သူငယ်ချင်းတွေက မကောင်းတာတူတူလုပ်ဖို့ အဖော်ညှိရင် ဘယ်လိုလုပ်မလဲ။

လူမှုဆက်ဆံရေးဝန်းကျင်မှာ ကောင်းတဲ့သူငယ်ချင်းမျိုးကော မကောင်းတဲ့သူငယ်ချင်းမျိုးကော တွေ့ကြုံလာရမှာပါ။ ကောင်းတဲ့သူငယ်ချင်းမျိုး ကြုံလာတာက ပြဿနာမဟုတ်ပေမယ့် မကောင်းတဲ့သူငယ်ချင်းမျိုးနဲ့ ပေါင်းသင်းမိရင်တော့ ပြဿနာဖြစ်နိုင်သလို ကိုယ့်ကိုလည်း ထိခိုက်လာနိုင်ပါတယ်။ ထိုကဲ့သို့ မကောင်းတဲ့အပေါင်းအသင်းမျိုးနဲ့ ကြုံလာရတဲ့အခါ ဘယ်လိုရှောင်ရှားမလဲဆိုတာလေးတွေဖော်ပြလိုက်ပါတယ်နော်။ ၁) ပြတ်ပြတ်သားသား ငြင်းပါ။ မကောင်းတဲ့အပေါင်းအသင်းမျိုးက မကောင်းတာလုပ်ဖို့ပဲသင့်ကိုအဖော်ညှိမှာပါ။ အဲဒီ့အခါ သင်လုပ်သင့်တာက ပြတ်သားစွာ ငြင်းဆန်ဖို့ပါ။ အားနာပါးနာနဲ့ ဟိုမရောက်ဒီမရောက်အဖြေပေးမိတာမျိုးကို သူတို့က သိပါတယ်။ ဒီတစ်ခါဆွယ်လို့မပါပေမယ့် နောက်တစ်ခါဆို ပါနိုင်တယ်ဆိုရင် ထပ်ဆွယ်နေအုံးမှာပါ။ အဲလိုမဖြစ်ရအောင် တစ်ခါတည်း ပြတ်သားစွာငြင်းပစ်လိုက်ပါ။ ၂) မလုပ်သင့်ကြောင့်ဖျောင်းဖျကြည့်ပါ။ တစ်ချို့အပေါင်းအသင်းမျိုးကတော့ အကျိုးသင့်အကြောင်းသင့်ရှင်းပြလိုက်ရင် နားဝင်တတ်ပါတယ်။ တစ်ချို့ကတော့ ကိုယ်လုပ်ချင်ရာလုပ်တတ်တဲ့သူမျိုးပါ။ အဲလိုအပေါင်းအသင်းမျိုးကျတော့ ဖျောင်းဖျလို့မရတတ်တဲ့အတွက် လွှတ်ပေးထားလိုက်တာပိုကောင်းပါတယ်။ လောကမှ အမှားကို မှားမှန်းသိပြီး ပြင်တတ်သူမျိုးက အပေါင်းအသင်းလုပ်သင့်တဲ့အထဲမှာပါပြီး မှားမှန်းသိလျက်မပြင်တတ်သူနဲ့ အမှားကိုလုံးဝကို နှစ်ခြိုက်စွာကိုင်စွဲထားတတ်သူမျိုးကိုတော့ လုံးဝမပေါင်းသင့်ပါဘူး။ ကိုယ်ပေါင်းသင်းနေတဲ့ အပေါင်းအသင်းထဲမှာ ဒုတိယအမျိုးအစားလူမျိုးပါလာခဲ့ရင် သတိထားတာအကောင်းဆုံးပါပဲ။ ကိုယ်ပေါင်းစိတ်ခွာနေသင့်တဲ့သူမျိုးပါ။ အဲဒီ့တော့ မကောင်းတာလုပ်ဖို့ဆွယ်တဲ့သူကို မလုပ်သင့်ကြောင်းပြောပြကြည့်ပါ။ အမှားကိုသိလို့ အမှန်ပြင်သွားတော့ နှစ်ဦးနှစ်ဖက်အကျိုးရှိပါတယ်။ ပြောကြည့်လို့မှ လုံးဝကိုမပြင်မယ့်သူမျိုးဆိုရင်တော့ ကိုယ်ကခပ်ဝေးဝေးနေ ရှောင်လိုက်ပါတော့။ တစ်ခုရှိတာက လူငယ်တွေမှာ အတွေးတစ်ခုရှိတတ်ပါတယ်။ သူလုပ်တာ ကိုယ်လုပ်တာမဟုတ်ဘူးဆိုတဲ့အတွေးမျိုးပါ၊ ကိုယ်ကမလုပ်တဲ့အတွက်ကြောင့် ဘာမှမဖြစ်နိုင်ဘူး၊ သူနဲ့တော့ ဆက်ပေါင်းနေအုံးမှာပဲ…..သူငယ်ချင်းက သူငယ်ချင်းပဲဆိုတာမျိုးပေါ့။ အဲဒါက တစ်ချို့ပြဿနာတွေအတွက်မှန်နိုင်ပေမယ့် တစ်ချို့ပြဿနာမျိုးကျတော့ ကိုယ့်အတွက်ပါအရမ်းအန္တရာယ်ရှိနိုင်ပါတယ်။ ဥပမာ။ မူးယစ်ဆေး၊ စိတ်ကြွဆေးလို ပြဿနာမျိုးပါ။ သူက မူးယစ်ဆေးသုံးတယ်၊ ကိုယ်ကလုံးဝမသုံးဘူး၊ သူ့လက်ထဲမူးယစ်ဆေးလို၊ စိတ်ကြွဆေးလိုမျိုးက အမြဲရှိနေမှာပါ။ ကိုယ်ကမလုပ်ပေမယ့် မတော်တဆဥပဒေနဲ့ပတ်သက်တဲ့အခါ ကိုယ်ပါ ရောပါသွားနိုင်တာမျိုးပေါ့။ သတိထားရမှာက နောင်တရပြီး ပြန်ပြင်နိုင်မယ့်ကိစ္စမျိုးက တော်သေးနိုင်ပေမယ့် နောင်တရပြီး နောင်တသာ ပိုက်ထားရမယ့်ကိစ္စမျိုးကတော့ ဝေးဝေးရှောင်သင့်ပါတယ်။ ထိုကိစ္စမျိုးမှာ မိတ်ဆွေစစ်မရှိနိုင်ပါဘူးနော်။ ၃) ထိုနေရာကနေချက်ချင်းထွက်သွားပါ။ ထိုသူငယ်ချင်းမျိုးက ကိုယ့်တစ်ယောက်တည်းမှမဟုတ်ဘဲ အခြားသူတွေကိုလည်းအဖော်ညှိထားတတ်ပါသေးတယ်။ အခြားသူငယ်ချင်းတွေပါနေရင်တောင် ကိုယ်က မပါသင့်ပါဘူး။ ပြီးတော့ မကောင်းတာအတူလုပ်ဖို့ အတူတိုင်ပင်ထားတဲ့အပေါင်းအသင်းတွေကြားထဲမှာ ကိုယ်က ဆက်မနေသင့်ပါဘူး။ သူတို့ကို မလုပ်ဖို့ ဖျောင်းဖျကြည့်ပါ။ မရရင်တော့ သင်လည်း ထိုနေရာကနေ အမြန်ဆုံး လမ်းခွဲတာအကောင်းဆုံးပါပဲ။ ၄) ထိုကဲ့သို့အပေါင်းအသင်းမျိုးကို ရှောင်ကျဉ်ပါ။ အဲလိုမျိုး မကောင်းတာလုပ်ဖို့ အဖော်လာညှိတဲ့သူငယ်ချင်းမျိုးကို နောက်လုံးဝမပတ်သက်တာအကောင်းဆုံးပါပဲ။ ခင်မင်မှုသံယောဇဉ်ကြောင့် အားနာပြီး ဆက်လက်ပေါင်းသင်းမိရင် ဆိုးကျိုးတွေအများကြီးဖြစ်လာနိုင်ပါတယ်။ သူတို့လုပ်သမျှ မကောင်းမှုထဲမှာ တစ်ခါမဟုတ်တစ်ခါ ကိုယ်အဆစ်ပါသွားနိုင်ပါတယ်။ ကိုယ်တိုင်မပါရင်တောင် ဥပဒေနဲ့မလွတ်ကင်းတာမျိုးဆို ကိုယ်ပါ မယုံမကြည်ဖြစ်တာမျိုးခံရနိုင်ပါတယ်။ အဲဒါကြောင့် ဝေးဝေးကရှောင်တာအကောင်းဆုံးပါ။ ၅) မိဘတွေကို အကူအညီတောင်းပါ။ လုံးဝရှောင်ကျဉ်မရအောင် အကြပ်ကိုင်တာမျိုးကြုံလာတဲ့အခါ မရရအောင် ရုန်းထွက်ပါ။ ကိုယ့်ရဲ့အိမ်ကမိဘများကို ပြောပြပါ။ အကြပ်ကိုင်တာမျိုးဖြစ်လာရင် ရှောင်နိုင်အောင် စောင့်ကြည့်ပေးဖို့နဲ့ ကျောင်းမှာဖြစ်ဖြစ်၊ အပြင်မှာဖြစ်ဖြစ် လာကြိုပေးတာမျိုး ကူညီပေးဖို့အကူအညီတောင်းပါ။ အထက်ပါအချက်တွေကတော့ ယေဘုယျရှောင်ရှားနိုင်တဲ့အချက်လေးတွေပါ။ အခြေအနေနဲ့အချိန်အခါပေါ်မူတည်ပြီး ရှောင်ရှားသင့်ပါတယ်။ အားလုံးပဲ ပတ်ဝန်းကျင်ဆိုးတွေ၊ အပေါင်းအသင်းဆိုးတွေနဲ့ ကင်းဝေးကြပါစေ။ #BAWA101


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။