အဲဒီလိုပါပဲ…….အိမ်ထောင်ရေးမှာဆိုလည်း အိမ်ထောင်ဦးစီးအမျိုးသားက အလုပ်လုပ်မယ်၊ အမျိုးသမီးက ပြင်ပဝင်ငွေမရှာနိုင်ဘူးဆိုတာမျိုးက အချိန်တစ်ခုရောက်လာတဲ့အခါ အမျိုးသားလုပ်သူကစိတ်ပြောင်းသွားတာမျိုး ဒါမှမဟုတ် အကြောင်းအရာတစ်ခုခုကြောင့် ဝင်ငွေမရနိုင်တော့တဲ့အခါမျိုးမှာ တစ်မိသားစုလုံးကို အခက်အခဲဖြစ်လာစေနိုင်ပါတယ်။ (အမျိုးသားမှ အမျိုးသမီးမှရယ်မဟုတ်ဘဲ အမြဲတစေ အသိပညာ၊ အတတ်ပညာတစ်ခုခုကို ထိရောက်စွာ ထူးချွန်အောင် သင်ယူနေသင့်တာပါ)

တစ်စုံတစ်ယောက်ကို မဖြစ်မနေအခြေအနေအကြောင်းကြောင်းကြောင့် မှီခိုနေရတာကလွဲပြီး ဖြစ်နိုင်ရင်တော့ အမှီအခိုကင်းအောင် တနည်းအားဖြင့် ကိုယ့်တာဝန်ကိုယ်ယူနိုင်အောင် ကြိုးစားသင့်ပါတယ်။ အဲဒီလိုကြိုးစားခြင်းဟာ စိတ်ပိုင်းဆိုင်ရာအားဖြင့်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာစေပါတယ်။
အမြဲတမ်းအခြားတစ်ယောက်ကို မှီခိုနေရတဲ့အခါ ကိုယ့်မှီခိုနေရတဲ့သူရဲ့ စိတ်အလိုကျမှုရှိဖို့၊ စိတ်မငြိုငြင်ဖို့အပြင် “ထိုလူမရှိတော့ရင်…..ဘယ်လိုများ ရှင်သန်ရပ်တည်မလဲ….” ဆိုတဲ့အတွေးမျိုးနဲ့လည်း ဘဝကို ရင်ဆိုင်ဖို့ရာ ကြောက်ရွံ့တုန်လှုပ်မှုအနည်းနဲ့အများရှိနိုင်ပါတယ်။ “ဖြစ်ပါ့မလား…..” ဆိုတဲ့စိတ်နဲ့ ဘယ်အရာမှာမဆို ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုက လျော့ကျနေနိုင်ပါတယ်။ အဲဒါအပြင် တဖက်လူရဲ့အလိုလိုက်အကြိုက်ကိုဆောင်နေရပါအုံးမယ်။ အားငယ်စိတ်ကလည်း အနည်းနဲ့အများရှိနေနိုင်ပါသေးတယ်။ အချိန်တစ်ခုအကြာမှာ မိမိကိုယ်ကိုယ်ပျောက်ဆုံးလာတဲ့စိတ်နဲ့ ကိုယ့်ရဲ့ရှိရင်းစွဲ အစွမ်းအစတွေဟာလည်း လျော့နည်းလာစေပါတယ်။ အချိန်ကြာလေလေ မှီခိုလို့မဖြစ်မနေ မှီခိုနေရလေလေနဲ့ နွံ့ထဲက ရုန်းမရသလို မှီခိုရတဲ့ဘဝကနေလည်း မလွတ်မြောက်နိုင်တော့ပါဘူး။
အဲဒီ့အတွက် တစ်စုံတစ်ယောက်အပေါ်မှာ ရုပ်ပိုင်းဆိုင်ရာအားဖြင့်ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာအားဖြင့်ဖြစ်စေ မှီခိုနေမိခြင်းဟာ တဖြည်းဖြည်းနဲ့ ကိုယ့်ဘဝပျောက်ဆုံးလာသလိုခံစားလာရစေပါတယ်။
အဲဒါကြောင့် တစ်စုံတစ်ယောက်အပေါ်မှီခိုနေခြင်းဟာ အခုလက်ရှိအချိန်မှာနေသာတယ်ဆိုရင်တောင် နောင်တစ်ချိန်မှာ ဆိုးရွားစွာထိခိုက်မှုဖြစ်လာစေနိုင်ပါတယ်။ “ဆင်ဖြူတော်မှီပြီး ကြံစုပ်တယ်” ဆိုတာ ဆင်ဖြူတော်ရှိနေတုန်းတော့ ဟုတ်ပါရဲ့။ ဆင်ဖြူတော်မရှိတော့တဲ့အခါ……ဘယ်လိုလုပ်ပါ့မလဲဆိုတာမျိုးတွေးကြည့်ပါ။

အဲဒါကြောင့် ဆင်ဖြူတော်မှီပြီး ကြံစုပ်မယ့်အစား ကိုယ်တိုင်ဆင်ဖြူတော်ဖြစ်တာ ပိုမကောင်းဘူးလား။ စိန်နားကပ်ရောင်ကြောင့် ပါးပြောင်မယ့်အစား ကိုယ်တိုင်စိန်နားကပ်လိုတန်ဖိုးရှိလာအောင် ကြိုးစားတာမကောင်းဘူးလား။ ကိုယ်တိုင်လမ်းလျှောက်တတ်လာတဲ့အခါ တစ်နေရာကနေ တစ်နေရာရောက်ဖို့အရေး ဘယ်သူ့အချီအပိုးခံဖို့ကိုမှ စောင့်နေစရာမလိုတော့ပါဘူး။
တနည်းအားဖြင့်တော့ ကိုယ်ရဲ့ကိုယ်ပိုင်အရိပ်နဲ့ ကိုယ် အေးမြခြင်းဟာ ဘယ်သူ့အတွက်မှ စိတ်သောကရောက်စရာမလိုတော့ပါဘူး။ ကိုယ့်တာဝန်ကိုယ်ယူနိုင်ခြင်းဟာ အခြားသူတွေအပေါ် ဝန်ထုပ်ဝန်ပိုးလည်းမဖြစ်စေတော့သလို ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အချင်းကြောင့် ဘယ်နေရာသွားသွားပါစေ၊ ဘယ်သူတွေဘယ်လိုယှဉ်ပြိုင်တိုက်ခိုက်လာပါစေ ကိုယ့်အားကိုယ်ကိုး အနိုင်ယူလာနိုင်စေပါတယ်။ အဲဒါကြောင့် ကိုယ့်တာဝန်ကိုယ်ယူနိုင်အောင်ကြိုးစားခြင်းဟာ တစ်စုံတစ်ယောက်ကို မှီခိုခြင်းထက်တော့ ပင်ပန်းပါလိမ့်မယ်။ ဒါပေမယ့် သင့်အရည်အချင်းဆိုတဲ့ ရတနာသိုက်ကို ဘယ်သူကမှ ခိုးယူလို့မရသလို ၊ ဘယ်သူ့အတွက်မှ ပူပန်သောကရောက်စရာမလိုတဲ့ တစ်သက်တာ အေးချမ်းခြင်းတစ်မျိုးပဲဖြစ်တာမို့ ကိုယ့်တာဝန်ကိုယ်ယူပြီး ကိုယ့်အားကိုယ်ကိုးတတ်အောင်ကြိုးစားပါလို့တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။