သင့်တစ်နေ့တာကို အလကားကုန်ဆုံးစေသည့်အကြောင်းရင်းများ

သင့်တစ်နေ့တာကို အလကားကုန်ဆုံးသွားစေသည့်အကြောင်းရင်းတွေများစွာရှိပါတယ်။ အဲဒီ့ထဲကမှ အဓိကကျတဲ့အချက်တွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ တစ်နေ့တာအလကားကုန်ဆုံးခြင်းများလာတဲ့အခါ တစ်လတာအလကားကုန်ဆုံးမိခြင်း၊ တစ်နှစ်တာအလကားကုန်ဆုံးမိခြင်းကနေမှ ကိုယ့်ရဲ့အသက်အရွယ်တစ်ခုအရောက်မှာ ကိုယ်နဲ့ရွယ်တူတန်းတူတွေထက် ကိုယ်ကနောက်ကျနေတာမျိုးဖြစ်လာခဲ့ရင် သင်ပဲနောင်တရစိတ်ညစ်စိတ်ဓာတ်ကျရမှာပါ။ အဲဒါကြောင့် ဘယ်အချက်တွေက သင့်ရဲ့တစ်နေ့တာကို အလကားကုန်ဆုံးမိစေသလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံးနော်။


၁) တစ်နေ့တာကို Plan မရှိဘဲဖြတ်သန်းခြင်း
နောက်တစ်နေ့အတွက် ဘာလုပ်မယ်ဆိုတဲ့စီစဉ်မှုကို ဒီနေ့ညကတည်းက ကြိုတင်ပြင်ဆင်ပြီး စဉ်းစားထားသင့်ပါတယ်။ အဲဒါမှ နောက်နေ့မနက်ရောက်တာနဲ့ အရေးကြီးတာကဘာ၊ အရေးမကြီးတာကဘာ။ ဘယ်အရာကိုတော့ အရင်ဆုံးပြီးဆုံးအောင်လုပ်သင့်တယ်၊ ဘယ်အရာကတော့ အေးဆေးမှ စီစဉ်မယ်ဆိုတာမျိုးတွေဖြစ်လာမှာပါ။ စနစ်တကျစီစဉ်ထားပြီးတဲ့အခါ တစ်နေ့တာလုံးအတွက် ကိုယ့်မှာ စနစ်တကျအလုပ်တွေပြီးမြောက်အောင်လုပ်ဆောင်လာနိုင်တာပေါ့။ အဲဒါကြောင့်တစ်နေ့တာလုံး ဘာလုပ်ရမှန်းမသိ ယောင်တောင်တောင်အချိန်မကုန်စေဖို့က တစ်နေ့တာအတွက် ကြိုတင်စီစဉ်ထားဖို့အရေးကြီးပါတယ်။

၂) Social Media ပေါ်မှာအချိန်ဖြုန်းခြင်း
နောက်တစ်ခုကတော့ မနက်မိုးလင်းတာနဲ့ စီစဉ်ထားတာတွေကို အရင်ဆုံးမစဉ်းစားဘဲ Social Media ပေါ်မှာ ဘာတွေဖြစ်နေပြီလဲလို့ ဖွင့်ကြည့်မိတာပါပဲ။ ခဏပဲ....ဆိုပြီးကြည့်လိုက်မိတာမှ အချိန်ကုန်လို့ကုန်သွားမယ်မှန်းမသိလောက်အောင် Social Media က အချိန်ခိုးသွားတတ်ပါတယ်။ အဲဒါကလည်း အချိန်တွေအလကားဖြစ်သွားအောင်လုပ်နိုင်တဲ့အဓိက အချက်တစ်ခုပါပဲ။ အဲဒါကြောင့် ကိုယ့်ရဲ့စီစဉ်ထားသမျှတွေအားလုံးပြီးမြောက်သွားပြီဆိုတဲ့အချိန်မှသာ Social Media ကိုဖွင့်ကြည့်တာမျိုးလုပ်သင့်တာပေါ့။ အလုပ်ချိန်တစ်ချိန်လုံးမှာ ဖုန်းကိုချည်းမကြာခဏကြည့်နေမယ်ဆိုရင်လည်း အလုပ်မှာ အာရုံမရနိုင်ပြန်ပါဘူး။

၃) Target မရှိခြင်း
ဒီနေ့တော့ ဘာတွေလုပ်မယ်ဆိုပြီး သတ်မှတ်ချက်မရှိဘူး target မရှိဘူးဆိုရင် သင်ဘယ်လိုမှ ထိရောက်တဲ့ရလဒ်ရမှာမဟုတ်ပါဘူး။ ဒီနေ့တော့ ဘာအလုပ်တွေပြီးကိုပြီးရမယ်ဆိုတာမျိုးပေါ့။ ကိုယ့်အတွက် ကိုယ်လုပ်နိုင်မယ့်ပမာဏကိုမှန်းပြီး ကိုယ့်ဟာကိုယ်သတ်မှတ်တာမျိုးပေါ့။ ဥပမာ။ ကျောင်းသားဆိုရင် ဒီနေ့တော့ ဘယ်ဘာသာရဲ့ဘယ်အခန်းတွေပြီးဆုံးအောင်ကျက်မယ်ဆိုတာမျိုး သတ်မှတ်တာပေါ့။

၄) စတင်ရမယ့်အချိန်နဲ့အဆုံးသတ်ရမယ့်အချိန်မသတ်မှတ်ထားခြင်း
ပြီးတော့ ဘယ်အချိန်မှာ ဒီအလုပ်ကို စတင်မယ်၊ ဘယ်အချိန်မှာ ပြီးဆုံးရမယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားတဲ့ target မရှိတာကလည်း သင့်ကို အချိန်တွေအလကားဖြစ်စေပါတယ်။ အချိန်သတ်မှတ်ပြီး target နဲ့သတ်မှတ်ထားတဲ့အခါ ဘယ်လိုပဲဖြစ်ဖြစ်ထိုအချိန်တွင်းမှာ ထိုtarget ရအောင်ကြိုးစားဖြစ်မှာပါပဲ။ အဲဒါကြောင့် ကိုယ့်အလုပ်ကို ဘယ်အချိန်မှာ စတင်မယ်၊ ဘယ်အချိန်မှာတော့ ပြီးရမယ်လို့ သတ်မှတ်ထားခြင်းက အလုပ်ကို မြန်မြန်ပြီးမြောက်စေပါတယ်။ ပိုပြီးလည်းအာရုံစိုက်ဖို့အတွက် ထိရောက်စေပါတယ်။ ဥပမာ။ အထက်ကလို ကျောင်းသားဆိုရင် ဒီနေ့တော့ ဘယ်သင်ခန်းစာကိုဘယ်အချိန်အတွင်းမှာ မရရအောင်ကျက်မယ်လို့ သတ်မှတ်တာမျိုးပါ။ အလုပ်ဆိုရင်လည်း ဒီအလုပ်တစ်ခုကို တစ်နာရီအတွင်းပြီးအောင်လုပ်မယ်လို့သတ်မှတ်ပြီး အချိန်မှတ်ထားတာမျိုးပေါ့။

၅) အာရုံများခြင်း
အချိန်တွေမှတ်ထားခိုင်းတာက အာရုံများခြင်း၊ အာရုံပြောင်းခြင်းကို သက်သာစေပါတယ်။ ဘယ်အချိန်မှာ စကိုစတင်မယ်၊ ဘယ်အချိန်မှာ ပြီးကိုပြီးရမယ်လို့သတ်မှတ်ထားလိုက်တဲ့အခါ ထိုအချိန်အတွင်းမှာ အလုပ်ပြီးဆုံးဖို့ကိုပဲအာရုံရှိနေတဲ့အတွက် တခြားအာရုံများစရာတွေရှိလာရင်တောင် သတိထားတတ်လာပါတယ်။ အာရုံမများနိုင်တော့ဘူးပေါ့။ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားတဲ့အချိန်တွင်းမှာ မပြီးပြီးအောင်လုပ်ဆောင်နိုင်ဖို့ကြိုးစားတဲ့အခါ တခြားဘယ်ကိုမှအာရုံမရတော့ပါဘူး။
တကယ်လို့များ သင့်ရဲ့တစ်နေ့တာကိုလည်း အောက်ပါအချက်တွေအတိုင်း ကုန်ဆုံးမိနေတယ်ဆိုရင် သင့်ကိုယ်သင်ပြန်လည်ပြုပြင်ဖို့ကြိုးစားကြည့်သင့်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။