သင့်ကိုယ်သင်ပျိုးထောင်ပါ။

သင့်ကိုယ်သင် ပျိုးထောင်ပါဆိုတဲ့စကားလေးက ပြောရလွယ်သလောက် လုပ်ရတာတော့ ခက်ပါတယ်။ ဒါပေမယ့် ခက်တာကို လုပ်ဆောင်နိုင်ခြင်းက ကိုယ့်ရဲ့အရည်အသွေးတွေကို ထက်မြက်လာစေနိုင်တယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဘာကြောင့် သင့်ကိုသင်ပျိုးထောင်ပါဆိုတဲ့ဆောင်းပါလေးကို ဖော်ပြပေးရသလဲဆိုရင် တော်တော်များများက ထိုအချက်ကို သိပါတယ်။ သိပေမယ့် နေ့စဉ်လူမှုကိစ္စအ၀၀နဲ့ ရှုပ်ထွေးနေတဲ့အခါမှာ သိနေရက်နဲ့ မလုပ်ဖြစ်ကြပါဘူး။


လူတိုင်းမှာ အရည်အချင်းတစ်ခုစီတော့ရှိကြပါတယ်။ အဓိကက ကိုယ့်မှာရှိတဲ့အရည်အချင်းကို သေချာသိနားလည်ပြီး အစွမ်းထက်အောင် သွေးနေဖို့ပါပဲ။ အဲဒါဆိုရင်တော့ သင့်ရဲ့အရည်အချင်းကနေ သင့်အတွက် စွမ်းအားတစ်ခုတောင်ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ထိုအချက်ကို တစ်ချို့ကတော့ မေ့နေတတ်ကြပါတယ်။ အခြားသူတွေတော့ တော်လိုက်တာ…..ဆိုပြီး ကိုယ်တိုင်ကျ စိတ်ဓာတ်ကျမနေပါနဲ့နော်။သင့်မှာလည်း အရည်အချင်းတစ်ခုတော့ရှိပါတယ်။ သင်မသိသေးလို့ပါ။ ကိုယ့်မှာရှိတဲ့အရည်အချင်း (ဘယ်နေရာမှ စိတ်ပါဝင်စားမှုရှိနေလဲ)က ဘာလဲဆိုတာ သိအောင် လုပ်ပါ။ လုပ်ပြီးတဲ့နောက်မှာတော့ ထိုအရည်အချင်းထက်မြက်လာအောင် သင့်ကိုသင်ပျိုးထောင်ပါ။ ပျိုးထောင်တဲ့ဆိုတဲ့နေရာမှာ သင်က ဝန်ထမ်းစီမံခန့်ခွဲရေးအပိုင်းမှာ စိတ်ဝင်စားတယ်ဆိုပါစို့…အဲဒါဆိုရင် ထိုနေရာမှာ ဆရာတစ်ဆူဖြစ်အောင် အခြားအရည်အချင်းမြင့်သင်တန်းတွေတက်တာမျိုး(ဒီပလိုမာတန်းတွေထပ်တက်တာမျိုးပေါ့) အဲလိုမျိုး ကိုယ့်အရည်အချင်းအတွက် သင်ယူခြင်းတွေနဲ့ အားဖြည့်ပါ။ တိုးတက်အောင်လုပ်ပါ။
လူတော်တော်များများက လမ်းတစ်ဝက်လောက်ရောက်နေပြီးမှ လမ်းဆုံးထိရောက်အောင် မလျှောက်ချင်ကြပါဘူး။ မထူးချွန်ရခြင်းရဲ့ အကြောင်းရင်းကလည်း ထိုကြောင့်ပါပဲ။ စစခြင်းမှာတင်ပဲ အောင်မြင်ချင်ကြပါတယ်။ နေရာတစ်နေရာမှာ ဆရာတစ်ဆူဖြစ်လာဖို့ဆိုတာ အချိန်တော့ရင်းရပါတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အချင်းကိုလည်း သိမယ်၊ သိပြီး ကိုယ့်ရဲ့အရည်အချင်းတိုးတက်ဖို့လည်း ကြိုးစားမယ်ဆိုရင် ဇွဲရှိရှိနဲ့ ဆက်ကြိုးစားနေဖို့လိုပါတယ်။
သင့်ကိုသင်ပျိုးထောင်တယ်ဆိုတဲ့နေရာမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ကိုယ့်အရည်အချင်းအတွက် ရသမျှသင်ယူ၊ တတ်မြောက်ထားတာထက် ပိုပြီး ကျွမ်းကျင်လာအောင်လုပ်၊ ဇွဲရှိရှိကြိုးစားတဲ့အခါ အချိန်တစ်ခုရောက်ရင်တော့ သင့်ကိုသင်ပျိုးထောင်ခြင်းရဲ့အကျိုးကို သင်ခံစားရမှာပါပဲ။ ဒီနေ့ထက် မနက်ဖြန်မှာ သင့်ရဲ့အရည်အချင်းတွေပိုမိုထက်မြက်လာပါစေ။ လူတိုင်းက “ကိုယ်စိုက်ပျိုးသလောက်၊ ကိုယ်ရိတ်သိမ်းရတာပါပဲ” အဲဒါကြောင့် သင့်ကိုသင်များများပြုစု၊ ပျိုးထောင်ပါ။ အဲဒီ့အကျိုးကို သင်ပဲရိတ်သိမ်းရမှာပါပဲ။
အဲဒါကြောင့် သင့်ကိုသင်ပျိုးထောင်ဖို့ မေ့နေမိတယ်ဆိုရင် ဒီနေ့ကစပြီး သင့်ရဲ့ရှေ့ဆက်လျှောက်ရမယ့်လမ်းအတွက် စဉ်းစားပါ။ ဘာတွေလိုအပ်မလဲ….တွေးပါ။ လိုအပ်တာတွေအတွက် သင့်ကိုသင် ဖြေးဖြေးချင်း ပျိုးထောင်ပါ၊ အရည်အချင်းနဲ့ပြည့်ဝအောင် ဇွဲရှိရှိကြိုးစားပါ။
ဒီဆောင်းပါးလေးဖတ်လို့ သင့်အတွက်အကျိုးတစ်စုံတစ်ရာရသွားတယ်ဆိုရင်ပဲ ရေးသားဖော်ပြရကျိုးနပ်ပါပြီနော်။
#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။