သင့်ရဲ့relationships အတွက် အဆင်မပြေစေတဲ့အပြုအမူ ၁၀ခု

လူတိုင်းလိုလိုက ကိုယ်ချစ်ရတဲ့သူနဲ့ အဆင်ပြေတဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်ချင်ကြတာချည်းပါပဲ။ လူတစ်ကိုယ် စိတ်တစ်မျိုးမို့ အကြိုက်ချင်းမတူသလို၊ စိတ်ချင်းကလည်း ထပ်တူမကျနိုင်ပါဘူး။ အဲဒီ့အခါ အဆင်မပြေကတောက်ကဆဖြစ်တာမျိုးတော့ ရှိတတ်ကြပါတယ်။ ဒါပေမယ့် တခါတရံဖြစ်တာက ပြဿနာလို့ ယူဆလို့မရပါဘူးနော်(လူတိုင်းအမြင်မှမတူကြတာကိုး) ။ နှစ်ဦးနှစ်ဖက် အပြန်အလှန်ချစ်ခင်ကြပေမယ့် အမြဲလို ကတောက်ကဆဖြစ်နေတယ်ဆိုရင်တော့ ချစ်ရက်နဲ့လမ်းခွဲတဲ့အဆင့်ရောက်ရမှာပါ။ အဲဒါကြောင့် သင်တို့ရဲ့ ဆက်ဆံရေးမှာ ဘာတွေကြောင့်အဆင်မပြေဖြစ်စေသလဲဆိုတာကို ဒီဆောင်းပါးလေးဖတ်ကြည့်ပြီး ဆန်းစစ်ကြည့်လိုက်ကြပါအုံး။


၁) အရမ်းအူတိုတတ်ခြင်း
ချစ်သူကို ချစ်လို့အူတိုတတ်တာက ချစ်သူတွေကြားမှာ ချစ်စရာကောင်းတဲ့အမူအကျင့်လေးပါပဲ။ ဒါပေမယ့် ထိုင်ရင်လည်းထိုင်လို့၊ ထရင်လည်းထလို့ ၊ သွားရင်လည်းသွားလို့ အသေးစိတ်ကအစ လိုက်ပြီး အူတိုပြနေရင်တော့ သေချာတယ် စိတ်ရောဂါတစ်မျိုးပါပဲ။ အမြဲလို ဘာလုပ်လုပ် လိုက်တွေးပြီးအူတိုတတ်တဲ့သူမျိုးက ဘယ်တော့မှ အဲဒီ့အကျင့်လည်းပျောက်မှာမဟုတ်သလို၊ ကိုယ့်ကိုချစ်လို့အူတိုတာပဲလေ……လို့ ခုချိန်ဖြေတွေးနိုင်ပေမယ့် ဘဝတစ်လျှောက်လုံးထိုကဲ့သို့အူတိုနေခြင်းက သင့်အတွက် အသက်ရှုဖို့တောင်ခက်နေပါလိ့မ်မယ်။ သင်တို့ချစ်သူစုံတွဲကြား ရေရှည်မှာ အဆင်မပြေနိုင်သလို၊ ဘဝတစ်လျှောက်လုံးလက်တွဲရင်လည်း အဆင်မပြေနိုင်ပါဘူး။ အဲဒါကြောင့် သင့်မှာ ထိုအကျင့်ဆိုးကြီး ရှိနေရင် ခုချက်ချင်းပြင်ဖို့ကြိုးစားသင့်ပါတယ်။
၂) မယုံကြည်ခြင်း
သင်နဲ့သင့်ချစ်သူက အချိန်တိုင်းအတူမရှိနေနိုင်ပါဘူး။ ဘယ်နေရာမှာတော့ ရောက်နေတယ်၊ ဘာလုပ်နေတယ်ဆိုတာမျိုး ချစ်သူစုံတွဲတွေက အမြဲလိုအဆက်အသွယ်ရှိကြမှာပါ။ ဒါပေမယ့် သင့်ချစ်သူက အမှန်အတိုင်းပြောတတ်ပေမယ့် သင်ကဘယ်တော့မှ မယုံကြည်တာမျိုးပေါ့။ သင့်စိတ်ထဲမှာ အမြဲသံသယနဲ့ ဆက်ဆံနေတာမျိုးကလည်း သင်တို့ချစ်သူချင်း ရေရှည်အဆင်မပြေစေနိုင်ပါဘူး။
၃) ကိုယ့်ကိုကိုယ်မပြင်ဆင်ခြင်း
ချစ်သူနဲ့တွေ့တဲ့အခါ မိန်းကလေးတွေကတော့ အမြဲလို လှလှပပပြင်ဆင်တတ်ပေမယ့် တစ်ချို့ယောကျ်ားလေးတွေကတော့ သေချာပြင်ဆင်တတ်တာမျိုးနည်းပါတယ်။ အရမ်းကိုပြင်ဆင်၊ ရေမွှေးတစ်ပုလင်းလုံး မှောက်ကျသလို မွှေးကြိုင်နေအောင် ဖြန်းလာတာမျိုးကို ပြောချင်တာမဟုတ်ပါဘူး။ သပ်သပ်ရပ်ရပ်နဲ့ လန်းဆန်းပြီး တည်ငြိမ်တဲ့ပုံစံမျိုးပဲဖြစ်ဖြစ် ပုံစံတစ်ခုနဲ့တော့ ဝတ်စားပြင်ဆင်သင့်ပါတယ်။ ကိုယ့်ချစ်သူက ကိုယ့်ကိုချစ်ပြီးသားပဲဆိုပြီး ဆံပင်က ဘုတ်သိုက်၊ အင်္ကျ ီက ဖရိုဖရဲ ပုံစံမျိုးနဲ့တော့ မနေသင့်ပါဘူးလို့။ ကြာလာရင် သင်ချစ်သူကသင့်ကိုအထင်သေးလာစေနိုင်ပါတယ်။
၄) အပြန်အလှန်လေးစားမှုမရှိခြင်း
ကိုယ့်ချစ်သူမို့ ဘယ်လိုအပြုအမူမျိုးလုပ်လုပ် ကိစ္စမရှိဘူးလို့မထင်လိုက်ပါနဲ့။ လူတိုင်းမှာ သူတန်ဖိုးနဲ့သူရှိတာမို့ ကိုယ့်ချစ်သူကိုလည်း လေးစားသင့်တဲ့နေရာလေးစားပြီး အလေးပေး၊ အလေးထားသင့်တဲ့နေရာအလေးထားပေးပါ။ အဲဒါက သင်တို့ဆက်ဆံရေးကို ပိုပြီးအဆင်ပြေစေပါတယ်။
၅) လှောင်ပြောင်ရယ်မောခြင်း
ကိုယ့်ကိုလှောင်ပြောင်တာ ဘယ်သူ့မှ မကြိုက်တတ်ပါဘူး။ အထူးသဖြင့် ကိုယ့်ကိုချစ်ပါတယ်ဆိုတဲ့ချစ်သူက လှောင်ပြောင်ရင် ခံရခက်သလို၊ စိတ်ပျက်သွားနိုင်ပါတယ်။ သူတန်ဖိုးထားတာကို ကိုယ်တန်ဖိုးမထားရင်နေပါ၊ သွားပြီး လှောင်ပြောင်ရယ်မောတဲ့စကားမျိုးမပြောမိပါစေနဲ့။ အဲဒါက သင်တို့ဆက်ဆံရေးကို ထိခိုက်နိုင်ပါတယ်။
၆) အချိန်နဲ့ ကတိကိုမလေးစားခြင်း
ချစ်သူနဲ့ချိန်းထားတာထက် နာရီနဲ့ချီပြီး နောက်ကျတတ်တာမျိုး၊ ကတိတွေအထပ်ထပ်ပေးထားပြီးမှ ပျက်တာမျိုးတွေ အခါခါဖြစ်လာတာက သင်က သင့်ချစ်သူကို စိတ်ထဲမရှိဘူးလို့ ပြသနေသလိုဖြစ်စေပါတယ်။ ရံဖန်ရံခါမို့ အရေးအကြောင်းရှိလို့ ပျက်တာမျိုးကတော့ နားလည်ပေးနိုင်ပေမယ့် အမြဲတစေ ဖြစ်နေရင်တော့ သင်တို့ဆက်ဆံရေး ရေရှည်အဆင်မပြေနိုင်ပါဘူး။
၇) ချစ်သူရှိရက်နဲ့ အခြားမိန်းကလေးတွေကို ပြီတီတီလုပ်ခြင်း
ဒီအချက်ကတော့ မိန်းကလေးတွေအတွက် ခံရအခက်ဆုံးဖြစ်မယ်ထင်ပါတယ်။ ကိုယ်မရှိပေမယ့် ကိုယ်မသိဘူးဆိုတဲ့အတွေးနဲ့ အခြားမိန်းကလေးတွေကို ရောယှက်တာ၊ ပြီတီတီလုပ်တာ၊ ပတ်သက်တာတွေက မိန်းကလေးတော်တော်များများမကြိုက်တတ်ပါဘူး။ ယောကျ်ားလေးတွေအတွက်လည်း ကိုယ့်ရဲ့ချစ်သူကောင်မလေးက ထိုအပြုအမူမျိုးလုပ်ရင် နှစ်သက်မယ်မထင်ပါဘူး။ အဲဒါကြောင့် ကိုယ့်ချစ်သူကို တကယ်ချစ်ရင် ဘယ်တော့မှ အဲလိုမျိုးမလုပ်ပါနဲ့။ (တချို့တွေက ဘာရယ်မဟုတ် ထိုအပြုအမူမျိုးလုပ်တတ်ကြပါတယ်။ အဲဒါက တစ်ဖက်လူကိုမလေးစားသလိုဖြစ်စေတဲ့အပြင် ကိုယ့်သိက္ခာကိုယ်ချနေသလိုလည်း ဖြစ်တတ်ပါသေးတယ်) တကယ်မချစ်ဘူးဆိုရင်လည်း ပြတ်ပြတ်သားသာဖြတ်လိုက်တာက သူ့အတွက် ပိုခံစားရသက်သာစေပြီး စောစောကုစားနိုင်မှာပါ။
၈) လိုချင်သမျှ ဝယ်ခိုင်းတတ်ခြင်း၊ ပူဆာတတ်ခြင်း
ကိုယ့်ချစ်သူက မီလျှံနာဖြစ်နေရင်တောင် လိုချင်သမျှ လိုက်ဝယ်ခိုင်းဖို့ မသင့်ပါဘူး။ သင်က လိုချင်စိတ်တစ်ခုနဲ့ ချစ်သူအဖြစ်ရွေးချယ်ထားတာမျိုးမဖြစ်သင့်ပါဘူး။ ကိုယ်က ဘာမှမမျှော်လင့်ဘဲ ကိုယ့်ချစ်သူက ဝယ်ပေးတာမျိုးက ပိုပြီးတန်ဖိုးထားစရာကောင်းပါတယ်။ မြင်သမျှ ဝယ်ခိုင်း၊ လိုက်ပို့ခိုင်းနဲ့ ချစ်သူက လိုချင်တာမှန်သမျှ အကုန်ဖြည့်ဆည်းပေးနိုင်ရအောင် စူပါမန်းမဟုတ်ပါဘူးနော်။ ကိုယ့်ကိုဝယ်ပေးဖို့တောင်းဆိုလိုက်တာက ကိုယ့်အတွက်မပင်ပန်းပေမယ့် သူ့အတွက်ကကော လွယ်ကူပါရဲ့လား၊ အဆင်ပြေနိုင်ရဲ့လား၊ မဝယ်ပေး၊ မလုပ်ပေးနိုင်တဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်သွားမလားလို့ တဖန်ပြန်တွေးပေးသင့်ပါတယ်။ လိုချင်စိတ်နဲ့ ချစ်သူကို အနိုင်ကျင့်ပါများရင် ရေရှည်မှာ သင့်ကိုစိတ်ပျက်သွားနိုင်ပါတယ်။ (ယောကျ်ားလေးတွေလည်း ထို့အတူပါပဲနော်)
၉) အပြစ်တင်တတ်ခြင်း
သင့်ချစ်သူကို အပြစ်တွေချည်း တင်နေတတ်တယ်ဆိုရင်လည်း အဆင်မပြေပြန်ပါဘူး။ လူတွေရဲ့သဘောကိုက အပြစ်တင်တာထက် ချီးမွမ်းတာကို ပိုကြိုက်တာမဟုတ်လား။ တခုခုဆို အပြစ်မတင်ဘဲ အရင်ဆုံး ချီးကျူးပေးလိုက်ပါ ။ အဲဒါက သူ့ကိုအရင်စိတ်ကျေနပ်သွားစေနိုင်ပါတယ်။ ပြီးမှ အကြံပေးတဲ့ပုံစံလေးနဲ့ပြောပြတာက သင်တို့ဆက်ဆံရေးကို ပိုအဆင်ပြေစေမှာပါ။ အဲလိုမဟုတ်ဘဲ အပြစ်သာ တင်နေခြင်းက ကြာလာတဲ့အခါ သင်တို့ဆက်ဆံရေးကို ပြတ်တောက်စေနိုင်ပါတယ်။
၁၀) အတ္တကြီးခြင်း
ကိုယ်သာလျှင် တတ်၊ ကိုယ်သာလျှင် အမှန်၊ ကိုယ့်အတွက်ပဲကိုယ်ကြည့်တတ်ခြင်းကလည်း အဆင်မပြေနိုင်ပါဘူး။ လူုတိုင်းက အတ္တသမားတွေချည်းပါ၊ အနည်းအများသာကွာတာမို့ အတ္တကြီးတဲ့သင့်ချစ်သူကို သင်ကိုယ်တိုင်စိတ်ပျက်နေမှာအမှန်ပါပဲ။ မျှတွေးပေးတတ်ခြင်းက ချစ်သူတွေရဲ့ဆက်ဆံရေးအဆင်ပြေစေဖို့ လိုအပ်ပါတယ်။
ကဲ….သင်တို့ဆက်ဆံရေးထဲမှာကော ဘယ်လိုအချက်တွေပါနေသလဲဆိုတာ ပြန်ဆန်းစစ်ကြည့်လိုက်ပါအုံး။ အဆင်ပြေသော RS ဖြစ်ကြပါစေနော်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။