သင့်ကိုဒုက္ခပေးခဲ့သူကိုလည်း ကျေးဇူးတင်ပါ။ သူ့မျက်နှာဖုံးကို စောစောစီးစီးသိခွင့်ရခဲ့တဲ့အတွက်ပေါ့။

သင့်ကိုဒူက္ခပေးခဲ့ဖူးသူတွေ ရှိမှာပါ။ ကြုံလည်းကြုံခဲ့ဖူးမှာပါ။ သူတို့ပေးတဲ့ဒုက္ခတွေနဲ့ နင့်နေအောင်လည်း ခံခဲ့ဖူးမှာပါ။ သူတို့ကြောင့် သင့်စိတ်ထဲမှာ အရမ်းထိခိုက်နာကျင်ခဲ့ရမှာပါ။ ခံစားမှုအမျိုးမျိုးလည်းဖြစ်မှာပါပဲ။ တခါတလေကျရင် ကိုယ့်ကိုဒုက္ခပေးတဲ့သူက ကိုယ့်အနီးဆုံးက လူတွေဖြစ်နေတတ်ပါတယ်။ ကိုယ်ဘယ်လိုမှမထင်ထားတဲ့လူတွပေါ့။ အဲဒီ့အခါ လုပ်ရက်လိုက်လေခြင်းရယ်ဆိုပြီး ပိုနာကျင်ရတတ်ပါတယ်။


ပိုခံစားရတတ်ပါတယ်။ ငါ့ကိုမှ နောက်ကျောဓားနဲ့ထိုးလေခြင်းဆိုပြီး တနုံနုံ ခံစားရမှာပါ။
တကယ်တော့လည်း ကျွန်တော်တို့ကို ဒုက္ခပေးတတ်သူတွေဟာ ကျွန်တော်တို့ ယုံကြည်ပါတယ်ဆိုတဲ့လူတွေပဲဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့ ယုံကြည်တဲ့လူတွေကပဲ ကျွန်တော်တို့ကို လိမ်ညာနိုင်တာပါ။ ကျွန်တော်တို့ ရင်းနှီးပါတယ်ဆိုတဲ့လူတွေကသာ ကျွန်တော်တို့ကို နာကျင်အောင်လုပ် နိုင်တာပါ။ ကျွန်တော်တို့ နဲ့ အဆင်ပြေပါတယ်ဆိုတဲ့လူတွေကပဲ ကျွန်တော်တို့ရဲ့အကြောင်း အလုံးစုံကိသိထားသူတွေမဟုတ်လား။ အဲဒီ့အတွက်ကြောင့်ပဲ ကျွန်တော်တို့ကို နာကျင် စေတာသူတို့ဖြစ်နေသလို။ အဲဒီ့အတွက်ကြောင့်ပဲ ကျွန်တော်တို့ကို ဒုက္ခပေးတာလည်း သူတို့ဖြစ်နေတာပါပဲ။
အဲဒါဆို ကျွန်တော်တို့ လူတိုင်းကို မယုံကြည်ရတော့ဘူးလား။ အဲလိုလည်းမဟုတ်ပါဘူးနော်။ ယုံကြည်လို့ရပါတယ်။
တကယ်တမ်းပြန်တွေးကြည့်ရင် ကျွန်တော်တို့ကို ဒုက္ခပေးသူတွေကို ကျေးဇူးတင်သင့်တဲ့အချက်တွေရှိပါတယ်။ သူတို့ဒုက္ခပေးလို့ အခြေအနေတစ်ခုမှာ ဒုက္ခရောက်နိုင်တယ်ဆိုတာ သိလာနိုင်ပါတယ်။ လူတွေမှာ ကမ္ဘာမီးလောင် သားကောင်ချနင်းတတ်တယ်ဆိုတာ နားလည်လာပြီး ချင့်ချိန်လာတတ်ပါတယ်။
သူတို့ပေးတဲ့ဒုက္ခတွေကြောင့် ပိုပြီး ဒုက္ခကို ခံနိုင်ရည်ရှိလာမယ်။ အခက်အခဲတွေကို ကျော်ဖြတ်နိုင်လာမယ်။ ပိုပြီးရင့်ကျက်လာမယ် စသဖြင့်ပေါ့။
ကိုယ့်ကို ဒုက္ခပေးတဲ့လူတွေကြောင့် နာကျင်ပါ၊ ဝမ်းနည်းပါ၊ ကြေကွဲခံစားပစ်လိုက်ပါ။ ဒါပေမယ့် ဘယ်တော့မှ လဲပြိုကျ အရှုံးမပေးလိုက်ပါနဲ့။

ဒီနေ့မှာ ဒုက္ခဖြစ်နေပေမယ့် မနက်ဖြန်သုခဖြစ်အောင် ပြန်ကြိုးစားပါ။ ဒုက္ခကို တစ်ခါကျော်ဖြတ်ဖူးရင် ပိုရင့်ကျက်လာသလို၊ ဒုက္ခအပေါင်းကိုလည်း ခံနုိင်ရည်ရှိလာပါလိမ့်မယ်။
တကယ်တော့ သင့်ကိုဒုက္ခပေးတဲ့သူတွေကို ကျေးဇူးတင်လိုက်ပါ။ ပိုရင့်ကျက်လာစေပြီး ဒုက္ခကို ကျော်လွှားနိုင်ဖို့ ခွန်အားပေးခဲ့သလို၊ သူတို့ရဲ့မျက်နှာဖုံးတွေကို သင်မြင်လိုက်ရတဲ့အတွက် ရှောင်ရှားနိုင်သွားခဲ့လို့ပေါ့။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။