သင့်ကလေးကို ကြင်နာတတ်တဲ့သူဖြစ်အောင် ဘယ်လိုပျိုးထောင်မလဲ။

မိဘတွေဆိုတာက ကလေးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကော ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနှစ်ခုစလုံးကို အထူးဂရုစိုက်ပျိုးထောင်ရပါတယ်။ အဲဒါအပြင် ကလေးရဲ့ အခြားသော စွမ်းရည် (skills) တွေကိုလည်း တိုးတက်အောင် ပျိုးထောင်တတ်ရပါသေးတယ်။ အဲဒါမှသာ ကိုယ့်ရဲ့ကလေးက လူမှုအသိုင်းအဝန်းကြားထဲမှာ အဆင်ပြေတဲ့အပြင် လူပီသတဲ့လူဖြစ်နိုင်မှာပါ။ အဲဒါအပြင် လူသားခြင်းစာနာတတ်တဲ့အကျင့်၊ မျှဝေတတ်တဲ့အကျင့်၊ ကူညီတတ်တဲ့အကျင့်၊ ကြင်နာတတ်တဲ့အကျင့်၊ မုဒိတာပွားတတ်တဲ့အကျင့် စတဲ့လူသားဆန်မှုတွေကိုပါ တစ်ထပ်တည်း သင်ပေးရမှာဖြစ်ပါတယ်။


အဲဒါကြောင့် ခုတခါမှာတော့ ကလေးကို ကြင်နာတတ်တဲ့လူတစ်ယောက်ဖြစ်အောင် ဘယ်လိုပျိုးထောင်ပေးရမလဲဆိုတာလေး ဖော်ပြပေးချင်ပါတယ်။
၁) မိဘကိုယ်တိုင်က စံပြဖြစ်ပါတယ်။
ဘယ်သူကမှ မပြည့်စုံနိုင်ပါဘူး။ လူတိုင်းကမှားတတ်ကြပါတယ်။ ဒါပေမယ့် မိဘတွေက ကလေးရဲ့အနီးစပ်ဆုံး စံပြလူသားဖြစ်တာမို့ မိဘရဲ့အပြုအမူတိုင်းက ကလေးထံမှာ လွှမ်းမိုးနေမှာဖြစ်ပါတယ်။ မိဘကိုယ်တိုင်က အတ္တကြီးတဲ့လူမျိုးဖြစ်နေရင် ကလေးကိုလည်း ကြင်နာတတ်အောင်သင်ပေးနိုင်မှာမဟုတ်ပါဘူး။ “ကိုယ်သာရအောင်လုပ်၊ အခြားလူဘာဖြစ်ဖြစ်အရေးမကြီးဘူး၊ ကိုယ်သာရဖို့အရေးကြီးတယ်…” ဆိုတဲ့စကားမျိုးပဲသင်ပေးမှာပါ။ အဲဒီ့တော့ မိဘကိုယ်တိုင်က ကလေးကိုကြင်နာရကောင်းသိအောင် သင်ပေးနိုင်မှဖြစ်မှာပါ။ အခြားသူများကို ကြင်နာတတ်ခြင်းက လူသားဆန်ခြင်းဖြစ်တယ်ဆိုတာ မိဘကိုယ်တိုင်ကနားလည်ထားမှဖြစ်ပါလိမ့်မယ်။ ကိုယ့်အိမ်က သက်ကြီးရွယ်အိုတွေ၊ အဖိုးအဖွားတွေကိုပဲဖြစ်ဖြစ်၊ အခြားသူစိမ်းတွေကိုပဲဖြစ်ဖြစ် ကြင်နာစွာပြုမူဆက်ဆံပြခြင်းက ကလေးတွေရဲ့စံပြဖြစ်စေမှာပါ။

၂) ကလေးကို ကိုယ်ချင်းစာနာတတ်ဖို့သင်ပေးပါ။
အခြားသူတွေနဲ့ ပြုမူဆက်ဆံတဲ့အခါ အခြားလူတစ်ယောက်ကို ပြုမူလိုက်တဲ့အပြုအမူမျိုး ကိုယ့်ကိုလာပြီး ပြုမူရင်ကော ကိုယ်က ကြိုက်ပါ့မလားဆိုတဲ့အတွေးမျိုးတွေးတတ်အောင်သင်ပေးသင့်ပါတယ်။ ဥပမာ။ ကလေးက သူ့မုန့်ကို အခြားသူကို မကျွေးချင်ဘူးဆိုပါတော့။ အဲဒါဆိုရင် “သားရေ…..သားကိုမေမေလက်ထဲမုန့်မကျွေးဘူးဆိုရင် သားကော သဘောကျပါ့မလား။” ဆိုတာမျိုးပြောပြပါ။ အဲဒီလိုပါပဲ။ အခြားသူများကို ဂရုစိုက်တတ်ဖို့သင်ပေးပါ။ ကိုယ်လုပ်လိုက်တဲ့အပြုအမူကြောင့်အခြားလူတစ်ယောက်ကို ထိခိုက်သွားမယ်ဆိုရင် ထိုလူနေရာမှာ ကိုယ်သာဆိုရင် အဆင်ပြေပါ့မလား။ ကိုယ်တောင်မကြိုက်တဲ့ကိစ္စကို အခြားသူကို မလုပ်ဖို့ ကလေးကို သင်ပေးသင့်ပါတယ်။

၃) အခြားသူများရဲ့အရေးကြီးတဲ့အရာကို ဂရုပြုသင့်ကြောင်းသင်ပေးပါ။
များသောအားဖြင့် လူတိုင်းက ကိုယ့်ရဲ့အရေးပါတဲ့အရာနဲ့ အရေးကြီးတဲ့အရာကိုသာ အလေးထားတတ်ကြပါတယ်။ အဲဒါကြောင့် တခါတလေ အခြားသူရဲ့အရေးပါတဲ့အရာကိုကျတော့ လျစ်လျူရှုသလိုဖြစ်တတ်ပါတယ်။ ဥပမာ။ ကလေးက အခြားကလေးတစ်ယောက်ရဲ့အရုပ်ကို ပျက်စီးအောင်လုပ်မိတယ်ဆိုရင် “သားရေ သားကြိုက်တဲ့အရုပ်လေးကို ဖျက်ဆီးပစ်လိုက်ရင်သားမကြိုက်သလိုပဲ၊ အခြားသူငယ်ချင်းကလည်း သူကြိုက်တဲ့အရုပ်ကို သားဖျက်ဆီးလိုက်မှာကို ကြိုက်ပါ့မလား။ အဲဒါကြောင့် ကိုယ့်ပစ္စည်းကို ဖျက်ဆီးတာမကြိုက်ရင် အခြားသူရဲ့အရုပ်ကိုလည်း မဖျက်ဆီးရဘူး။ သားအရုပ်က သားအတွက် အရေးပါသလိုပဲ၊ အခြားသူကလည်း သူ့အတွက်အရေးပါတဲ့အရာရှိမှာပဲ၊ အပြန်အလှန်နားလည်ပေးရမယ်နော်” လို့ဆုံးမလို့ရပါတယ်။ အဲလိုမဟုတ်ရင်လည်း “သားရေ သားအရမ်းကြိုက်တဲ့ စပိုက်တာမန်းအရုပ်ပျောက်သွားရင် ကြိုက်သလား။ မကြိုက်ဘူးဆိုရင် မေမေရဲ့စာအုပ်ကိုလည်း သားပြဲစုတ်အောင် လုပ်မှာ မေမေမကြိုက်ဘူးနော်” စသဖြင့် ကလေးကို သူ့ရဲ့အရေးပါတဲ့အရာနဲ့ အခြားသူတွေမှာလည်း အရေးကြီးတဲ့အရာရှိတတ်ကြောင်း သင်ပေးနိုင်ပါတယ်။

၄) ကလေးရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်တတ်ဖို့ ကူညီပေးပါ။
စိတ်ခံစားချက်တိုင်းက ပျော်စရာကောင်းနေတာမဟုတ်ပါဘူး။ တခါတလေ စိတ်တိုမယ်၊ ဒေါသထွက်မယ်၊ စိတ်ရှုပ်ထွေးမယ် ဆိုတာမျိုးတွေက ကလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ အဲဒီလိုခံစားချက်တွေဖြစ်ပေါ်နေတဲ့အခါ ကလေးတွေအတွက် ထိန်းချုပ်ရခက်ခဲသလို၊ နားလည်ဖို့လည်း ခက်ခဲနိုင်ပါတယ်။ အဲဒါကို မိဘက နားလည်မှဖြစ်ပါလိမ့်မယ်။ စိတ်ထဲကခံစားချက်ပြေပျောက်ဖို့အတွက်နဲ့ ပြင်ပပတ်ဝန်းကျင်က လူတွေကို မဲတာ၊ အရုပ်တွေပစ်ပေါက်တာ၊ ရိုက်ခွဲတာ၊ အရုပ်ကိုဖျက်ဆီးတာ၊ အခြားသူရဲ့ပစ္စည်းတွေကို ဖျက်ဆီးတာမျိုးတွေမဖြစ်အောင် မိဘက သွန်သင်ရပါမယ်။ စိတ်ထဲက မကျေမနပ်ခံစားရတာမျိုးက ပုံမှန်ဖြစ်ကြောင်းပြောပြပါ။ ဒါပေမယ့် စိတ်ခံစားချက်ကို အခြားအရာတွေနဲ့ဖောက်ခွဲပစ်တာကတော့ ပုံမှန်မဟုတ်ကြောင်း၊ ကိုယ်ခံစားချက်ကို အဆင်ပြေမယ့်နည်းလမ်းအဖြေရအောင် ဆွေးနွေးခြင်းကသာ အဖြေဖြစ်ကြောင်း သင်ပေးရမှာဖြစ်ပါတယ်။ အဲဒါမှ ကလေးက နောင်တစ်ချိန်အရွယ်ရောက်လာတဲ့အခါ စိတ်အလိုလိုက်ပြီး ဒေါသကိုဖောက်ခွဲတတ်သူမဖြစ်နိုင်တော့ပါဘူး။

၅) အခြားသူရဲ့ခံစားချက်ကိုထည့်တွေးဖို့သင်ပေးပါ။

အခြားသူရဲ့ခံစားချက်ကို ဂရုမစိုက်ခြင်းက ကြင်နာမှုမရှိတဲ့ကလေးတွေဖြစ်လာစေနိုင်ပါတယ်။ ကိုယ်ဖြစ်ချင်တာကိုပဲသိပြီး ကိုယ်လုပ်ချင်တာလုပ်ပစ်လိုက်တာမျိုး၊ ကိုယ့်အတ္တကိုပဲသိတာမျိုးက မဖြစ်သင့်ကြောင်း ကလေးကိုသင်ပေးပါ။ ကလေးကို ကိုယ်လုပ်လိုက်တဲ့အပြုအမူတွေကြောင့် အခြားသူဘယ်လိုခံစားသွားရမလဲဆိုတာ ထည့်တွေးသင့်ကြောင်းသင်ပေးပါ။ သူ့နေရာမှာ ကိုယ်သာဆိုရင် ဘယ်လိုခံစားရမလဲဆိုတာ ကြိုတွေးပြီးမှ စကားကအစ၊ အပြုအမူကအစ ပြုလုပ်ခြင်းက ပိုပြီး ကောင်းမွန်တဲ့အလေ့အကျင့်ဖြစ်ကြောင်း ပြောဆိုသွန်သင်ထားသင့်ပါတယ်။

အပြုအမူတွေကအစ၊ အခြားသူကိုသုံးနှုန်းတဲ့စကားလုံးတွေကအစ၊ ကျေးဇူးတင်တတ်တာမျိုး၊ ယဉ်ကျေးစွာပြောဆိုတာမျိုးတွေက ကြင်နာတတ်ခြင်းရဲ့အခြေခံပါပဲ။ မိဘတွေကိုယ်တိုင်ကလည်း အခြားသူအပေါ်ပြုမူတဲ့အပြုအမူကို အလေးထားပြီး စံပြဖြစ်အောင်နေထိုင်ပြသင့်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။