သူငယ်ချင်းကောင်းတွေကို ဘယ်လိုနည်းတွေနဲ့ရှာနိုင်လဲ။

ဘဝမှာ သူငယ်ချင်းကောင်းတွေရှိခြင်းကလည်း ကံကောင်းခြင်းတစ်မျိုးပါပဲ။ ကိုယ်ဒုက္ခရောက်တိုင်းဖေးမပေးမယ့်သူငယ်ချင်း ၊ ကိုယ်စိတ်ညစ်စရာကြုံတိုင်း မျှဝေခံစားပေးတတ်တဲ့သူငယ်ချင်း၊ မရှိအတူရှိအတူ နေပေးမယ့်သူငယ်ချင်းကောင်းတွေရှိခြင်းက ဘဝမှာ ဘာနဲ့မှ လဲလို့ မရနိုင်တဲ့ ရတနာတစ်ပါးပါပဲ။ အဲဒါကြောင့် သူငယ်ချင်းကောင်းတွေက သင့်အပေါ်ဘယ်လိုပြုမူသလဲဆိုတာကို ကြည့်ပြီး ဘယ်သူက သူငယ်ချင်းကောင်း၊ ဘယ်သူက မပေါင်းသင့်သောသူငယ်ချင်းမျိုးလဲ ဆိုတာ သိနိုင်မှာပါ။


၁) သင်ပြောသမျှ ရင်နဲ့အမျှ နားထောင်ပေးနိုင်တယ်။
သင်က ပြဿနာတစ်ခုခုရှိလာလို့ သင်ပြောပြချင်တာမှန်သမျှ သူက ပြီးစလွယ်နားထောင်ပေးတာမျိုးမလုပ်တတ်ပါဘူး။ သင်ပြောတာမှန်သမျှ အလေးအနက်ထားနားထောင်ပေးမယ်။ ပြီးရင် သင့်ကိုအကြံပေးမယ်၊ သင်ပြောသမျှအပေါ်ထင်မြင်ချက်ပေးမယ် အဲလိုမျိုး လုပ်တတ်ပါတယ်။ အဲဒါက သင့်အပေါ် သူက လေးနက်မှုရှိကြောင်း ပြသနေတာပါပဲ။ သင့်အပေါ် အလေးအနက်ရှိတဲ့သူမှ သင့်အပေါ် မျှဝေခံစားနိုင်သူဖြစ်နိုင်တာပါ။

၂) သင့်ရဲ့ကောင်းခြင်း၊ ဆိုးခြင်းကို မျှဝေခံစားပေးနိုင်ပါတယ်။
သင်ကောင်းတဲ့အခါ သင်နဲ့အတူတူ ဝမ်းသာပေးပြီး၊ သင့်အတွက် အဆိုးတွေကြုံလာရတဲ့အခါလည်း သင့်ကို နှစ်သိမ့်ပေးတတ်ပါတယ်။ သင်ရဲ့ကောင်းခြင်းဆိုခြင်းကို အတူမျှဝေခံစားပေးနိုင်တဲ့သူပါပဲ။ အပေါ်ယံသဘောမျိုးမဟုတ်ဘဲ၊ သူ့စိတ်ထဲတကယ်ထည့်ပြီး သင့်အတွက် ကူညီဖြေရှင်းပေးဖို့လည်း စဉ်းစားတတ်သူမျိုးဖြစ်ပါတယ်။

၃) သင့်ရဲ့ကောင်းကျိုးကိုသာ လိုလားသူဖြစ်ပါတယ်။
သင့်အတွက် မကောင်းကျိုးဖြစ်နိုင်ချေရှိတယ်လို့ ထင်တယ်ဆိုရင် အကျိုးသင့်အကြောင်းသင့်ပြောပြတတ်ပါတယ်။ မလုပ်သင့်တာကို တားမြစ်တတ်ပါသေးတယ်။ သူ့ကြောင့်လည်း သင့်ကိုမကောင်းတာတွေဖြစ်လာအောင် မဆွဲဆောင်တတ်ပါဘူး။

၄) သင် ပြဿနာကြုံလာတိုင်းလည်း သင့်ဘက်ကမားမားမတ်မတ်ရပ်တည်ပေးပါတယ်။
သင်က ပြဿနာတွေရှာလို့၊ ဒုက္ခတွေရောက်နေလို့ ဖြေရှင်းပေးမယ့်သူမရှိတာမျိုးဆိုရင်လည်း သူက သင့်ဘက်ကနေ တတ်စွမ်းသလောက် ရပ်တည်ပေးပါလိမ့်မယ်။ သင့်ကိုတိုက်ခိုက်သူတွေကိုလည်း သူ့ကိုတိုက်ခိုက်သလို သဘောထားပြီး သူက ပြန်ပြီးတုံ့ပြန်တတ်ပါသေးတယ်။

၅) သင့်အတွက်ဆို အချိန်ပြည့်အကောင်းဆုံး ရှိနေပေးတတ်သူပါ။
ဘယ်အချိန်မဆို သင်က လိုအပ်နေတယ်၊ အရေးကြီးတယ်ဆိုရင် သူ့အကျိုးစီးပွားတောင်ဖျက်ပြီး သင့်အတွက် ကူညီပေးတတ်သူပါ။ ဘယ်သူမဆို ကိုယ့်အကျိုးစီးပွားအပျက်ခံပြီး သူတစ်ဖက်သားအပေါ် တော်ရုံမကူညီနိုင်ပါဘူး။ သူတို့တော့ သူများမလုပ်ပေးနိုင်တာကို လုပ်ပေးနိုင်တဲ့သူမျိုးပါ။ သူတပါးမကျင့်နိုင်တာကို သင့်အပေါ်ကျင့်သုံးကူညီနိုင်တယ်ဆိုရင်တော့ သေချာပါတယ်။ သူကသင့်အတွက် နောက်ထပ်မရနိုင်တဲ့ မိတ်ဆွေကောင်းပါပဲ။ အဲဒါကြောင့် အဲလိုလူမျိုးကို တန်ဖိုးထားပါ။

၆) သူ့အတွက် တန်ဖိုးထားအပ်တဲ့အရာတွေကိုတောင် သင့်အတွက် စွန့်လွှတ်နိုင်ပါတယ်။
သင်အလိုရှိတယ်ဆိုရင် သူ့အတွက် တန်ဖိုးရှိတဲ့အရာကိုတောင် သူက ပေးဆပ်နိုင်တာမျိုးပါ။ ပြောရရင် သူ့အတွက် သင်ကပိုအဖိုးတန်တယ်လို့ တွေးတတ်သူများပေါ့။ အဲလိုလူမျိုးကိုတွေ့ရင် သူကတန်ဖိုးထားသလို သင်ကလည်း သူ့အတွက်ဆိုဘာမဆို စွန့်လွှတ်ပေးဖို့ အဆင်သင့်ဖြစ်နေပါစေ။ အဲလိုလူမျိုးက နောက်တစ်ယောက်ထပ်မရှိနိုင်တော့ပါဘူး။

၇) သင့်အတွက် တိုးတက်စေမယ့် အကြံကောင်းတွေ ပေးနိုင်သူပါ။
သင်တိုးတက်ဖို့ဆို သူက တက်ကြွနေမယ့်သူပါ။ သင်က တိုးတက်ဖို့အတွက် နည်းလမ်းကောင်းတွေတောင်းရင်လည်း သူက အကြံကောင်းတွေ ပေးတတ်ပါသေးတယ်။ သင်တိုးတက်လာလေလေ သူက သင့်အတွက် ပျော်ရွှင်လေလေပါပဲ။ သင့်အပေါ်ယှဉ်ပြိုင်ခြင်းအလျင်းမရှိ၊ အမြဲအရှုံးပေးတတ်ပြီး သင်ရဲ့တိုးတက်မှုတိုင်းကို သူ့ရဲ့တိုးတက်မှုလို သဘောထားမယ့်သူပါပဲ။

ဒီအချက်လေးတွေကို ကြည့်ပြီး သင့်အပေါ် သူငယ်ချင်းကောင်းပီသသူအဖြစ် သတ်မှတ်နိုင်ပါတယ်။ အကယ်၍များ အဲလိုသူငယ်ချင်းတစ်ယောက်ရှိရင် ပေါ့ပေါ့မတွေးလိုက်ပါနဲ့။ သူတို့က သင့်အပေါ်ပေးတာနဲ့တန်အောင် သင်လည်း ပြန်ပြီးပေးဆပ်နိုင်ပါစေ။ အဲလို သူငယ်ချင်းမျိုးက သင့်ဘဝတိုးတက်စေဖို့ မိတ်ဆွေစစ်မို့ နောက်တစ်ယောက်ထပ်ရနိုင်မှာ မဟုတ်လို့ တန်ဖိုးထားပေးပါ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။