သရဲကြောက်တတ်တဲ့ စိတ်ကို ဘယ်လိုဖျောက်လို့ရမလဲ

သရဲကြောက်တတ်သူတွေရှိလား။ တစ်ချို့ကတော့ သရဲဆိုတာကို မယုံကြည်လို့ မကြောက်တတ်ကြပေမယ့် တစ်ချို့ကတော့ သရဲဆိုတာနဲ့ ဒူးတုန်နေကြတာမျိုးလည်း တွေ့ဖူးပါတယ်။ ဒါပေမယ့် သရဲကြောက်တတ်တဲ့စိတ်က စိတ်အာရုံတစ်ခုပါပဲ။ သရဲကြောက်တတ်တဲ့စိတ်ကို အလေ့အကျင့်တစ်ခုလုပ်ပြီး ဖျောက်ပစ်လို့ရတယ်ဆိုတာ ယုံကြမလားမသိဘူးနော်။ အောက်မှာဖော်ပြထားတဲ့အချက်တွေကို တဖြေးဖြေးအကျင့်လေးလုပ်သွားပြီး နေကြည့်မယ်ဆိုရင် သရဲကြောက်တတ်တဲ့စိတ် တဖြေးဖြေးပျောက်သွားပါလိမ့်မယ်။


၁) စိတ်ရှင်းအောင်လုပ်ပါ။
တစ်ယောက်တည်းရှိနေတဲ့အချိန် အသံတစ်ခု၊ အရိပ်တစ်ခုခု ကြားလိုက်တာမျိုး အမှတ်တမဲ့ထင်လိုက်တာမျိုးဆိုရင် (တိတိကျကျအကောင်အထည်မြင်တာမျိုးမဟုတ်ဘဲ) ကိုယ်ထင်နေတာကို ချက်ချင်းထကြည့်လိုက်သင့်ပါတယ်။ အဲဒါမှ ကိုယ်စိတ်ကထင်ယောင်ထင်မှားဖြစ်နေတာလား၊ တကယ်ပဲလားဆိုတာ ကိုယ်စိတ်ရှင်းသွားမှာပါ။ ကိုယ်ကြည့်လိုက်လို့ ဘာမှမရှိရင် “အော် ….ငါ့စိတ်ကထင်နေတာပါ၊ ဘာမှမရှိပါဘူး” ဆိုတဲ့စိတ်ကြောင့် ကိုယ်ကစိတ်ချလက်ချဖြစ်သွားမှာပါ။ ဇဝေဇဝါလည်းမဖြစ်နေဘဲ စိတ်ရှင်းသွားရမှာပါ။
၂) ယုံကြည်ထားပါ။
နာနာဘာဝဆိုတာ လူတွေထက်နိမ့်ကျတဲ့ဘဝပါ။ လူတွေကို မခြောက်လန့်နိုင်ပါဘူး။ သူတို့လိုချင်တာ၊ လုပ်ချင်တာလေးတစ်ခုအတွက် ပြောပြကြတာမျိုးပါ။ အဲဒီ့တော့ နာနာဘာဝဆိုတာ လူကိုခြောက်လန့်တာမဟုတ်ပါဘူး။ တကယ်တမ်း သင်က အထက်ကအချက်ကို လုပ်ဖြစ်တယ်ဆိုရင် စိတ်ချပါ၊ သင်စိတ်မရှင်းလို့ ထကြည့်မိရင်တောင် သင့်ကို သူတို့အကောင်လိုက်ပြပြီး မခြောက်လန့်နိုင်ပါဘူး။ အဲဒီ့တော့ သင်ကြောက်နေစရာမလိုပါဘူးနော်။ သင့်စိတ်မှာလည်း ကြောက်စိတ်ဝင်လာရင် အဲလိုပဲတွေးပြီး ယုံကြည်ထားပါ။
၃) သင့်စိတ်ကိုကြောက်လန့်စေတဲ့စာမျိုးမဖတ်မိအောင် သတိထားပါ။
တစ်ချို့က သရဲဆိုတာကို အကောင်အထည်မမြင်ဖူးလို့ မကြောက်တတ်ကြပါဘူး။ တစ်ချို့ကကျတော့ သရဲစာအုပ်တွေဖတ်တာ စွဲလမ်းရာကနေ သရဲစာအုပ်တွေထဲကလိုများ ဒီနေရာကထွက်လာမလား၊ ဟိုနေရာကထွက်လာမလားတွေးပြီး လန့်ရာကနေမှ သရဲကြောက်တတ်လာတာမျိုးရှိပါတယ်။ ကလေးသူငယ်တွေကို သရဲစာအုပ်မျိုး၊ သရဲရုပ်ရှင်ကားမျိုး၊ စိတ္တဇလူသတ်ကားမျိုး လုံးဝမပြသင့်ပါဘူး။ နုငယ်တဲ့စိတ်ထဲမှာ ကြောက်စရာဆိုတာကို စွဲသွားတဲ့အခါ အကောင်အထည်မမြင်ဖူးဘဲ ကြောက်လန့်စိတ်ဖြစ်သွားရာကနေ သရဲကြောက်စိတ်က ကြီးတဲ့အထိမပျောက်တော့တာမျိုးဖြစ်တတ်ပါတယ်။ တစ်ချို့သရဲကြောက်တတ်သူက သရဲတော့ဘယ်နေရာကထွက်လာမလဲဆိုပြီးကြောက်တတ်ပါတယ်။ ဒါပေမယ့် သရဲစာအုပ်၊ သရဲကားတော့ စွဲလမ်းစွာကြည့်တတ်ပါတယ်။ အဲလိုမျိုး စိတ်ကိုခြောက်လန့်ရေးထားတဲ့စာတွေ၊ ရုပ်ရှင်ကားတွေကို မကြည့်တာက ကြောက်လန့်စိတ်ကို ပျောက်စေပါတယ်။ ကြောက်လဲမကြောက်တတ်တော့ပါဘူး။ မယုံရင် သရဲလုံးဝမကြောက်တတ်သူကို တစ်လလောက်သရဲကားတွေ၊ သရဲစာအုပ်တွေဖတ်ခိုင်းကြည့်လိုက်ပါ၊ ထိုသူပါမကြာခင် သရဲကြောက်တတ်သွားပါလိမ့်မယ်။ အဲဒါကြောင့် သရဲကြောက်တတ်တဲ့အကြောင်းရင်းထဲမှာ အဲဒီ့အချက်လည်း ပါပါတယ်နော်။ စိတ်ကိုခြောက်လန့်စေတဲ့စာအုပ်တွေ၊ ရုပ်ရှင်ကားတွေမကြည့်မိအောင် ဂရုစိုက်ပါ။
၄) ကိုယ့်ကိုကိုယ်အားပေးပါ။
တစ်ယောက်တည်းရှိနေရင်ကို စိတ်ကခြောက်လန့်တတ်တာထုံးစံပါပဲ။ စိတ်ကခြောက်လန့်တိုင်း ကိုယ်ကကြောက်လန့်နေတတ်တော့ ကိုယ့်စိတ်ကိုကိုယ် အားပေးပါ။ ဘာမရှိဘူး….မကြောက်နဲ့။ ဆိုတာမျိုးနဲ့ အားပေးကြည့်ပါ။ စိတ်ထဲကနေ တဖွဖွရေရွတ်ပါ။ ကိုယ့်စိတ်က ထင်နေတာမျိုးရှိရင် ချက်ချင်းထကြည့်လိုက်ပါ။ သေချာအောင်ကြည့်ပါ။ မရှိဘူးဆိုတာသေချာတဲ့နောက်တော့ ကိုယ့်ကိုကိုယ်ပိုပြီသေချာစေတဲ့အတွက် ပိုပြီးအားပေးလို့ရသွားတာပေါ့။
၅) အသက်ကိုခပ်ပြင်းပြင်းရှုသွင်း၊ ရှုထုတ် လုပ်ကြည့်ပါ။
စိတ်က ကြောက်လန့်မှုကြောင့် ဂယောက်ဂယက်ဖြစ်နေပြီဆိုရင် အသက်ကို ခပ်ပြင်းပြင်းလေး ရှုသွင်း၊ ရှုထုတ်လုပ်ကြည့်လိုက်ပါ။ ၁ ကနေ ၁၀ လောက်ထိ ရေတွက်နေလိုက်ပါ။ စိတ်က ပြန်တည်ငြိမ်သွားပါလိမ့်မယ်။
၆) စိတ်ကို ပြောင်းလဲပစ်ပါ။
အရင်က ကြောက်တတ်တဲ့စိတ်ကို ဒီနေ့ကစပြီး ပြောင်းလဲပစ်လိုက်ပြီ လို့တွေးပါ။ ကြောက်စရာပေါ်လာရင် အထက်က အချက်တွေတစ်ခုချင်းပြန်လုပ်ကြည့်ပါ။ “မကြောက်ဘူး…….၊ ငါမကြောက်ဘူး” လို့ တဖွဖွတွေးပြီး အကျင့်ဖြစ်လာရင် တော်တော်ထိရောက်တာကို သင်တွေ့ရပါလိမ့်မယ်။

စတင်လုပ်ဆောင်ကြည့်ပြီး သရဲကြောက်တတ်တဲ့စိတ်ကို ပြောင်းလဲနိုင်ကြပါစေ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။