သင့်စိတ်ပိုင်းဆိုင်ရာအရ ပြောင်းလဲသင့်တဲ့အကျင့်လေးတွေ

ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတွေက အခြားသူတွေနဲ့ဆက်ဆံရေးတည်ဆောက်တဲ့အခါ ပြုမူလှုပ်ရှားမှုပေါ်မူတည်ပြီး ပြန်တွေးတဲ့အတွေးတွေအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ကောင်းတဲ့အချက်ကတော့ ကျွန်တော်တို့က အဲဒါကို ထိန်းချုပ်နိုင်ပါတယ်။ ပြောင်းလဲဖို့ ကျွန်တော်တို့ရွေးချယ်နိုင်ပါတယ်။ ကျွန်တော်တို့ပြောင်းလဲနိုင်တဲ့အသေးအဖွဲလေးတွေကနေ ကျွန်တော်တို့ဘဝကို ကြီးမားတဲ့ပြောင်းလဲမှုဖြစ်စေနိုင်ပါတယ်။


၁) သင့်ရဲ့စိတ်ကို ပြောင်းလဲပါ။
ကျွန်တော်တို့ရဲ့အတွေးတွေက ကျွန်တော်တို့ရဲ့ခံစားချက်ကိုဖြစ်ပေါ်စေပါတယ်။ ဘယ်လိုခံစားရသလဲဆိုတဲ့ပေါ်မူတည်ပြီး ဘယ်လိုပြုမူမလဲဆိုတာ ပြန်ဖြစ်ပေါ်စေပါတယ်။ တခုခုကို ဆုံးဖြတ်ချက်မချနိုင်ဘဲ ကိုယ့်ကိုကိုယ်သံသယဝင်တဲ့အတွေးတွေများနေတယ်ဆိုရင် ကိုယ့်ကိုကိုယ်သေချာဖို့နဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုရှိလာဖို့ မဖြစ်နိုင်ပါဘူး။ သင့်ရဲ့အတွင်းစိတ်ထဲမှာ သင့်ကိုယ်သင်ပြန်မေးဖို့လိုပါတယ်။
သင့်အတွေးတွေကို ပြန်ပြီးသုံးသပ်ဖို့အချိန်လိုပါတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ်သတိထားမိခြင်းက ပထမအဆင့်ပါ။ သင့်ရဲ့အတွေးတွေကို စပြီးသတိထားမိပြီဆိုရင် သင့်ကိုသင်မေးပါ။ “ခုလက်ရှိ ငါ့စိတ်ထဲမှာ ဘာဖြစ်နေတာလဲ ။ ဘာကြောင့်လဲ။ ခုဖြစ်နေတဲ့အတွေးတွေက ငါ့ကို ဘယ်လိုကူညီနိုင်မလဲ ဒါမှမဟုတ် ငါ့အတွေးတွေက ငါ့ကို ကူညီနေတာလား၊ ပိုစိတ်ညစ်စေတာလား” စသည်ဖြင့် ပြန်တွေးဖို့လိုပါတယ်။
သင်တွေးနေတဲ့အတွေးက အဆိုးဘက်ရောက်နေတဲ့အတွေးတွေဖြစ်မယ်ဆိုရင် သင်စဉ်းစားပါ။ “ဒီအဆိုးမြင်တဲ့အတွေးတွေကြောင့် ငါပိုပြီး စိတ်ညစ်လာမယ်၊ စိတ်ဓာတ်ကျလာမယ်၊ ငါ့လုပ်ဆောင်နိုင်စွမ်းတွေကျမယ်…” စသည်ဖြင့် တွေးမိရင် ထိုအဆိုးမြင်တဲ့အတွေးတွေကို သင်ပြန်ပြီး ဆန်းစစ်ဖို့လိုပါတယ်။ အကောင်းမြင်စိတ်ဖြစ်ပေါ်လာအောင် လုပ်ဖို့လိုပါတယ်။ မဖြစ်နိုင်တာတွေတွေးနေတာမျိုးတွေကို သင့်စိတ်ထဲရှင်းသွားအောင်လုပ်ဖို့လိုပါတယ်။
သင့်ရဲ့အတွင်းစိတ်ကို ပြန်ပြီး မြင့်တင်ပေးနိုင်အောင် လုပ်ခြင်းက သင့်ကို ပိုပြီးအကောင်းမြင်စိတ်ဖြစ်လာစေနိုင်ပြီး အကောင်းမြင်စိတ်ဖြစ်နေတဲ့အခါ ဘယ်အရာကိုမဆို သင်လုပ်နိုင်တယ်၊ လုပ်ဆောင်နိုင်တယ်လို့ ထင်မြင်လာပြီး တကယ်လုပ်ဆောင်ဖြစ်လာစေပါတယ်။

၂) သင့်အပြုအမူနဲ့ သင့်ခံစားချက်ကို ခွဲခြားပါ။
သင်ဘာလုပ်မလဲဆိုတဲ့အပြုအမူနဲ့ သင်ဘယ်လိုခံစားသလဲဆိုတာကို ခွဲခြားထားပါ။ သင့်ခံစားချက်တွေကို လျစ်လျူရှုခိုင်းတာမဟုတ်ပါဘူး။ ဒါပေမယ့် သင့်ခံစားချက်ရှိတဲ့အတိုင်း လိုက်ပြီး ပြုမူတာမျိုးတော့ မလုပ်မိပါစေနဲ့။ ပြောချင်တာက သင့်စိတ်ထဲရှိတဲ့အတိုင်း မပြုမူလိုက်နဲ့လို့ဆိုလိုတာပါ။ ဥပမာ။ သင်က အလုပ်မှာ ပရောဂျက်အသစ်တစ်ခုကြောင့် အခက်အခဲအနည်းငယ်ရှိလို့ စိတ်ရှုပ်နေတယ်ဆိုပါတော့။ သင့်သူငယ်ချင်းတွေကလည်း သင့်ကိုလာပြီးစကားပြောဆို၊ တွေ့ဆုံနေကြတယ်ဆိုရင် သူတို့နဲ့ ပျော်ရွှင်စွာစကားစမြည်ပြောပါ။ ပြောဆိုပြီးမှ သင့်ရဲ့အလုပ်ကိစ္စကြောင့် စိတ်ညစ်ရတာကို ဘယ်လိုဖြေရှင်းမလဲစဉ်းစားပါ။ အဲလိုမဟုတ်ဘဲ အလုပ်က စိတ်ရှုပ်ထွေးမှုကို သင့်သူငယ်ချင်းတွေအပေါ်ပုံချလိုက်တာမျိုး၊ မျက်နှာကြီးသုန်မှုန်နေတာမျိုး၊ ဘာမေးမေး ဒေါသတကြီး စိတ်မရှည်စွာ ဖြေတာမျိုးတွေ မလုပ်မိပါစေနဲ့။ သင်တို့သူငယ်ချင်းဆက်ဆံရေးအပေါ် ထိခိုက်သွားနိုင်ပါတယ်လို့ ပြောချင်တာပါ။
အဲဒါကြောင့် သင့်စိတ်ခံစားချက်အတိုင်း သင့်အပြုအမူက မလုပ်ပါနဲ့။ ခံစားချက်နဲ့အပြုအမူကို ခွဲခြားနားလည်ပါ။

၃) နှိုင်းယှဉ်တတ်တဲ့အကျင့်ကို ရပ်တန့်ပစ်ပါ။
တစုံတယောက်က ပိုအောင်မြင်နေတယ်၊ ပိုပြီးထက်မြက်တယ်၊ ပိုပြီး ငွေကြေးအဆင်ပြေတယ် ဒါမှမဟုတ် ပိုပြီး ရာထူးကြီးနေတယ်ဆိုတာမျိုးက တခုမဟုတ် တခုမှာတော့ ကိုယ့်ထက်သာနေတဲ့သူဆိုတာ ရှိမှာပါပဲ။ ဘာလို့လဲဆိုတော့ သင်က ဒီကမ္ဘာပေါ်မှာအကောင်းဆုံးနေရာကိုပိုင်ဆိုင်ထားအုံး တစ်နေရာမှာတော့ သင့်ထက်သာနေတဲ့သူက ရှိမှာပဲလေ။ အဲဒါက နှိုင်းယှဉ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ အဲလိုသာ လိုက်နှိုှု်င်းယှဉ်နေရင် သင်သာစိတ်ကျရောဂါရသွားပါလိ့မ်မယ်။ အဓိကက သင်ဖြစ်ချင်တာလေးတွေဖြစ်အောင်လုပ်နိုင်တယ်၊ ဖြစ်ချင်တာတွေဖြစ်လာမယ်၊ သင့်ရဲ့ကိုယ်ပိုင်ဖြစ်ချင်တယ်လို့ရည်မှန်းထားတာလေးတွေ၊ သင်တန်ဖိုးထားတဲ့ကိစ္စလေးတွေဖြစ်လာတယ်ဆိုရင်ပဲ ကျေနပ်ဖို့ကောင်းနေပါပြီ။ သင်သတ်မှတ်ထားတဲ့တန်ဖိုးနဲ့ သူများသတ်မှတ်ထားတဲ့တန်ဖိုးခြင်းက တူတာမှမဟုတ်တာနော်။ သင်တန်ဖိုးထားတဲ့ကိစ္စတွေကို သင်ကိုယ်တိုင်လုပ်ဆောင်နိုင်ပြီး သင်ဖြစ်ချင်တာလေးတွေအကောင်အထည်ဖော်ခွင့်ရနေရုံနဲ့တင် သင်ဘဝရှင်သန်ရကျိုးနပ်ပါပြီ။

၄) နေ့တိုင်းမှာ သင့်ရဲ့မနက်ခင်းချိန်မှာ သင့်ကိုသင်ပြန်ပြီး ဝေဖန်သုံးသပ်ပါ။
အချိန်က ကျွန်တော်တို့အတွက် အဖိုးတန်ဆုံးအရင်းအနှီးပါပဲ။ ကျွန်တော်တို့ဘဝမှာ အချိန်ကို ဘယ်လိုအကောင်းဆုံးအသုံးချပြီး ရှင်သန်သလဲဆိုတဲ့ပေါ်မူတည်ပြီး ကျွန်တော်တို့ဘဝတွေ ကွာခြားသွားကြတာပါ။ သင့်ရဲ့နေ့တစ်နေ့စတင်တဲ့အချိန်မှာ အချိန်ကို သေချာစီမံခန့်ခွဲခြင်းက အရေးကြီးပါတယ်။ သင့်ရဲ့တစ်နေ့တာကို သင်ဘယ်လိုကုန်ဆုံးချင်သလဲဆိုတာကို အချိန်လေးခဏပေးပြီး တွေးတောပါ။ ဆုတောင်းခြင်း၊ တရားထိုင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ တိတ်ဆိတ်စွာခဏတဖြုတ်ထိုင်တွေးခြင်းစတာတွေက သင်ဖြစ်ချင်တာတွေကို ပြန်ပြီးမြင်လာစေပါတယ်။ သင့်နေ့ရက်တွေကို သင်ဘယ်လိုမျိုးအကျိုးရှိစွာ ကုန်ဆုံးခဲ့သလဲဆိုတာကို ပြန်ပြီး သုံးသပ်မိလာစေပါတယ်။
ဒီနေ့ခေတ်လိုအလုပ်ရှုပ်လှတဲ့နေ့ရက်များမှာ သင့်အတွက်အချိန်အနည်းငယ်ပေးပြီး ပြန်သုံးသပ်သင့်ပါတယ်။

၅) အပတ်စဉ်တိုင်းမှာ အသစ်အဆန်းတစ်ခုမဟုတ်တစ်ခုလုပ်ပါ။
နေ့ရက်တိုင်း နိုးထလိုက်၊ ရှင်သန်လိုက်၊ ရုန်းကန်လိုက်နဲ့ ကြာလာတော့ ဘဝက အဓိပါ္ပယ်မဲ့လာတတ်ပါတယ်။ အဲဒါကြောင့် အပတ်စဉ်တိုင်း ကိုယ့်ရဲ့အားလပ်ရက်မှာပဲဖြစ်ဖြစ် သေးငယ်တဲ့အကြောင်းအရာသစ်လေးတွေ ဒါမှမဟုတ် အတတ်ပညာအသစ်တစ်ခုခုဖြစ်ဖြစ် သင်ယူကြည့်ပါ။
ဟင်းချက်နည်းသင်တန်းတတ်တာပဲဖြစ်ဖြစ်၊ အပင်စိုက်တာပဲဖြစ်ဖြစ်၊ gym သွားပြီးလေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ် စသည်ဖြင့် ကိုယ့်အတွက် အသစ်အဆန်းဖြစ်မယ့်အရာတစ်ခုခုကို အချိန်ပေးပြီးလုပ်ကြည့်ပါ။ စွမ်းအင်အသစ်တွေရလာသလိုမျိုး ဒါမှမဟုတ် လန်းဆန်းမှုအသစ်တွေရလာသလိုမျိုး ခံစားမှုတစ်ခုခုရလာပြီး သင်လန်းဆန်းလာပါလိမ့်မယ်။

၆) ပြောချင်နေပေမယ့် နားထောင်ကြည့်ပါ။
တခါတရံမှာ ပြောလိုက်တာထက် အခြားသူရဲ့အမြင်တွေကို နားထောင်ကြည့်ပါ။ ဒါမှမဟုတ် အခြားသူရဲ့ပြဿနာတွေ ရင်ဖွင့်သံကို နားထောင်ကြည့်ပေးပါ။ အဲဒါက သင်တို့ရဲ့ဆက်ဆံရေးကို ပိုပြီး ရင်းနှီးပွင့်လင်းလာစေသလို၊ ပိုပြီးလည်း နွေးထွေးလာစေပါတယ်။ အဲဒါအပြင် ကိုယ့်ဆီမှာဖြစ်ပေါ်နေတဲ့ပြဿနာအချို့ကိုသာ အရမ်းကိုကြီးမားပြီးဖြေမရှင်းနိုင်ဘူးလို့ ထင်မြင်မိနေတဲ့ကိစ္စမျိုးထက် အခြားသူတွေမှာ ဖြစ်နေတဲ့ပြဿနာတွေက ကိုယ်ထက်တောင် ပိုကြီးမားနေတာမျိုးကို သင်တွေ့မြင်သိလာပါလိမ့်မယ်။ အဲဒီ့အခါ “အော်..သူ့ပြဿနာက ငါ့ထက်တောင် ဆိုးနေပါသေးလား။ ငါ့မှာမှ ဖြေရှင်းနိုင်သေးတယ်။ သူ့မှာတော့ ဘယ်လိုအခက်ကြုံနေရပါ့မလဲ” ဆိုပြီး သင့်အခက်အခဲကို သေးငယ်တယ်လို့ ထင်မြင်လာတဲ့အတွက် သင့်ဘဝကိုတောင် သင်ပြန်ကျေးဇူးတင်မိလာပါလိမ့်မယ် ။ နောက်ထပ်ဘာပြောရင်ကောင်းမလဲထက် စိတ်ရင်းနဲ့နားထောင်ပေးပါ။

၇) ကိုယ်သာမှန်တယ်ဆိုတဲ့အစွဲကို မကိုင်စွဲထားပါနဲ့။
အမြဲတမ်းကိုယ်သာမှန်နေမယ်လို့ မထင်ပါနဲ့။ ကိုယ်လက်ခံသင့်တာကိုလည်း လက်ခံပါ။ ကိုယ်ကအမြဲမှန်မနေနိုင်သလို အမြဲလည်း မှားမနေဘူးဆိုတာကို လက်ခံပါ။ ကိုယ့်အမြင်က တကယ်တမ်းမှားနေတယ်ဆိုရင်လည်း အမှန်ကို လက်ခံပါ၊ ပြုပြင်သင့်တာပြုပြင်ပါ။ တရားသေမစွဲမှတ်ထားပါနဲ့။ တခါတလေ ကိုယ်အမှန်လို့လက်ခံထားတာတွေက မှားနေတာမျိုးတွေရှိတတ်ပါတယ်။ အဲဒါကို အမှန်အတိုင်းလက်ခံလိုက်ခြင်းက ကိုယ့်အတွက်ပိုပြီး အဆင်ပြေစေပါတယ်။ အခြားသူတွေက အမှန်လို့လက်ခံထားတာကိုလည်း ပြိုင်မငြင်းပါနဲ့။ လူတိုင်းက သူ့အမြင်နဲ့သူ ၊ သူအမှန်တရားနဲ့သူပဲမဟုတ်လား။
အခု သင့်ကိုယ်သင်ပြောင်းလဲသင့်တဲ့အရာလေးတွေက တကယ့်ကို အသေးအဖွဲလေးတွေပါ။ ဒါပေမယ့် ထိုအချက်လေးတွေကို သင်လိုက်နာနိုင်သွားပြီဆိုရင်တော့ သင့်အတွက် တကယ်ကို အကြီးမားဆုံးသော အကောင်းဘက်က ပြောင်းလဲမှုကြီးဖြစ်သွားပါပြီ။ တကယ်ပါ….သင့်စိတ်ခံစားချက်တွေ အားလုံးအကောင်းဘက်ဖြစ်သွားသလို၊ သင့်ဘဝကိုလည်း နေပျော်လာစေပါလိမ့်မယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။