သင့်ကလေးကို ငယ်စဉ်မှာ သင်ပေးသင့်တဲ့ ဘဝအတွက်အခြေခံများ

ကလေးရဲ့ အစောပိုင်း၅နှစ်တာကာလက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုဖြစ်နေတာကြောင့်လည်း ကလေးကို ဉာဏ်ကောင်းတဲ့ကလေးဖြစ်လာအောင် ပျိုးထောင်ဖို့၊ လိမ္မာတဲ့ကလေးဖြစ်လာအောင် သွန်သင်ဖို့၊ အတွေးအခေါ်ဖွံ့ဖြိုးတဲ့ကလေးဖြစ်လာဖို့၊ လူကောင်းတစ်ယောက်ဖြစ်လာဖို့၊ စာအုပ်စာပေတွေ စိတ်ဝင်စားတတ်တဲ့ကလေးဖြစ်လာဖို့ စသည်ဖြင့် အရမ်းအရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာကော ၊ စိတ်ပိုင်းဆိုင်ရာကော အတွက် အရမ်းကို အရေးကြီးတဲ့အချိန်ပါ။ အဲဒါကြောင့် ထိုအချိန်မှာ ဘာတွေသင်ပေးသင့်သလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။


၁) ပျော်ရွှင်တတ်ဖို့သင်ပေးပါ။
လေ့လာချက်တွေအရ ငယ်စဉ်မှာပျော်ရွှင်စွာဘဝကိုဖြတ်သန်းရတဲ့ကလေးက သူ့ဘဝတစ်လျှောက်မှာ ကြုံလာသမျှ အခက်အခဲတွေနဲ့ စိတ်ဖိစီးမှုတွေကို ပိုပြီးခံနိုင်ရည်ရှိပါတယ်တဲ့။ positive social skill ရှိပြီ လူမှုဆက်ဆံရေးမှာ အဆင်ပြေစေပြီး ကိုယ့်ကိုကိုယ်ချစ်ခင်မှု၊ ကိုယ့်ကိုကိုယ်တန်ဖိုးထားမှုလည်း ပိုပြီးရှိစေပါတယ်။ ကလေးကိုပျော်ရွှင်တတ်စေတဲ့အခါမှာ ကလေးကို အရုပ်တွေအသစ်ပေါ်သမျှ အိမ်မှာထားစရာမရှိအောင်ဝယ်ပေးတာမျိုးမဟုတ်ပါဘူးနော်။ ကလေးကိုချစ်ခင်ပေးတာ၊ ကလေးစကားတွေကိုအလေးထားတာ၊ ကလေးနဲ့အတူဆော့ကစားပေးတာ၊ ကလေးခံစားချက်ကိုနားလည်ပေးတာ၊ ကလေးနဲ့အတူ ကလေးလို၊ သူငယ်ချင်းလိုအဖော်လုပ်ပေးတာ စတာတွေက ကလေးကို ပျော်ရွှင်စေပါတယ်။ အဲဒါကြောင့် ကလေးရဲ့အစောပိုင်းကာလမှာ မိဘတွေက လျစ်လျူရှုထားခြင်းခံရတဲ့ကလေးနဲ့ မိဘက အရေးတယူဆက်ဆံခြင်းခံရတဲ့ကလေး ပျော်ရွှင်မှုခြင်းမတူပါဘူး။ မိဘကအလုပ်ရှုပ်တယ်….ဘာတွေလာပြောနေတာလဲ….ဝေးဝေးမှာနေ… စတဲ့စကားမျိုးတွေမကြာခဏပြောခံရတဲ့ကလေးက သူ့ကိုသူအရေးမပါဘူးလို့ခံစားရစေပါတယ်။ အဲဒီ့အခါ ကလေးက သူ့ကိုသူလည်း တန်ဖိုးမရှိသလိုမှတ်ယူသွားနိုင်ပါတယ်။ အဲဒီ့အခါ ကလေးက မပျော်ရွှင်နိုင်ပါဘူး။ သူ့ကိုသူချစ်ခင်စိတ်အားနည်းပါတယ်။ ဘဝရဲ့အခက်အခဲတွေကို ရင်ဆိုင်ဖို့လည်း စိတ်ဓာတ်ကြံ့ခိုင်မှုအားနည်းတတ်ပါတယ်။ အဲဒါကြောင့် ကလေးရဲ့အစောပိုင်းကာလတွေမှာ ကလေးရဲ့ဘဝက ပျော်ရွှင်မှုတွေနဲ့ပြည့်ဝနေဖို့ အရေးကြီးတဲ့အခြေခံတစ်ခုပါပဲ။

၂) ကျန်းမာတဲ့နေထိုင်မှုပုံစံဖြစ်ဖို့သင်ပေးပါ။
ကလေးရဲ့အစောပိုင်းကာလများမှာ မိဘရဲ့ပြုစုစောင့်ရှောက်ပေးမှုက စိတ်ပိုင်းဆိုင်ရာအရကော ရုပ်ပိုင်းဆိုင်ရာအရကော နှစ်မျိုးလုံးအရေးကြီးပါတယ်။ ကလေးကို ရုပ်ပိုင်းဆိုင်ရာအရချည်း ကျန်းမာစေပြီး စိတ်ပိုင်းဆိုင်ရာအရတော့ဘာမှမဂရုမစိုက်ရင်မဖြစ်သလို၊ စိတ်ပိုင်းဆိုင်ရာချည်း ခွန်အားဖြစ်စေပြီး ခန္ဓာကိုယ်မကျန်းမာပြန်ရင်မဖြစ်ပြန်ပါဘူး။ အဲဒါကြောင့် ကလေးကို ငယ်စဉ်ကတည်းက ကျန်းမာရေးအသိပေးဖို့လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်စားရင် ဘာတွေကောင်းကျိုးရှိသလဲဆိုတာမျိုး၊ အသီးတွေစားရင် ဘာတွေဖြစ်သလဲဆိုတာမျိုး၊ ကျန်းမာရေးနဲ့မညီညွှတ်တာက ဘာတွေလဲဆိုတာမျိုးပြောပြသင့်ပါတယ်။ ဥပမာ။ “လိမ္မော်သီးစားရင် ဗီတာမင်စီပါလို့ သားရဲ့ကိုယ်ထဲကို အပြင်က ဗိုင်းရပ်စ်တွေမဝင်နိုင်အောင် ချပစ်လိုက်တယ်သားရဲ့” “ဥနီစားရင် ယုန်ကလေးရဲ့မျက်လုံးလိုမျိုး မျက်လုံးလှလှလေးဖြစ်တယ်” ဆိုတာမျိုးပေါ့။ အဲဒါဆို ကလေးက တခုခုစားချင်ရင် အဲဒီလိုရှင်းပြချက်ကိုစိတ်ဝင်တစားနားထောင်ပြီး မှတ်သားထားပါလိမ့်မယ်။ ဘာစားစားသင့်ကိုမေးပြီးမှ စားပါလိမ့်မယ်။ အဲဒါက ကလေးအတွက် ကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတပေးတဲ့နည်းလမ်းပါပဲ။

၃) ဉာဏ်ရည်ကောင်းအောင် သင်ပေးပါ။
ကလေးရဲ့အစောပိုင်းကာလမှာ ဦးနှောက်ဖွံ့ဖြိုးက ၉၀ရာခိုင်နှုန်းထိ ရှိပါတယ်။ အဲဒါကြောင့် အဲဒီ့အချိန်မျိုးမှာ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးစေတဲ့ကစားနည်း၊ သင်ကြားမှု၊ လေ့ကျင့်မှုတွေလုပ်ပေးတဲ့အခါ ကလေးရဲ့ဉာဏ်ရည်ပိုပြီး ကောင်းမွန်စေပါတယ်။ ကလေးကိုဉာဏ်ကောင်းစေဖို့ ထိုအချိန်က အကောင်းဆုံးသင်ပေးနိုင်တဲ့၊ လေ့ကျင့်ပေးနိုင်တဲ့အချိန်ဖြစ်ပါတယ်။ ခုခေတ်မှာတော့ flash card တွေ၊ စာအုပ်တွေမျိုးစုံ ဝယ်ဖတ်ပြီး လေ့ကျင့်ပေးနိုင်သလို၊ မိဘက ကလေးနဲ့အတူဆော့ကစားပေးပါ၊ ကလေးရဲ့စကားကိုအလေးထားနားထောင်ပေးပါ။ ကလေးနဲ့သူငယ်ချင်းလို့ အပြန်အလှန်စကားပြောပေးပါ။ ကိန်းဂဏန်းနဲ့အရေအတွက်ကို စသင်ပေးပါ။ သီချင်းနားထောင်ခိုင်းပေးပါ။ အရောင်လေးတွေ သင်ပေးပါ။ မတူတဲ့အရောင်လေးတွေပြပေးပါ။ ကလေးရဲ့အစောပိုင်းကာလမှာ ဉာဏ်ကောင်းအောင်သင်ပေးထားခြင်းက ကလေးဘဝတစ်ခုလုံး သင်ယူမှုလွယ်ကူစေပြီး ကျောင်းတက်ချိန်မှာလည်း အခြားကလေးတွေထက် သင်လွယ်တတ်လွယ်စေပါတယ်။ ကလေးဘဝတစ်ခုလုံးအတွက် ပညာရေးနဲ့ဉာဏ်အမြော်အမြင်အတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဉာဏ်ရည်မထက်မြက်ဘူးဆိုရင် ကလေးကို ကိုယ်သင်ချင်တတ်စေချင်ပေမယ့် အလွယ်တကူသင်လွယ်တတ်လွယ်ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ပညာရေးမှာကော အခြားသော အရည်အချင်းတွေမှာလည်း အားနည်းနိုင်ပါတယ်။ အဲဒါကြောင့်ဉာဏ်ရည်ထက်မြက်ခြင်းက ဘဝအတွက် ပညာရေးမှာကော အခြားသော အတွေးအခေါ်အယူအဆတွေထက်မြက်စေဖို့ကော အထောက်အကူဖြစ်စေပါတယ်။

၄) တာဝန်ယူစိတ်ရှိအောင်သင်ပေးပါ။
မိဘတွေရဲ့အမှားတွေထဲက တခုကတော့ ကလေးက ငယ်သေးတယ်…မလုပ်တတ်သေးဘူး….ဘာမှမခိုင်းနဲ့….ဆိုတာမျိုးပါပဲ။ ကလေးကို မတတ်သေးဘူးဆိုတဲ့စိတ်နဲ့ ဘာမှမခိုင်းခြင်းက ကလေးကို တာဝန်မယူခိုင်းတာနဲ့တူပါတယ်။ ကလေးနိုင်သလောက် တာဝန်ယူခိုင်းခြင်းက ကလေးအတွက် သူ့တာဝန်သူလုပ်ရမယ်ဆိုတဲ့စိတ်ကိုဖြစ်စေပါတယ်။ ကလေးရဲ့ဘဝတစ်လျှောက်လုံးမှာ ကိုယ့်တာဝန်ကိုယ်ယူရမယ်ဆိုတဲ့စိတ်က မရှိမဖြစ်လိုအပ်ပါတယ်။ မိဘတွေ မရှိတော့တဲ့အခါဖြစ်ဖြစ်၊ မိဘတွေနဲ့အဝေးမှာနေရတဲ့အခါပဲဖြစ်ဖြစ်၊ ကလေးရဲ့ဘဝတစ်လျှောက်လုံးမှာ သူ့တာဝန်သူယူတတ်သွားခြင်းက ကလေးအတွက် ရတနာသိုက်ပါပဲ။ သူ့ဘဝကို သူ့ဟာသူလျှောက်လှမ်းနိုင်သွားစေပါတယ်။ အဲဒါကြောင့် ကလေးကို ကလေးအရွယ်နဲ့အလိုက် တာဝန်လေးတွေပေးပါ။ မတတ်လို့မခိုင်းဘဲမနေပါနဲ့။ ကလေးက လုပ်စရှိရင် လုပ်ရကောင်းမှန်းသိသွားတဲ့အတွက် မပျင်းတော့ပါဘူး။ ကိုယ့်အားကိုယ်ကိုးတတ်သွားပါတယ်။ အရွယ်ရောက်လို့ မိသားစုရလာတဲ့အခါမှာလည်း သူ့မိသားစုအတွက် တာဝန်ကျေရကောင်းမှန်းသိတဲ့သူဖြစ်လာစေပါတယ်။

၅) စာဖတ်ကျင့်ဖြစ်အောင် သင်ပေးပါ။
ကလေးရဲ့အတွေးအခေါ်ကောင်းစေဖို့၊ အမှားအမှန်ခွဲခြားတတ်စေဖို့၊ စမတ်ဖြစ်ပြီးတည်ငြိမ်ရင့်ကျက်စေဖို့၊ စိတ်နှလုံးပျော့ပျောင်းညင်သာစေဖို့၊ ကြင်နာစိတ်ရှိဖို့ စတဲ့အကျင့်ပေါင်းများစွာဖြစ်ဖို့က စာဖတ်ခြင်းက အခြေခံပါပဲ။ ရသစာဖတ်တတ်တဲ့ကလေးက ကြင်နာတတ်တဲ့နှလုံးသားဖြစ်လာပါတယ်။ စာထဲက ဘဝပေါင်းများစွာကိုမြင်နိုင်လို့ ကိုယ်ချင်းစာစိတ်ဖြစ်ပေါ်စေပါတယ်။ ယူတတ်ရင်သင်ခန်းစာရပါတယ်။ စာထဲကမှားခဲ့အမှားတွေကို ပြင်ပဘဝမှာ မကျင့်သုံးမိဖို့ ဆင်ခြင်နိုင်စေပါတယ်။ အဲဒီ့အခါ ကလေးက အတွေးအခေါ်ကောင်းတွေဖြစ်လာစေပြီး ဘဝမှာ အမှားအမှန်ခွဲခြားတတ်တဲ့ကလေးဖြစ်လာပါတယ်။ စာဖတ်တဲ့ကလေးက အခြားသောကလေးတွေထက်ကို ပိုပြီးလိမ္မာ၊ ပိုပြီးနားလည်သိတတ်တဲ့ကလေးဖြစ်လာစေပါတယ်။ အဲဒါကြောင့် ကလေးရဲ့အစောပိုင်းကာလတွေမှာ စာဖတ်ကျင့်ဖြစ်ဖို့ မိဘက အခြေခံရအောင် သင်ပေးပါ။

၆) ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာတတ်ဖို့သင်ပေးပါ။
ကလေးအသက် ၄နှစ်၅နှစ်လောက်မှာ ကလေးက ပတ်ဝန်းကျင်ကိုလေ့လာစူးစမ်လာတတ်ပါတယ်။ မိဘက အလိုက်သင့်လေး ကလေးကို ပြောပြပေးပါ။ ကလေးသိချင်တာကိုဖြေပေးပါ။ ပတ်ဝန်းကျင်ကိုလေ့လာစူးစမ်းတတ်တဲ့စိတ်က ကလေးရဲ့တွေးတောစဉ်းစားနိုင်စွမ်းကို တွန်းအားဖြစ်စေပါတယ်။ ပတ်ဝန်းကျင်မှာ အသစ်အဆနု်းတွေသမျှကို ကလေးကိုအရေးတယူပြောပေးပါ။ အဲဒါမှ ကလေးက အရေးပါသလိုခံစားရပြီး သူသိချင်တာမှန်သမျှ မေးလာပါလိမ့်မယ်။ အဲဒီလိုအရေးတယူမပြုခဲ့ရင် ကလေးက သူမေးသမျှ မိဘကမဖြေဘူး၊ အလေးမထားဘူးထင်လာတဲ့အခါ သင့်ကိုဘာမေးခွန်းမှမေးတော့မှာမဟုတ်ပါဘူး။ မေးခွန်းများများမေးလေ ကလေးရဲ့သိချင်စိတ်များနေခြင်းကို ပြတာဖြစ်ပါတယ်။ ကလေးသိချင်စိတ်များလေလေ မိဘက အဖြေမှန်မှန်နဲ့ ကလေးနားလည်အောင်ဖြေပေးရပါတယ်။ အဲဒီ့အခါ ကလေးက သိတာတွေများလာပါလိမ့်မယ်။ အဲဒါဆိုရင် ကလေးချင်းတူပေမယ့် အတွေ့အကြုံရင့်ကျက်တဲ့ကလေး၊ ကလေးချင်းယှဉ်ရင်တောင် အသိပိုများတဲ့ကလေးဖြစ်လာပါတယ်။ ကျောင်းမှာလည်း စာအုပ်ထဲစာတွေကို အသေမှတ်တာထက် ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာပြီး ဖြေတတ်အောင် သင်ပေးသင့်ပါတယ်။ အဲဒါက ကလေးရဲ့ဦးနှောက်ကိုဖွံ့ဖြိုးစေသလို၊ ကလေးအတွက် အသိပညာဗဟုသုတတိုးစေပါတယ်။ ပိုပြီးထက်မြက်စေပါတယ်။

အဲဒါကြောင့် ကလေးရဲ့မွေးစကနေ အသက်၅နှစ်ထိ(နောက်အကျဆုံး အသက် ၇နှစ်ထိ)အချိန်က ကလေးရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုအားကောင်းတဲ့အချိန်ဖြစ်တာကြောင့် ကလေးကို တစ်ဘဝလုံးအတွက် သင်ပေးချင်တာတွေကို တဆင့်ချင်း အသက်အရွယ်အလိုက်သင်သွားလို့ရပါတယ်။ ကလေးရဲ့ဘဝတစ်ခုလုံး လူတော်၊ လူကောင်းဖြစ်စေဖို့ ထိုအချိန်မှာ သင်ပေးသင့်တဲ့အခြေခံအကြောင်းအရာတွေအားလုံးကို စတင်ပြီး ဖောင်ဒေးရှင်းချထားရမှာဖြစ်ပါတယ်လို့ ဖော်ပြပေးလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။