သင့်စိတ်ထဲက မကျေလည်မှုများကို ပြေလျော့စေဖို့ သင်တွေးသင့်တဲ့အတွေးများ

တခါတလေ ကျွန်တော်တို့နေ့စဉ်ဘဝမှာ ကိုယ်မှန်နေပေမယ့် ပြန်ပြီး မရှင်းပြနိုင်ခဲ့တဲ့အရာတွေရှိမှာပါ။ ကိုယ်က တကယ်တမ်းမှန်ကန်သူဖြစ်ပေမယ့် ပြန်လည်ဖြေရှင်းဖို့ရာ တဖက်လူက ကိုယ့်ထက် ဝါကြီးနေတာမျိုး၊ မိဘနေရာရောက်နေတာမျိုး၊ အကြီးအကဲဖြစ်နေတာမျိုး ၊ ကိုယ်မျက်နှာထောက်ရမယ့်သူဖြစ်နေတာမျိုး စတဲ့ အကြောင်းအမျိုးမျိုးကိုထောက်ငဲ့ပြီး ငြိမ်ခံလိုက်ရတဲ့အကြိမ်မျိုး ကြုံဖူးကြမှာပါ။ အဲဒီ့အခါမှာ ကိုယ့်စိတ်ထဲ ကိုယ်မှန်နေရက်နဲ့ မပြောခဲ့ရလေခြင်း၊ မရှင်းနိုင်ခဲ့လေခြင်းရယ်လို့ ကြိတ်မနိုင်ခဲမရတော့ ဖြစ်ခဲ့ကြမှာပါပဲ။ အချိန်တစ်ခု၊ အခြေအနေတစ်ခုမှာတော့ ပြေလျော့သွားမှာ ဖြစ်ပေမယ့် သွေးပူနေတဲ့အခြေအနေတခုမှာတော့ သည်းခံမြိုသိပ်ဖို့ရာ မလွယ်ပါဘူး။ အတင်းကို ပေါက်ကွဲပစ်လိုက်ချင်သော်လည်း ပျက်စီးသွားမယ့်ဆက်ဆံရေးက ထိုသူတစ်ယောက်တည်းစာ မဟုတ်တဲ့အတွက် အူတယားယားနဲ့ ခံနေရပေမယ့် မခံချိမခံသာဖြစ်နေရမှာပါ။ စာဖတ်သူတွေကော အဲဒီလိုအခြေအနေမျိုးကြုံဖူးကြရဲ့လား။ အဲဒီလိုအခြေအနေမျိုးကြုံခဲ့ချိန်မှာ ကိုယ့်စိတ်ကို ကိုယ်တိုင်ဘယ်လိုဖြေပေးရမလဲဆိုတာ မသိနိုင်လောက်အောင် ခက်ခဲလွန်းပါတယ်။ အဲဒီလိုအခြေအနေမျိုးကြုံခဲ့မယ်ဆိုရင် (ဒါမှမဟုတ် ရှေ့ဆက်လည်း ကြုံနိုင်ပါသေးတယ်နော်) အောက်က အချက်လေးတွေကို ပြန်တွေးလိုက်ပါနော်။


၁) ဒေါသဟာ ပူလောင်လွန်းလို့ ကိုယ့်ကိုအရင်လောင်မြိုက်စေပါတယ်။
“လောကကြီးက ဘာလို့များ မတရားသလဲ၊ ကိုယ်ကမှန်နေရက်နဲ့ အလုံးစုံအနိုင်ယူလို့မရတဲ့အခြေအနေမျိုးတွေရှိနေရသလဲ၊ ဖြစ်ချင်ရာဖြစ် ဒေါသအလျှောက်အကုန်ပြောပစ်လိုက်မယ်……” အဲဒီလိုတွေးမိတဲ့အကြိမ်တွေအများကြီး ဘဝမှာ ကြုံဖူးမှာပါ။ ကိုယ်မှန်နေရက်နဲ့ နှုတ်လှန်မပြောနိုင်ဘဲ အံ့ကြိတ်နေရခြင်းက ခံရသူအတွက်တော့ ခါးသီးလှပါတယ်။ ဒါပေမယ့်သင်တခုတော့ သတိရပါ။ ဒေါသက ထွက်လိုက်တာနဲ့ ထွက်တဲ့သူကိုအရင်လောင်မြိုက်ပါတယ်ဆိုတာပါပဲ။ အဲဒီ့တော့ သင့်စိတ်ထဲ ကြိတ်မနိုင်ခဲမရဖြစ်နေသရွေ့သင်ပဲ ဒေါသထွက်မယ်၊ သင်ပဲပူလောင်ပါတယ်။ အပူလျော့အောင် လုပ်ဖို့အောက်ကအချက်တွေဆက်တွေးပေးပါ။

၂) ကိုယ်မှန်နေတယ်မဟုတ်လား။
ကိုယ့်ကိုကိုယ်သေချာဆန်းစစ်ကြည့်ပါ။ ဒီကိစ္စ၊ ဒီဖြစ်ရပ်မှာ ဘယ်ဘက်ကကြည့်ကြည့် ကိုယ်မှန်တယ်မဟုတ်လား။ သေချာဆန်းစစ်ခိုင်းတာက ဘာကြောင့်လဲဆိုတော့ လူဆိုတာ အတ္တသမားမို့ မိမိသာလျှင်အမှန်လို့ ဆွဲတွေးတတ်တာကြောင့်ဖြစ်ပါတယ်။ သူ့ဘက်ကကော၊ ကိုယ့်ဘက်ကကော နှစ်ဖက်စလုံးကကြည့်ရင် ကိုယ်မှန်နေတာဖြစ်ဖို့လိုပါတယ်။ ဥပမာ။ အရက်သောက်လာတဲ့ သင့်မောင်တစ်ယောက်ကို သင်က အရက်ကမကောင်းဘူး၊ မသောက်ဖို့တားတယ်ဆိုပါတော့။ သင်ဆုံးမသင့်လို့ဆုံးမတယ်၊ နေ့စဉ်သောက်လို့အရက်သမားဖြစ်မှာစိုးလို့ ဆုံးမတယ်ဆိုပါတော့ ။ ဒါပေမယ့် သင့်အမေက မပြောဖို့ ဝင်တားတယ်။ မဆူဖို့ပြောတယ်ဆိုရင် သင်အမှားမဟုတ်တော့ပါဘူး။ မြန်မာလူမျိုးမိဘအချို့မှာ ချစ်ရာမရောက်ဘဲနှစ်ရာရောက်တဲ့အပြုအမူတွေကို နားမလည်တဲ့ ထိန်းကျောင်းမှုပုံစံမျိုး ရှိပါတယ်။ (ဒါက အပြစ်ပြောတာမဟုတ်ဘဲ မှားယွင်းနေတတ်တာကို ထောက်ပြတဲ့အပြုသလောဆိုင်ရာ ဥပမာဖြစ်ပါတယ်နော်။) အဖြေကတော့ သင်က လုပ်သင့်တယ်ထင်တာကို လုပ်တာဖြစ်ပါတယ်။ အဲဒီ့အခါ သင့်မိဘနဲ့သင်အချေအတင်စကားတွေများမယ်၊ ဒေါသထွက်လာမယ်၊ သင်ပြန်ခံပြောမိတယ်။ စသဖြင့် သင့်အတွက် နံပါတ်(၁) ဒေါသက စတင်ပူလောင်နေပါပြီ။ အဲဒီ့တော့ စဉ်းစားပါ။ ကိုယ်တကယ်မှန်နေလား၊ ကိုယ်တကယ် ပြောသင့်ပြောထိုက်လို့၊ လုပ်သင့်လုပ်ထိုက်လို့ လုပ်တာလား။

၃) ဘုရားသိမှာပါ။
ကိုယ့်ရဲ့လုပ်ရင်မှန်နေတယ်ဆိုရင် ဒီနံပါတ် ၃ အချက်ကိုတွေးပါ။ “အော်….ငါမှန်တာလုပ်တာပဲ၊ မှန်တာပြောတာပဲ။ ငါတကယ်မှန်နေတယ်ဆိုတာ ဘုရားသိမှာပါ” လို့ပေါ့။ သင့်စိတ်ထဲ အခါခါတွေးပါ။ သင့်စိတ်မသိမသာပြေလျော့လာပါလိမ့်မယ်။ သင့်စေတနာကို သင်ပေးလိုက်တဲ့သူမသိပေမယ့် ဘုရားက သိမှာပါ။ လောကသစ္စာက သိမှာပါ။ လောကသစ္စာဆိုတာ တူရာကိုပြန်ပေးတဲ့သဘောပါ။ သင်မှန်တာပြောခဲ့လုပ်ခဲ့ဆိုခဲ့ခြင်းအတွက် တူရာကပြန်လာပါလိမ့်မယ်။ ဘုရားသိရင် တရားကပါ နောက်ကလိုက်လာပါလိမ့်မယ်။ တရားဆိုတာ မှန်ကန်ခြင်းပါ။ ကိုယ်က မှန်ကန်ခြင်း၊ စစ်မှန်ခြင်းသာ ပေးထားရင် မှန်ကန်ခြင်းပဲ ပြန်လာပါမယ်။ ကိုယ်က မမှန်တာလုပ်ထားရင်တော့ မမှန်တာသာ ပြန်ရမှာပါ။ အဲဒါကြောင့် ကိုယ်တကယ်မှန်မမှန် ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ပါ။ မှန်တာလုပ်ထားရင် ခုလက်ရှိ ဘာမှ ပြန်မတုံ့ပြန်နိုင်ပေမယ့် တရားကအလိုလိုလိုက်လာမှာပါ။ မှန်တာလုပ်ရင် တရားလိုက်မယ်၊ မမှန်တာလုပ်ရင် မတရားတာလိုက်လာပါလိ့မ်မယ်။

၄) အချိန်က သက်သေပြမှာမို့ အချိန်စောင့်လိုက်ပါ။
သင်တကယ်မှန်နေခဲ့တာကို ခုနကလို တရားလာစေဖို့ ချက်ချင်းတော့မဖြစ်နိုင်၊ မရနိုင်ပါဘူး။ အချိန်ကသာ သက်သေပြမှာမို့ ထိုအချိန်ကိုစောင့်နေလိုက်တာ အကောင်းဆုံးပါပဲ။ “ငါ့တော့မတရားစွပ်စွဲလိုက်ကြတာ၊ ငါက ဘာမှမဖြေရှင်းနိုင်ဘူး၊ ငါ့အလှည့်ကျမှ လောကကြီးက မတရားလိုက်တာ၊ ငါ့ကျမှ ဘာလို့ဖြစ်ရတာလဲ” စတဲ့အတွေးတွေက သင့်ကိုစိတ်ဖိစီးစေပါတယ်။ အချိန်ခဏသာ စောင့်လိုက်ပါ။ စိတ်ရှည်ရှည်လေးထားလိုက်ပါလို့ ကိုယ့်ကိုကိုယ် သတိပေးလိုက်ပါ။ အချိန်တန်တဲ့အခါ ဘယ်သူက ဘာ….ဆိုတာကို ရှင်းရှင်းကြီး ပေါ်လာပါလိမ့်မယ်။ ခုချိန်မှာ သင်ထပြီး ဒေါသအလျှောက် ပေါက်ကွဲသောင်းကျန်းလည်း အလကားပါပဲ။ သင်သာ လူဆိုး၊ လူကြမ်းတစ်ယောက်အဖြစ်သတ်မှတ်ခံရမှာပါ။ အဲဒါကြောင့် ဒေါသကို ထိန်းပါ၊ မြိုသိပ်ပါ၊ စိတ်ရှည်ဖို့သတိထားပါ။ အချိန်က အဖြေပေးပါလိမ့်မယ်နော်။

၅) ဥပေက္ခာတရားထားလိုက်ပါ။
လောကမှာ စေတနာထားလို့မရတဲ့သူတွေဆိုတာ တကယ်ရှိပါတယ်။ ကယ်လို့မရတဲ့သူတွေဆိုတာလည်း တကယ်ရှိပါတယ်။ ကိုယ်က စေတနာနဲ့ပြောလိုက်၊ စေတနာနဲ့ပေးလိုက်ပေမယ့် သူတို့ကိုယ်တိုင်က တန်ဖိုးထားရကောင်းမှန်းမသိရင် စေတနာကလည်း တန်ဖိုးမရှိပါဘူး။ ကူညီလိုက်ပေမယ့် သူတို့ကိုယ်တိုင်က ကူညီနေမှန်းမသိတဲ့သူမျိုးတွေဟာလည်း ကယ်လို့မရတဲ့သူမျိုးတွေပါပဲ။ ဘုရားသခင်လာကယ်မယ်ဆိုတဲ့ ပုံပြင်လေးကြားဖူးကြမယ်ထင်ပါတယ်။ ရေတွေကြီးလာလို့ အိမ်ခေါင်မိုးပေါ်ထိ တက်နေရတဲ့လူကို လှေတွေ တစင်းစင်းက လိုက်ခဲ့…ဖို့ ခေါ်ပါတယ်။ ခေါ်တဲ့အခါတိုင်း ထိုလူက ပြောပါတယ်။ “ရတယ်….ငါ့ကို ဘုရားသခင်လာကယ်လိမ့်မယ်။” တဲ့။ နောက်ဆုံးလှေတစင်းက လာတော့ ပြောပါတယ်။ “လာ….လိုက်ခဲ့တော့ ဒီလှေက နောက်ဆုံးလှေပဲ” ဆိုတော့လည်း သူမလိုက်သွားပါဘူး။ ဘုရားသခင်လာကယ်မယ်ချည်းပြောနေခဲ့ပါတယ်။ နောက်ဆုံးမသေခင် ကယ်မယ့်သူတွေဘယ်သူမှမလာတဲ့အခါ “ဘုရားသခင်က လာလည်းမကယ်ဘူး” ရယ်လို့ အပြစ်တင်တဲ့အခါ ဘုရားသခင်က “မင်းကိုကယ်ဖို့ လှေတွေလွှတ်ပေးခဲ့သားပဲ။ မင်းမှ မလိုက်သွားခဲ့တာ။ အဲဒါမင်းကိုကယ်ဖို့ငါလွှတ်ခဲ့တာ” လို့ ပြောလိုက်ပါတော့တယ်။ (ပုံပြင်က မှတ်မိသလောက် အလွတ်ပြန်ရေးတာမို့ လွဲချော်နေတာလေးတွေရှိကောင်းရှိနိုင်ပါတယ်နော်)

အဲဒီ့လိုပါပဲနော်…..ကိုယ်က စေတနာနဲ့ ကူညီပေမယ့် ကူညီမှန်းမသိတဲ့သူမျိုး၊ ကယ်နေပေမယ့် ကယ်မှန်းမသိတဲ့သူတွေကိုတော့ ဘယ်လိုမှ စေတနာထားလည်း အကျိုးမထူး၊ ကယ်လို့လည်း မရနိုင်ပါဘူး။ အဲဒီလိုလူမျိုးနဲ့ကြုံရတယ်လို့သာတွေးပြီး ကိုယ့်စိတ်ထဲမှာ ဥပေက္ခာတရားလေးထားလိုက်ပါ။ အဲဒါက ကိုယ့်ဒေါသလည်း ငြိမ်းလို့ ကိုယ့်အတွက် မထိခိုက်တော့သလို၊ ဒေါသမထွက်လို့ အကုသိုလ်လည်း လျော့သွားပါတယ်။ ဥပေက္ခာထားဖို့ပြောတာက သင့်စိတ်ထဲ သူတို့နဲ့ပတ်သက်သမျှ မခံစားနဲ့၊ မထိရှနဲ့၊ မတွေးနဲ့၊ မနာကျင်ပါနဲ့တော့လို့ ပြောချင်တာဖြစ်ပါတယ်။ အဲဒါဆို သင်ခံစားရသက်သာသွားပါလိမ့်မယ်။ သင့်စေတနာကို နားမလည်ဘဲ သူတို့ဟာသူတို့ ပြောချင်ရာပြောပါစေ၊ ဖြစ်ချင်ရာသာဖြစ်နေကြပါစေ။ သင်ပြောသင့်ပြောထိုက်တာ ပြောခဲ့ပြီးပြီပဲ၊ လုပ်သင့်လုပ်ထိုက်တာလုပ်ခဲ့ပြီးပြီပဲ၊ လက်ခံတာ ၊ လက်မခံတာ သူတို့အပိုင်းပါ။ အချိန်က သက်သေပြတာကို စောင့်ကြည့်လိုက်ပါနော်။
အထက်က အချက်လေးတွေက သင့်စိတ်ထဲ မခံချိမခံသာဖြစ်နေသမျှကို ပြေလျော့စေမယ်လို့ ယူဆမိပါတယ်။ ကိုယ်မှန်နေရက်၊ ကိုယ်စေတနာမှန်နေရက် ခံစားလာရတဲ့အခါ အထက်က အချက်တွေကိုသာ တဖွဖွရွတ်ရင်း ကျော်ဖြတ်လိုက်ပါလို့ အားပေးလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။