သင့်ကလေးကို စိတ်ထိခိုက်စေတဲ့အခါ လုပ်သင့်သော အရာများ

ကလေးထိန်းကျောင်းခြင်းက အလွန်ခက်ခဲတဲ့အလုပ်ဆိုတာ မိဘတိုင်းသိကြမှာပါ။ သတိထားပြုစုနေတဲ့ကြားက ကလေးတွေကို ကိုယ်တိုင်မရည်ရွယ်တဲ့နည်းလမ်းတစ်ခုမဟုတ်တစ်ခုနဲ့ စိတ်ထိခိုက်စေတဲ့အခိုက်အတန့်မျိုးရှိဖူးကြမှာပါ။ အရမ်းဆိုးတဲ့အခြေအနေမျိုး ဖြစ်ချင်မှဖြစ်မှာပေမယ့် အကောင်းဆုံးအာရုံစိုက်ပြီး ကလေးကို သတိထားဂရုစိုက်သင့်ပါတယ်။ ကလေးက တခုခုကို နာကျင်ခံစားရပြီဆိုတာနဲ့ သင်က ချက်ချင်းကို ကုစားပေးနိုင်တဲ့အပြုအမူမျိုး၊ စကားမျိုးနဲ့ပြန်လည်အားပေးဖို့လိုအပ်ပါတယ်။ ဒီနေရာမှာ သတိထားရမှာက ကလေးကို နာကျင်အောင် ရိုက်နှက်ဆုံးမပြီးမှ ကလေးပူဆာသမျှ ဆက်တိုက်အလိုလိုက်ပြီးပြန်ချော့ခိုင်းတာမျိုးနဲ့ မတူပါဘူးနော်။ ကလေးရဲ့စိတ်ခံစားချက်ကို အလေးထားဖို့ ဆိုလိုချင်တာဖြစ်ပါတယ်။ သင့်ရဲ့အပြုအမူ၊ သင့်ရဲ့စကားက ကလေးရဲ့စိတ်ကိုဘယ်လောက်ထိသွားပြီးထိခိုက်စေသလဲဆိုတာမျိုးကို သတိထားပြီး ပြန်လည်လုပ်ပေးသင့်တာကိုပြောပြပေးချင်တာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးရဲ့စိတ်ခံစားချက်ကို လျစ်လျူရှုလိုက်ခြင်းက ရေရှည်မှာ ကလေးစိတ်ကို ဒဏ်ရာဖြစ်စေပြီး ဘယ်လိုမှ မေ့ပျောက်နိုင်မှာမဟုတ်တာမျိုးဖြစ်လာတဲ့အခါ ကလေးက စိတ်အားငယ်တတ်သူ၊ ဝမ်းနည်းတတ်သူ၊ အကြောက်လွန်သူဖြစ်လာတတ်ပြီး များသောအားဖြင့် အနိုင်ကျင့်ခံရတတ်သူ၊ ဆိုးသွမ်းသူ၊ အနိုင်ကျင့်တတ်သူစသဖြင့် မကောင်းတဲ့အပြုအမူနဲ့အပြောအဆို၊ အနေအထိုင်ဘက် ရောက်သွားနိုင်ပါတယ်။ အဲဒါအပြင် မိဘနဲ့လည်း ပြေလည်စွာ ဆွေးနွေးနိုင်သူ၊ လိမ္မာသူဖြစ်လာနိုင်ချေနည်းပါးသွားနိုင်ပါတယ်။ စိတ်လိုက်မာန်ပါနဲ့ ကိုယ်လုပ်ချင်ရာ လုပ်တတ်သူဖြစ်လာနိုင်ပါတယ်။


၁) သူတို့ရင်ဖွင့်သမျှ နားထောင်ပေးပါ။
သင့်ကြောင့်ပဲဖြစ်ဖြစ် ကလေးက ထိခိုက်ခံစားနေရတယ်ဆိုရင် သင်ကသူတို့ကိုနားလည်ပေးသင့်ပါတယ်။ သင်ထိခိုက်နာကျင်နေတဲ့အချိန်မှာဆိုရင်ကော သင်ဘာကိုလိုချင်သလဲ။ သင့်ကိုနားလည်ပေးတဲ့သူမျိုး ပြီးတော့ သင့်ကိုကိုယ်ချင်းစာပေးတဲ့သူမျိုးကို အလိုချင်ဆုံးမဟုတ်လား။ အဲဒီလိုပါပဲ။ သင့်ကလေးက တစုံတခုကြောင့် စိတ်ထိခိုက်နာကျင်နေတယ်ဆိုရင် သူတို့ကို ကိုယ်ချင်းစာကြောင်းနားလည်ကြောင်းစကားမျိုးကိုပဲ သူတို့ကြားချင်ကြပါတယ်။

၂) သူတို့ရဲ့နာကျင်မှုကို နားလည်ပေးပါ။
မိဘတွေရဲ့အကျင့်က ကိုယ့်ရဲ့အမှားကို သားသမီးကိုမှားကြောင်းဝန်ခံလိုက်ရင် သားသမီးအပေါ်ကိုယ့်ရဲ့သြဇာသက်ရောက်မှုမရှိတော့ဘူးလို့ထင်တတ်ကြပါတယ်။ တကယ်တော့အဲဒါကမှားပါတယ်။ သားသမီးကို ကိုယ်က အာဏာသက်ရောက်မှုရှိပေမယ့် ကိုယ့်မှားတဲ့အခါ မှားသွားတဲ့အကြောင်းသားသမီးနဲ့ ပြေလည်အောင် ဆွေးနွေးသင့်ပါတယ်။ အဲဒါမှ သားသမီးကလည်း သူမှားသွားတဲ့အခါ သင့်ကိုပြောပြဝန်ခံရဲမှာဖြစ်ပါတယ်။ သင်မှားရင်မှားကြောင်းဝန်ခံရဲတဲ့ပေါ်မှာ သားသမီးက သင့်အပေါ်လေးစားမှုရှိမှာဖြစ်ပါတယ်။ အဲဒါကြောင့် သင်က သားသမီးကို ထိခိုက်ခံစားရအောင် တခုခုလုပ်မိပြီဆိုရင် သူခံစားရတာကို အသိအမှတ်ပြုပြီး နှစ်သိမ့်ပေးပါ။ ဖက်ပြီးနှစ်သိမ့်ပေးတာမျိုး၊ “မေမေနားလည်ပါတယ်….မေမေ့ကို ဘယ်လိုခံစားနေရလဲ အကုန်ရင်ဖွင့်လို့ရတယ်” လို့ လမ်းဖွင့်ပေးသင့်ပါတယ်။

၃) တောင်းပန်ပါ။
မိဘဖြစ်နေလို့ သားသမီးကိုမတောင်းပန်နိုင်ဘူးဆိုတာ မှားပါတယ်။ မိဘက သားသမီးကို ထိခိုက်နာကျင်စေတဲ့အခါမှာလည်း အရေးတယူနဲ့ “sorry” လို့ပြောပေးသင့်ပါတယ်။ သူတို့ရဲ့ခံစားချက်အတွက် အကောင်းဆုံးဖြစ်မယ့်အပြုအမူမျိုးလုပ်ပေးသင့်ပါတယ်။ “ဟယ်…ဆောရီးပါသားလေးရယ်။ အဲဒါတကယ်တော့ မေမေအထင်မှားပြီး ဆူလိုက်မိတာပါ။” “အို….ဆောရီးပါနော်။ မေမေမှားပြီး အပြစ်တင်မိတာ ဆောရီးပါသားရယ်” စသဖြင့် ကလေးရဲ့နာကျင်သွားတဲ့အတိမ်အနက်ပေါ်မူတည်ပြီး ကလေးကို အရေးတယူနဲ့ တောင်းပန်သင့်ပါတယ်။

၄) အမှားကို အမှန်လို့ထင်သွားစေနိုင်ပါတယ်။
ကိုယ့်ရဲ့အမှားနဲ့ပတ်သက်ပြီး တာဝန်မယူဘဲ ကိုယ်မမှားသလို မတောင်းပန်ဘဲ နေလိုက်တာက ကလေးကို သင်ပြုမူလိုက်တဲ့အပြုအမူအမှားကို လုပ်သင့်တဲ့အပြုအမူတစ်ခု တနည်းအားဖြင့် မိဘက သားသမီးကို ဒီလိုပြုမူလို့ရတယ်၊ အဲဒါမှန်တယ်လို့ ထင်သွားစေပါတယ်။ အမှားကို အမှန်လို့ထင်သွားစေနိုင်ပါတယ်။ သင်နဲ့သင့်ကလေးကြားမှာ အပြန်အလှန်ဆွေးနွေးလို့ရတဲ့ဆက်ဆံရေးမျိုးဖြစ်အောင် သင့်ရဲ့အပြုအမူကို ချက်ချင်းပြောင်းလဲသင့်ပါတယ်။ သင်မှားနေတာကို ချက်ချင်းမှားကြောင်းဝန်ခံသင့်ပါတယ်။ သင့်ရဲ့စကားလုံးတွေက ကြမ်းတမ်းတယ်ဆိုရင် စကားကိုချိုသာစွာနဲ့ ကလေးကိုနူးညံစွာပြောပြသင့်ပါတယ်။ ကလေးရဲ့နာကျင်သွားတဲ့စိတ်ခံစားချက်ကို ခုနေမှာ လျစ်လျူရှုလိုက်ရင် နောင်တစ်ချိန်မှာ ပြန်လည်ကုစားပေးနိုင်တဲ့အခိုက်အတန့်ဆိုတာ မရှိတော့ပါဘူး။ အဲဒါကြောင့်အခုအချိန်ထက် ကလေးရဲ့စိတ်ဒဏ်ရာကိုကုစားပေးနိုင်တဲ့အချိန်ပြန်မရပါဘူး။
https://www.allprodad.com/4-things-to-do-when-you-have-hurt-your-kids/လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။