သင့်စိတ်ဓာတ်ခွန်အားကို ဖျက်ဆီးပစ်နိုင်သော အတွေးများ

သင်ရည်ရွယ်ထားတာ တစ်ခုခုကို လုပ်ချင်နေပေမယ့် အောက်ပါအတွေးများ ဝင်လာတဲ့အခါ သင်မလုပ်ဖြစ်ဖို့ တွန်းအားပေးလိုက်သလိုဖြစ်သွားပါတယ်။ သင်ဖြစ်ချင်တာ၊ သင်ရည်ရွယ်ထားတာတွေကို လုပ်ဖြစ်ဖို့ထက် မလုပ်ဖြစ်ဖို့ သင့်ရဲ့ စိတ်ဓာတ်တက်ကြွနေတဲ့စိတ်ကိုဖျက်ဆီးပစ်လိုက်တဲ့အတွေးတွေပါပဲ။ အကယ်၍များ သင်တစ်ခုခုကို ရည်မှန်းထားပြီး ဒီအတွေးတွေထဲက အတွေးမျိုးတွေ တွေးမိနေတယ်ဆိုရင် ထိုအတွေးတွေကို ဖျောက်ဖို့ သင့်ကိုသင်ပြန်ပြီး သတိပေးသင့်နေပါပြီ။


၁) ဒီအရာကို မကျွမ်းကျင်နိုင်ပါဘူး။
ကျွန်တော်တို့ဆီမှာ ကွန်ပျူတာတွေမပေါခင်တုန်းက ကွန်ပျူတာ ကိုင်နိုင်တဲ့လူဆိုရင် တကယ့်ဆရာကြီးတစ်ယောက်လိုမျိုး ဝိုင်းပြီးအားကျကြပါတယ်။ ဝိုင်းပြီးလည်း အထင်ကြီးကြပါတယ်။ အဲဒီ့တုန်းကတွေးမိတာက ကွန်ပျူတာခလုတ်တွေကို လက်နှစ်ဖက်နဲ့ ဟန်ကျပန်ကျ စာရိုက်တတ်ဖို့ဆိုတာ ကိုယ့်အတွက်ဘယ်တုန်းကမှ ဖြစ်လာမှာမဟုတ်ဘူးလို့ ထင်ခဲ့တာပါပဲ။ ခုတော့ ကွန်ပျူတာ ၊ Laptop ဆိုတာ လူတိုင်းနီးပါးကိုင်နို်င်တဲ့အခြေအနေကိုရောက်လာခဲ့ပါပြီ။ ကျွန်တော်တို့အတွက် ကွန်ပျူတာ ကီးဘုတ်တွေမှာ စာရိုက်တယ်ဆိုတာ ထမင်းစားရေသောက်တဲ့အလုပ်လိုဖြစ်နေပါပြီ။ အဲဒါကြောင့် ဘယ်အရာမဆို စမလုပ်ခင်မှာတော့ “ဒီအရာကို ငါဘယ်တော့မှကျွမ်းကျင်မှာမဟုတ်ဘူးရယ်…..” လို့တွေးတတ်ကြတာပါပဲ။ တကယ်တမ်း ကိုယ်ကြောက်လန့်နေတဲ့အရာကို အရဲစွန့်ပြီး ဖိကြိုးစားပါမှ ထိုအရာပေါ်မှာ ကျွမ်းကျင်သွားတာမျိုးပါ။ အဲဒါကြောင့် သင့်ရည်မှန်းချက်နဲ့ပတ်သက်ပြီး ထိုအတွေးမျိုးတွေးနေရင် သင့်အတွေးကို အမြန်ဆုံးဖျောက်ပစ်လိုက်ပါတော့။ အဲဒီ့အတွေးက သင့်ဖြစ်ချင်စိတ်၊ ကြိုးစားချင်စိတ်ကို ဖျက်ဆီးပစ်နိုင်ပါတယ်။

၂) အောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ဘူး။
သင့်စိတ်ထဲမှာ အရမ်းခက်ခဲတယ်လို့ယူဆထားတာကြောင့် အောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ဘူးလို့ ထင်တတ်ပါတယ်။ “အောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ဘူး" ဆိုတဲ့စိတ်က သင့်ရဲ့ ဖြစ်မြောက်ချင်စိတ်ကို ဖျက်စီးပစ်လိုက်နိုင်ပါတယ်။ “အောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ဘူး" ဆိုတဲ့ စိတ်ကို ဖျောက်ပစ်မှ တကယ်အောင်မြင်အောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

၃) ကိုယ်နဲ့မအပ်စပ်ပါဘူး။
ကိုယ့်ဆီရောက်လာတဲ့အခွင့်အရေးတော်တော်များများကို လက်လွှတ်ရတာ ဒီအတွေးကြောင့်ပါ။ ကိုယ်တိုင်လုပ်မကြည့်ရသေးဘဲ “ကိုယ်နဲ့မအပ်စပ်ပါဘူး” ဆိုတဲ့စိတ်ကြောင့် ကိုယ့်မှာ စိတ်ဓာတ်တက်ကြွမှုမရှိတော့ဘဲ လက်တွေ့လုပ်ကိုင်ကြည့်ဖို့တောင် စိတ်မပါတော့ပါဘူး။ ကိုယ့်ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အခွင့်အရေးကို အောင်မြင်အောင် မဖြစ်မနေကြိုးစားကြည့်လိုက်ခြင်းက ကိုယ့်အတွက် ပညာတစ်ခုခု ဒါမှမဟုတ် သင်ခန်းစာတစ်ခုခုတော့ရသွားမှာပါ။ ဘယ်အရာမှ အလကားတော့မဖြစ်နိုင်ပါဘူး။

၄) ဘာမှ မတတ်နိုင်ပါဘူး။
ဒီအတွေးကတော့ အဆိုးဝါးဆုံးပါပဲ။ ကိုယ်တတ်နိုင်တာဘာရှိမလဲ……လို့ တွေးကြည့်ခြင်းက သင့်လုပ်ယူနိုင်တဲ့အခွင့်အလမ်းအချို့ကိုမြင်လာစေပေမယ့် “ဘာမှမတတ်နိုင်ပါဘူး” လို့တွေးခြင်းကတော့ တတ်နိုင်တဲ့လမ်းစတစ်ချို့ကိုပါ မတွေးတောတော့တာမို့ လမ်းစပျောက်တယ်လို့ဆိုနိုင်ပါတယ်။ အဲဒီ့တွေးလိုက်တာနဲ့ တကယ်ကို ဘာမှတတ်နိုင်တာရှိတော့မှာမဟုတ်ပါဘူး။ သင့်စိတ်ထဲမှာ သင်ရည်မှန်းထားတဲ့ရည်မှန်းချက်နဲ့ပတ်သက်ရင် အဲဒီ့အတွေးကို အရင်ဆုံးဖျောက်ပြီး “ကိုယ်ဘာတတ်နိုင်မလဲ” လို့ရှာဖွေဖို့လိုပါတယ်။ ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေကလွဲရင်ပေါ့။

၅) ဘယ်တော့မှ အနိုင်ယူနိုင်မှာမဟုတ်ဘူး။
ဒါကလည်း အတူတူပါပဲ။ ပြိုင်ပွဲတစ်ခုမှာ မပြိုင်ခင်ကတည်းက အရှုံးပေးနေတဲ့အတွေးမျိုးပါ။ စာမေးပွဲဖြေပြီးမှ အောင်ချင်နေလို့မရဘူးပေါ့။ ဒါပေမယ့် စာမေးပွဲမဖြေခင်တော့ အောင်မြင်အောင် ကိုယ့်ဘက်က ၁၀၀% အပြည့်အဝကြိုတင်ပြင်ဆင်ထားလို့ရပါတယ်။ အဲဒီ့အချက်ကို သတိမမူဘဲ ကြိုတင်ပြင်ဆင်ဖို့၊ ကြိုးစားဖို့တော့မေ့နေပြီး စစ်မရောက်ခင်မျှားကုန်တဲ့သဘော အတွေးမျိုးကိုတော့ သင့်စိတ်ထဲကနေ ဖျောက်ပစ်ရမှာဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။