သင့်တိုးတက်မှုကို ဖျက်ဆီးပစ်မယ့်အရာများ

သင့်တိုးတက်မှုတွေကို ဖျက်ဆီးပစ်မယ့်အရာတော်တော်များများရှိမှာပါ။ တိုးတက်မှုဆိုရာမှာလည်း ပညာရေးနဲ့ပတ်သက်တဲ့တိုးတက်မှု၊ ပညာရပ်အသစ်တွေသင်ယူတာမျိုး၊ ဘာသာစကားအသစ်သင်ယူတာမျိုး၊ အလုပ်အကိုင်ရာထူးတိုးတက်ဖို့အတွက် လုပ်ငန်းကျွမ်းကျင်မှုရှိအောင်ကြိုးစားတာမျိုး စတဲ့ အစစမှာ တိုးတက်အောင်ကြိုးစားနေတဲ့အရာတွေမှာ နှောင့်နှေးအောင် လုပ်နိုင်တဲ့အရာတွေပေါ့။ အဲဒီ့ယေဘုယျအကြောင်းရင်းကို သိထားတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ပြီး ပြန်လည်ပြုပြင်ဖို့ကြိုးစားနိုင်အောင် အောက်ပါအချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မှာလည်း အောက်ပါအချက်တွေထဲက အချက်အချို့ ရှိနေတယ်ဆိုရင် ပြန်လည်ပြုပြင်ဖို့ကြိုးစားပါနော်။


၁) အချိန်ဖြုန်းခြင်း
အဓိက အကြောင်းရင်းကတော့ လူတိုင်းသိပြီးသားပေမယ့် မသိလိုက်မသိဘာသာဖြုန်းမိနေတဲ့ အချိန်ဖြုန်းခြင်းပါပဲ။ အချိန်ဖြုန်းမှန်းမသိ ဖြုန်းမိနေတဲ့အကြောင်းအရာကတော့ Social Media ပါပဲ။ ဖုန်းလေးပွတ်နေလိုက်တာနဲ့တင် အချိန်ကုန်မှန်းမသိ ကုန်သွားတာများပါတယ်။ ဖုန်းထဲကနေ ကိုယ့်အတွက် တစ်ခုခုရအောင်ပြန်အသုံးချနိုင်ရင် အကောင်းဆုံးပါပဲ။ ကိုယ်သင်ချင်တဲ့ဘာသာစကားအတွက်၊ ဒါမှမဟုတ် ကိုယ့်အလုပ်တိုးတက်မှုအတွက် ဒါမှမဟုတ် ကိုယ့်ရဲ့နောက်ထပ်သင်တန်းတစ်ခုခုအတွက် စသဖြင့် အသုံးချနိုင်ရင် အချိန်ကုန်ရကျိုးနပ်စေမှာပါ။ ဒါပေမယ့် နေ့စဉ်ဘဝမှာတော့ အချိန်ကုန်မှန်းမသိကုန်သွားစေတာက ကိုယ့်ရဲ့တိုးတက်အောင်ကြိုးစားရမယ့်အချိန်တွေကို တိတ်တိတ်လေးခိုးယူသွားတဲ့အဓိက အကြောင်းရင်းပါပဲ။

၂) မကောင်းတဲ့သူတွေနဲ့ပေါင်းသင်းခြင်း
မကောင်းတဲ့သူဆိုတဲ့နေရာမှာ ကိုယ့်ကိုဒုက္ခပေးနိုင်တဲ့သူတွေကိုမှ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်နဲ့ပေါင်းသင်းခင်မင်နေပေမယ့် အကျိုးမရှိဘဲ အချိန်အလကားဖြုန်းတီးဖို့ တိုက်တွန်းအားပေးမယ့်လူတိုင်းလည်း အကျုံးဝင်ပါတယ်။ ကိုယ့်အတွက် တခုခုအကျိုးရှိအောင် တိုက်တွန်းဖေးမတဲ့လူတွေနဲ့သာ ကိုယ့်ကိုယ်ကိုယ်ဝန်းရံသင့်ပါတယ်။ အဲဒီ့လိုလူတွေက သူတို့ကိုယ်တိုင်လည်း တိုးတက်ဖို့အမြဲနည်းလမ်းရှာနေပြီး ကိုယ့်ကိုလည်း တိုက်တွန်းအားပေးမှာမို့ ကိုယ့်အတွက်လည်း motivate ဖစ်လာစေပါတယ်။ အဲဒါကြောင့် ကိုယ်နားမှာ အချိန်အလကားဖြုန်းတီးဖို့ ဥပမာ။ ဂိမ်းဆော့ဖို့၊ လက်ဖက်ရည်ဆိုင်ထိုင်ပြီးအချိန်ဖြုန်းနေတာမျိုးလုပ်မယ့် လူမျိုးတွေနဲ့ဝေးဝေးရှောင်ပြီး ကိုယ့်အတွက် တစ်ခုခုအကျိုးရှိအောင်လုပ်ဖို့တိုက်တွန်းမယ့်သူမျိုးနဲ့ဝန်းရံသင့်ပါတယ်။

၃) စိတ်ညစ်စရာကိစ္စတွေမှာပဲအာရုံများနေခြင်း
များသောအားဖြင့် ကိုယ်ပြုပြင်ဖန်တီးပြောင်းလဲယူလို့မရတဲ့ကိစ္စတွေမှာ အာရုံများနေတာမျိုးပေါ့။ ကိုယ့်ပတ်ဝန်းကျင်စိတ်ပျက်စရာတွေကိုအာရုံရောက်နေတာ၊ ကိုယ့်မိဘအသိုင်းအဝန်းနဲ့ပတ်သက်ပြီး အာရုံနှောက်စိတ်ညစ်ခံပြီး အချိန်ကုန်နေတာ၊ အခြားသောစိတ်ညစ်စရာတွေမှာသာ တွေးပြီးစိတ်ညစ်နေတာမျိုးတွေပါ။ ဘယ်လိုအကောင်းဆုံးဖြစ်အောင်ကြိုးစားမလဲဆိုတာမျိုးကို မတွေးနိုင်ဘဲ စိတ်ညစ်အချိန်ကုန်နေတာနဲ့တင် ဘာမှမလုပ်ဖြစ်တော့တာမျိုးပါ။ အဲဒါကလည်း မသိမသာနဲ့သင့်တိုးတက်အောင်လုပ်ရမယ့်ကိစ္စတွေနောက်ရောက်ကုန်စေပါတယ်။
၄) အခြားလူတွေကိုသာထည့်တွေးနေခြင်း
အခြားလူတွေကိုထည့်တွေးနေတာက အကြောင်းပြတာ ဒါမှမဟုတ် တရားခံရှာနေတာမျိုးပေါ့။ ဘယ်သူ့ကြောင့် ငါဘာမှမလုပ်နိုင်ဘူးလို့တွေးနေတာမျိုး၊ ဥပမာ အရင်းအနှီးမရှိလို့ ဘာအလုပ်မှလုပ်မရဘူးလို့တွေးတာမျိုး၊ မိဘက ချုပ်ချုယ်လွန်းလို့ ဘာအလုပ်မှမလုပ်နိုင်ဘူး၊ ဘာသင်တန်းမှ မတက်ရဘူးလို့တွေးနေတာမျိုး၊ မိဘက မကြည်ဖြူလို့ ကိုယ့်ရည်မှန်းချက်ကိုမလုပ်နိုင်ဘူးလို့တွေးနေတာမျိုးတွေပါ။ ကိုယ်ဘယ်လိုစတင်ပြီးအကောင်းဆုံးကြိုးစားနိုင်မလဲ….လို့တွေးခြင်းကသာ တိုးတက်မှုကိုဦးတည်လာနိုင်တာပါ။ အဓိကက ကိုယ့်မှာရှိတာနဲ့ဘယ်လိုအကောင်းဆုံးလုပ်နိုင်မလဲဆိုတာပါပဲ။

၅) ကိုယ့်ကိစ္စမှန်သမျှနောက်ပို့ထားမိခြင်း
နောက်ဆုံးတစ်ခုကတော့ ကိုယ့်ကိစ္စမှန်သမျှကို နောက်ပို့ပြီး အခြားလူရဲ့ကိစ္စတွေမှာ လိုက်ကူညီနေတာ၊ အခြားလူရဲ့ကိစ္စတွေကို အားနာပြီး ဦးစားပေးနေမိတာမျိုးတွေပေါ့။ တခါတလေ ငြင်းသင့်တဲ့ကိစ္စတွေမှာ ငြင်းပြီး ကိုယ့်ရဲ့တိုးတက်မှုကို အလေးထားဦးစားပေးသင့်တဲ့နေရာပေးရပါတယ်။ အဲဒါသည်တစ်ကိုယ်ကောင်းဆန်တာမဟုတ်ဘဲ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ခြင်းသာဖြစ်ပါတယ်။ ဥပမာ။ ကိုယ့်ရဲ့ရာထူးတိုးစာမေးပွဲအတွက် စာဖတ်ရမယ့်အချိန်မှာ သူငယ်ချင်းက သူ့ကိစ္စကိုအကူအညီလာတောင်းတာမျိုး ဒါမှမဟုတ် ကိုယ့်မှာလည်း ကိုယ့်ဝင်ငွေအလျောက်မလောက်ငတဲ့အချိန်မှာ သူငယ်ချင်းက ငွေလာချေးလို့ အားနာပြီး ကိုယ့်မရှိတဲ့အထဲကဖဲ့ပေးလိုက်ပြီးမှ ကိုယ်တကယ့်အရေးတကြီးလိုတဲ့အခါ ငွေပြန်တောင်းမရတာမျိုးတွေက ကိုယ့်ကိစ္စကို နောက်ပို့ထားမိလို့ပါပဲ။
တကယ်လို့များ အထက်ပါအချက်တွေထဲက အချက်အချို့သင့်မှာရှိနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ပြန်ဆန်းစစ်သုံးသပ်ပြီး ပြုပြင်ကြည့်ပါနော်။ အထက်ပါအချက်တွေကို မပြုပြင်ခဲ့ရင် အချိန်တစ်ခုအရောက်မှာ ရွယ်တူချင်းယှဉ်ရင်တောင် ကိုယ်က နောက်ကျနေပါလိမ့်မယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။