တစ်စုံတစ်ယောက်ကို အားကိုးမယ်ဆိုတဲ့စိတ်နဲ့ မရှင်သန်လိုက်ပါနဲ့။ အမှီအခိုကင်းအောင် ကြိုးစားနိုင်ခြင်းဟာ သင့်အတွက် စွမ်းအင်တစ်ခုပါပဲ။

လွန်ခဲ့တဲ့နှစ်ပေါင်များစွာက မိန်းကလေးဆိုရင် ယောကျ်ားကိုအားကိုးလို့ရတယ်၊ မိန်းကလေးက အိမ်ထောင်မှုထိန်းသိမ်းတတ်ရင်တော်ပြီပေါ့....ဆိုတာမျိုးတွေနဲ့ ဘောင်ခတ်ခံခဲ့ကြတာ ကြားဖူးကြမှာပါနော်။ အခုခေတ်မှာတော့ အားလုံးလိုလိုအမြင်ကျယ်လာကြပါပြီ။ မိန်းကလေးဖြစ်ပေမယ့် ဝင်ငွေရှာတဲ့နေရာမှာရော၊ အိမ်မှုကိစ္စမှာပါ မိန်းမရယ်၊ ယောကျ်ားရယ်မခွဲခြားတော့ဘဲ တန်းတူကြိုးစားပြီး တန်းတူအမြင်ရှိလာကြပါပြီ။


ကိုယ်တွေငယ်ငယ်ကဆို တစ်စုံတစ်ယောက်ကို အားကိုးခြင်းဟာ ဘယ်လောက်ထိ ခံစားရသလဲဆိုတာ ပိုသိခဲ့ရပါတယ်။ ကိုယ်တွေမိဘက ရှေးရိုးစွဲကြီးတွေမို့ အဖေလုပ်စာကို အမေက မှီခိုသူအဖြစ်နေတဲ့အခါ အဖေလုပ်သူမရှိတဲ့အချိန်မှာ ပြင်ပလောကကြီးနဲ့နှစ်ပေါင်းများစွာအဆက်ပြတ်ပြီး အားလုံးကို ဘဲဥအစရှာမရသလို ပြန်လည်ကြိုးစားဖို့ရာ အခက်ခဲပေါင်းများစွာ ကြုံရပါတော့တယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ရဲ့ အမျိုးအဆွေက သိတတ်ရင် ကိစ္စမရှိ၊ ကူကယ်ဖော်ရနိုင်ပေမယ့် အသားထဲက လောက်ထွက်သလို အမျိုးအဆွေဖြစ်နေပေမယ့် ရေနစ်သူဝါးကူထိုးချမယ်ဆိုတဲ့လူမျိုးတွေနဲ့ ကြုံတဲ့အခါမှာတော့ လောကဓံဆိုတာ ဒါပါလားဆိုတဲ့အဓိပ္ပါယ်ကို လေးနက်စွာနားလည်ဖို့ရာ ခါးစည်းခံကြရပြန်ပါတယ်။

ဒီနေရာမှာ မိန်းမဖြစ်လို့၊ ယောကျာ်းဖြစ်လို့ ဆိုတဲ့ ကျားမအယူဆွဲတွေနဲ့ပြောချင်တာမဟုတ်ပါဘူး။ အမြဲလိုလို သူတစ်ပါးကို အားကိုးနေရတဲ့သူတွေဟာ သူတစ်ပါးနှာခေါင်းပေါက်နဲ့ အသက်ရှုရသူနဲ့တူပါတယ်လို့ဆိုချင်တာပါပဲ။ ကိုယ့်ရဲ့အသက်ရှင်ဖို့ရာအတွက်ကို သူတစ်ပါးရဲ့အရိပ်ကိုခိုမှ သက်တောင့်သက်သာရှိမယ်ဆိုရင် ထိုအရိပ်ပေးနိုင်သူမရှိတော့တဲ့အခါ နေလောင်ခြင်းကို ကောင်းကောင်းခံရ‌တော့မှာပေါ့။ အဲဒီ့အခါ အစကတည်းက နေပူမခံနိုင်သူအတွက် ပိုပြီး ဒုက္ခကြီးသလိုခံစားရတတ်ပါတယ်။ ဆင်ဖြူတော်မှီပြီး ကြံစုပ်နေတဲ့အတွက် ဆင်ဖြူတော်မရှိတော့တဲ့အခါ ထမင်းငတ်ရမှာပါ။ အဲဒါကြောင့်ကိုပဲ ကိုယ့်ရဲ့မှီခိုရသူကို အရိပ်တကြည့်ကြည့် ၊ စိုးတထိတ်ထိတ်နဲ့ မြင်းမိုရ်တောင်ကြီးပျောက်သွားမလားဆိုတဲ့စိုးရိမ်စိတ်အပြည့်နဲ့ နေထိုင်နေရမှာပဲဖြစ်ပါတယ်။

တနည်းအားဖြင့်တော့ ကိုယ့်ရဲ့ပင်ကိုယ်အားထုတ်မှုမရှိဘဲ တပါးသူကိုသာ အားကိုးနေရတဲ့အတွက်ကြောင့်ကို သူတစ်ပါးမျက်နှာကို အရိပ်ကြည့်နေရတာပါပဲ။ သူတစ်ပါးရဲ့ စိတ်နဲ့ ကိုယ့်ခန္ဓာကိုယ်ဖြစ်နေတဲ့အတွက်ကြောင့် ကိုယ့်စိတ်သွားတိုင်း ကိုယ်မပါနိုင်ပါဘူး။ သူတစ်ပါးမျက်နှာကြည့်နေရတဲ့အတွက်ကြောင့်ကို သူတစ်ပါးစိတ်တိုင်းမကျမှာစိုးရပြန်ပါတယ်။ အဲဒါအပြင် အဆိုးဆုံးကတော့ အနာဂတ်အတွက် အာမခံချက်မရှိတာပါပဲ။ ကိုယ့်ရဲ့ပင်ကိုယ်စွမ်းရည်က ရလာတဲ့အရိပ်နဲ့နေရတာမဟုတ်တဲ့အတွက် သူတစ်ပါးကျေနပ်မှုရှိခြင်းမရှိခြင်းပေါ်မူတည်ပြီး ကိုယ့်ရဲ့အနာဂတ်ကိုပါ ကိုယ့်အရိပ်ခိုသူလက်ထဲထည့်ပေးထားရတာပါပဲ။ သက်သာတယ်၊ ပေါ့ပါးတယ်၊ အပူအပင်မရှိဘူးလို့ ထင်ရပေမယ့် ကိုယ့်ရဲ့ကံကြမ္ပာတစ်ခုလုံးကို သူများလက်ထဲထည့်ထားရတဲ့အတွက် အစွမ်းအစမဲ့လာသလိုခံစားရပြီး ကိုယ့်ကိုယ်ကိုယ်အသုံးမကျသူလိုဖြစ်လာနိုင်ပါသေးတယ်နော်။
သူတစ်ပါးအရိပ်ကိုမခိုဘဲ ကိုယ်တိုင် အစွမ်းအစနဲ့ရပ်တည်နိုင်အောင်ကြိုးစားတဲ့အခါ ပင်ပန်းတယ်လို့ ထင်ရပေမယ့် အားသာချက်တွေအများကြီးရှိလာပါတယ်။ အနာမခံ၊ သာမစံရ ဆိုတဲ့ စကားလိုပေါ့။ အနာခံပြီး ပင်ပန်းခံပြီး ကိုယ်တိုင်ကြိုးစားရတဲ့ အခါ ကိုယ့်
ရဲ့လိုအပ်ချက်ကို သိလာပြီး ကိုယ့်ကိုယ်ကိုယ်ကြိုးစားပြုပြင်လာနုိင်ပါတယ်။ ကြိုးစားလေ စွမ်းရည်တိုးတက်လာလေလေမို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာစေပါတယ်. ကိုယ့်ရဲ့အနာဂတ်အတွက် ကိုယ့်စိတ်ကြိုက်စီစဥ်နိုင်ပါတယ်။ ဘယ်သူ့ကိုမှ အားမကိုးရလို့ ဘယ်သူမျက်နှာမှ ငဲ့ညှာစရာမလိုဘဲ ဘယ်သူ့စိတ်နဲ့မှ ရှင်သန်စရာမလိုဘဲ လွတ်လပ်စွာ စိတ်သွားတိုင်းကိုယ်ပါနိုင်ပါတယ်။ အချိန်တန်ဘယ်နေရာရောက်ရောက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ခြင်‌းကြောင့် ကိုယ့်ရဲ့ချမ်းသာစည်းစိမ်ဟာ ကိုယ်တိုင်ပေါ်ပဲ မူတည်တာဖြစ်ပါတယ်။

လွတ်လပ်စွာ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် ရှင်သန်ရခြင်းက ဘယ်လောက်အဓိပ္ပါယ်ရှိသလဲဆိုတာ ရှင်သန်ဖူးမှသိတာပါ။ အဲဒီ့အတွက် အခက်အခဲတွေကို ရင်ဆိုင်ရလေလေ ယုံကြည်မှုတိုးလေလေ၊ ကြိုးစားလေလေ စွမ်းရည်တိုးလေလေ၊ ကိုယ့်ဘဝအတွက် ပိုပြီး ပျော်ရွှင်လေလေ ပါပဲ။ တနည်းအားဖြင့် ကိုယ့်အရိပ်ကိုယ်ခိုခြင်းကြောင့် ကိုယ်သာလျှင် ကိုယ့်ရဲ့အရှင်သခင်ပါပဲ။
အဲဒါကြောင့် ကိုယ်တိုင်ရပ်တည်ရတာပင်ပန်းလို့ တစ်စုံတစ်ယောက်ကိုများ အားကိုးမယ်လို့ မတွေးလိုက်ပါနဲ့ ၊ သူများကို အားကိုးခြင်းဟာ ကိုယ့်အနာဂတ်တစ်ခုလုံးမရေရာပါဘူး။ ကိုယ့်အားကိုယ်ကိုးပြိး အမှီအခိုကင်းခြင်းဟာတကယ့်စွမ်းရည်အစစ်ဖြစ်ပြီး ကိုယ့်အတွက် တကယ့်ပျော်ရွှင်ခြင်းနဲ့ ယုံကြည်မှုတိုးစေလို့ ဘဝမှာ အဓိပ္ပါယ်ရှိတဲ့ရှင်သန်ခြင်းလို့ ခံစားရလာစေပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။