သင့်ကိုယ်သင်စည်းကမ်းသတ်မှတ်ပါ။

ကျွန်တော်တို့ ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်သင့်ပါသလား။ ထိုမေးခွန်းက အံ့သြစရာကောင်းပါတယ်။ တော်တော်များများက အခြားသော စည်းကမ်းတွေကိုတော့ လိုက်နာရကောင်းမှန်းသိပေမယ့် ကိုယ့်ကိုကိုယ်ကျတော့ စည်းကမ်းသတ်မှတ်သင့်မှန်းတောင်မသိတတ်ကြပါဘူး။ သိတဲ့လူက လူနည်းစုပါ။ စည်းကမ်းဆိုတာက စိမ်းတဲ့အရာတော့ မဟုတ်ပါဘူး။ ကျောင်းမှာတုန်းကလည်း ကျောင်းစည်းကမ်း၊ ရုံးမှာ ရုံးစည်းကမ်း၊ အလုပ်မှာ အလုပ်စည်းကမ်း စသည်ဖြင့် နေရာတိုင်းလိုလိုမှာ စည်းကမ်းသတ်မှတ်ချက်ရှိလေ့ရှိပါတယ်။ ဘာလို့စည်းကမ်းသတ်မှတ်ကြသလဲ။ စည်းကမ်းရှိမှ တိုးတက်မယ်လို့ ဘာလို့ပြောကြသလဲ။ တကယ်တော့ စည်းကမ်းဆိုတာက မဖြစ်သင့်တဲ့ဆိုးကျိုးတွေမဖြစ်လာအောင် သတ်မှတ်ချက်တစ်ခုအနေနဲ့ သတ်မှတ်ထားတာဖြစ်ပါတယ်။


ဥပမာ။ အမှိုက်တွေကို အမှိုက်ပုံထိသွားမပစ်ကြဘူးထားပါတော့။ အိမ်နားက ရေမြောင်းမှာပဲ အမှိုက်တွေအလွယ်တကူပစ်ကြတယ်ဆိုပါစို့။ အချိန်ကာလတစ်ခုရောက်လာတဲ့အခါ ဆိုးကျိုးက မြောင်းတွေပိတ်မယ်၊ ရေတွေလျှံမယ်၊ ရေကြီးမယ်ဆိုတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အဲဒီ့အခါမှာ ရေမြောင်းထဲအမှိုက်မပြစ်ရဆိုတဲ့စည်းကမ်းထွက်လာရပါတော့တယ်။
အလားတူစွာပါပဲ…..မိမိကိုယ်ကိုစည်းကမ်းသတ်မှတ်ခြင်းကလည်း မိမိဘဝတိုးတက်စေဖို့ဖြစ်ပြီး မလိုလားအပ်တဲ့ဆိုးကျိုးတွေဖြစ်မလာစေဖို့ ကိုယ့်ကိုကိုယ်သတ်မှတ်သင့်တာဖြစ်ပါတယ်။ ဥပမာ။ တစ်နေ့ကို ဆေးလိပ် ဘယ်နှစ်လိပ်ပဲသောက်မယ်လို့ ကိုယ့်ကိုကိုယ်သတ်မှတ်ထားတာမျိုး၊ ဒါမှမဟုတ် တစ်ပတ်မှာ ဘယ်နှစ်ရက်လောက်ပဲ ဘီယာသောက်မယ်လို့သတ်မှတ်ထားတာမျိုး ပေါ့။ အဲဒီလို စည်းကမ်းသတ်မှတ်လိုက်ပြီး အဲဒီ့စည်းကမ်းကို တကယ်တမ်းလိုက်နာနိုင်တဲ့အခါ သင်ဘဝကြီးတကယ်တိုးတက်လာနိုင်ပါတယ်။ ဘီယာကို အရက်မဟုတ်ဘူးဆိုပြီး စည်းမဲ့ကမ်းမဲ့သောက်ခြင်းက သင့်ကိုအရက်သမားတစ်ယောက်ဖြစ်လာစေပြီး ကျန်းမာရေးချို့ယွင်းစေနိုင်တယ်မဟုတ်လား။ ကိုယ့်ကိုကိုယ်သတ်မှတ်လိုက်တဲ့စည်းကမ်းကို သင်လိုက်နာနိုင်တဲ့အခါ စည်းကမ်းလေးနဲ့ပဲသောက်ဖြစ်တော့ ဆေးဖြစ်ဝါးဖြစ်ဖြစ်စေတာပေါ့။ အဲလိုပါပဲ….ဆေးလိပ်ကို စိတ်ကူးပေါက်တိုင်း ဘယ်နှစ်လိပ်သောက်မိလို့သောက်မိမှန်းမသိတာထက် ဘယ်နှစ်လိပ်ပဲသောက်မယ်လို့သတ်မှတ်ထားတော့ သင့်သောက်တတ်တဲ့ ပမာဏကို သင်ခန့်မှန်းနိုင်သလို၊ အလွန်အကျွံ့မသောက်မိအောင် ထိန်းချုပ်ပြီးသားဖြစ်စေပါတယ်။ သင့်အဆုတ်ကျန်းမာရေးကိုလည်း မဆိုးဝါးစေနိုင်တော့ပါဘူူး။ အဲဒါကြောင့် သင့်ကိုသင်စည်းကမ်းသတ်မှတ်ထားတဲ့အခါ သင့်ဘဝက ပိုပြီး တိုးတက်လွယ်လာစေပါတယ်။
အခြားသောကိစ္စတွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဥပမာ။ သူများသားမယားကို မပြစ်မှားဘူးလို့ ကိုယ့်ကိုကိုယ်သတ်မှတ်ထားသူတစ်ယောက်က သူ့စည်းကမ်းကို သူလိုက်နာဖို့ အမြဲကြိုးစားနေပါလိမ့်မယ်။ သူများပစ္စည်းမခိုးမဝှက်ဘူးလို့ ကိုယ့်ကိုကိုယ်သတ်မှတ်ထားသူတစ်ယောက်က အခြားသူဆီက အလကားရမယ့်အရာကို လိပ်ပြာသန့်စွာလိုချင်တော့မှာ မဟုတ်ပါဘူး။ အဲဒီလိုပါပဲ….ဒီနေ့ သင်ခန်းစာဘယ်နှစ်ခုပြီးအောင် လုပ်မယ်လို့သတ်မှတ်ပြီး တကယ်လည်း လုပ်နိုင်တယ်ဆိုရင် သင့်ကျောင်းသင်ခန်းစာတွေ သင်ပိုပြီးနားမလည်သွားဘူးလား၊ သင်လည်း စာမေးပွဲမှာ ပိုပြီး အမှတ်မကောင်းလာနိုင်ဘူးလား။ စသည်ဖြင့် ကျွန်တော်တို့ရှင်သန်ရာ ဘဝတစ်ခုလုံးမှာ အတော်များများကို စည်းကမ်းသတ်မှတ်သင့်ပါတယ်။
ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်ထားခြင်းက ကိုယ့်ကိုကိုယ်လည်း ပိုပြီးယုံကြည်မှုပိုရှိစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြားသူများရဲ့အမြင်မှာ ကိုယ့်ကိုဘယ်လိုထင်နေပါစေ၊ ကိုယ်တိုင်က ကိုယ်သတ်မှတ်ထားတဲ့စည်းကမ်းကို မဖောက်ဖျက်ဘူးဖြစ်နေတာကိုသိနေတဲ့အတွက်ပေါ့။ ကိုယ့်ကိုကိုယ်ပိုပြီး ယုံကြည်မှုရှိနေတဲ့သူက ဘယ်နေရာမှာမဆို၊ ဘာလုပ်လုပ် သူများထက်ကို ရဲဝင့်ပါတယ်။ သူများထက်လည်း ပိုပြီး လိပ်ပြာလုံပါတယ်။ ကိုယ့်ကိုကိုယ်ပိုပြီးယုံကြည်မှုရှိလာလေလေ ကိုယ့်ကိုကိုယ်ပိုပြီး အထင်ကြီးမှု၊ လေးစားမှုတွေလည်း တိုးလာလေလေပါပဲ။ အဲဒီ့အခါ ကိုယ့်ကိုကိုယ်ပိုပြီးချစ်ခင်စိတ်ဖြစ်လာနိုင်ပါတယ်။ ကိုယ်ဖြစ်ချင်တာ၊ လုပ်ချင်တာကိုလည်း ဖြစ်အောင် လုပ်နိုင်လာပါတယ်။
အဲဒါကြောင့် ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်ခြင်းက မိမိဘဝကို ပိုပြီးတိုးတက်လာစေနိုင်တယ်လို့ ဆိုကြတာပါ။ အဲဒါဆိုရင်တော့ မိမိကိုယ်ကို ဘာကြောင့် စည်းကမ်းသတ်မှတ်သင့်သလဲဆိုတာသိလောက်ပါပြီနော်။ မိမိဘဝတိုးတက်ဖို့ မိမိကိုယ်တိုင်စည်းကမ်းသတ်မှတ်ပါ၊ ကိုယ်သတ်မှတ်ထားတဲ့စည်းကမ်းကိုလည်း ကိုယ်တိုင်လိုက်နာနိုင်အောင်ကြိုးစားပါလို့ တိုက်တွန်းလိုက်ရပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။