အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။

သင့်ကလေးကို အပြုသဘောဆောင်တဲ့စည်းကမ်းတွေလိုက်နာအောင်ဘယ်လိုလုပ်ရမလဲ။

သင့်ကလေးကို စည်းကမ်းတွေသတ်မှတ်တဲ့အခါ သင့်ကလေးက မလိုက်နာတာမျိုး၊ ထပ်ခါထပ်ခါပြောနေတာတောင် မသိချင်ယောင်ဆောင်နေတာမျိုးလုပ်နေတတ်လား။ “သားကို အဖေပြောနေတာ အကြိမ်ပေါင်းများစွာရှိနေပြီ….ခုထိမလုပ်ရသေးဘူးလား” ဆိုတဲ့စကားမျိုးက ကလေးရှိတဲ့အိမ်တိုင်းလိုလိုမှာ ကြားနေကျစကားတစ်ခုလိုဖြစ်နေတတ်ပါတယ်။ အဲဒီလိုဖြစ်နေတတ်တယ်ဆိုရင် ဘယ်အကြောင်းအရာတွေကြောင့် ကလေးက စည်းကမ်းတွေကို မလိုက်နာရတာလဲ၊ ဒါမှမဟုတ် ဘာကြောင့် ဒီစည်းကမ်းတွေကို မလိုက်နာချင်ရတာလဲ ဆိုတာသိအောင်လုပ်သင့်ပါတယ်။ အဲဒီလိုဖြစ်နေတဲ့အပြုအမူကို ပြုပြင်ဖို့စဉ်းစားသင့်ပါတယ်။


ကလေးကို စည်းကမ်းသတ်မှတ်တဲ့အခါ မိဘတွေအနေနဲ့ “ဒါမလုပ်ရဘူး၊ ဘာမလုပ်ရဘူး….” ရယ်လို့ သတ်မှတ်လိုက်တာနဲ့ စည်းကမ်းသတ်မှတ်တဲ့ကိစ္စပြီးသွားပြီလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ထိုနေရာမှာတင် စည်းကမ်းသတ်မှတ်ခြင်းကိစ္စမပြီးသေးပါဘူး။ ကလေးက ကိုယ်သတ်မှတ်ထားတဲ့စည်းကမ်းကို တကယ်လိုက်နာနေရဲ့လား၊ မလိုက်နာဘူးလား၊ ကလေးက ဒီစည်းကမ်းနဲ့ပတ်သက်ပြီး ဘယ်လိုခံစားချက်တွေဖြစ်ပေါ်နေသလဲ စတဲ့အကြောင်းအရာတွေကို မိဘက မသိမသာစောင့်ကြည့်နေရမှာဖြစ်ပါတယ်။ ကလေးကို ဘာကြောင့် စည်းကမ်းသတ်မှတ်ရသလဲဆိုတာကို ကလေးသိအောင် ပြောပြသင့်ပါတယ်။ ဆိုးကျိုးက ဘာလဲဆိုတာကို သိထားဖို့လိုပါတယ်။ ကလေးရဲ့အမှားကိုလည်း သိအောင်ပြောပြသင့်ပါတယ်။ အပြုသဘောဆောင်တဲ့ စည်းကမ်းသတ်မှတ်ခြင်းက ကောင်းမွန်ခြင်းနဲ့ အဆုံးသတ်ပါတယ်။
ကောင်းမွန်တဲ့အဆုံးသတ်ခြင်းက အပြစ်ပေးခြင်းနဲ့ စည်းကမ်းသတ်မှတ်ခြင်းကြားက ခြားနားချက်ကိုဆိုလိုပါတယ်။ အပြစ်ပေးခြင်းက အတိတ်ကလုပ်ထားတဲ့အမှားတွေကို အာရုံစိုက်တာဖြစ်ပါတယ်။ စည်းကမ်းသတ်မှတ်ခြင်းကတော့ အနာဂတ်မှာ ကောင်းမွန်တဲ့အပြုအမူ၊ ကောင်းမွန်တဲ့ရလဒ်တွေဖြစ်လာဖို့ အာရုံစိုက်တာဖြစ်ပါတယ်။ အပြစ်ပေးခြင်းက အပေါ်ယံအားဖြင့် မျှတမှုရှိဖို့၊ စည်းကမ်းသတ်မှတ်ခြင်းကတော့ မှန်ကန်တဲ့တုံ့ပြန်မှုပြန်ရဖို့ သင်ပေးတာဖြစ်ပြီး ကလေးကို ပိုကောင်းတဲ့အလေ့အကျင့်တွေဖြစ်လာစေဖို့ သင်ကြားပေးတာဖြစ်ပါတယ်။ အပြစ်ပေးခြင်းက မကောင်းတဲ့ဘက်ကိုပိုရောက်ပြီး စည်းကမ်းသတ်မှတ်ခြင်းကတော့ ကောင်းတဲ့ဘက်ကို ပိုရောက်ပါတယ်။ အပြစ်ပေးခြင်းက ဒေါသကို လက်လွတ်စပယ်ထုတ်ပစ်ခြင်းဖြစ်ပြီး၊ စည်းကမ်းကတော့ ချစ်ခြင်းအားဖြင့် ဖော်ပြခြင်းဖြစ်ပါတယ်။ ကလေးရဲ့ဘယ်လိုအသက်အရွယ်မျိုးမှာပဲဖြစ်ဖြစ် အကောင်းဘက်ကနေပြီး ကလေးနဲ့စည်းကမ်းသတ်မှတ်ဖို့၊ ကလေးနဲ့နွေးထွေးစွာ ဆွေးနွေးတာမျိုးလုပ်သင့်ပါတယ်။ စည်းကမ်းသတ်မှတ်ခြင်းက မိဘနဲ့သားသမီးကြားက ချစ်ခြင်းကိုဖော်ပြနိုင်ဖို့၊ ခွင့်လွှတ်ခြင်းနဲ့ ဆွေးနွေးလို့ရတယ်ဆိုတာကို ကလေးသိဖို့ဖြစ်ပါတယ်။ အဲဒါကြောင့် စည်းကမ်းသတ်မှတ်လိုက်ရုံနဲ့ ကလေးက အမှားတွေကို ပြုပြင်သွားပြီလို့ယူဆလို့မရပါဘူး။ အဲဒီ့စည်းကမ်းက ကလေးအပေါ်ဘယ်လိုသက်ရောက်မှုရှိသွားသလဲ၊ ကလေးကတကယ်ပြုပြင်ရဲ့လား၊ ဘယ်လိုခံစားသွားရစေသလဲ၊ ကလေးနဲ့အကောင်းဘက်ကနေ နွေးထွေးစွာဆွေးနွေးတတ်ဖို့လိုပါတယ်။ အဲဒါကြောင့်အပြုသဘောဆောင်တဲ့စည်းကမ်းဖြစ်ပြီး ကလေးလည်း ကောင်းမွန်စွာလိုက်နာနိုင်စေဖို့ အောက်ကဖော်ပြထားတဲ့မေးခွန်းလေးတွေမေးသင့်ပါတယ်။
၁) ဘာမှားသွားတာလဲ။
ကလေးက သင်ပြောသမျှကို အာရုံမရဘူးဆိုတာက ဘာလို့လဲ။ မလုပ်ရဘူးလို့ သတ်မှတ်ထားတာကို ဘာကြောင့်လုပ်မိသွားတာလဲ ။ ထိုမေးခွန်းကိုမေးတဲ့အခါ ကလေးကို နူးညံ့တဲ့ပုံစံနဲ့မေးဖို့လိုပါတယ်။ အဲလိုကြင်နာစွာ မေးလိုက်တဲ့ပုံစံကြောင့် ကလေးက စည်းကမ်းနဲ့ပတ်သက်ပြီး သူ့စိတ်ထဲကခံစားချက်ကို ပွင့်လင်းစွာပြောထွက်လာပါလိမ့်မယ်။ အဲဒါက ကလေးဘာကြောင့်စည်းကမ်းကိုချိုးဖောက်မိတယ်ဆိုတဲ့အရေးကြီးတဲ့အချက်ကိုသိနိုင်မယ့်အဓိကအချက်ပါပဲ။ “သားကိုသကြားလုံးမစားရဘူးလို့ပြောထားတာဘယ်လို့စားတာလဲ။ မေမေမဆူဘူးနော်။ ဘာကြောင့်လဲပဲသိချင်တာ။ မေမေ့ကိုသားအတွေးကိုပြောကြည့်” ဆိုတာမျိုးနဲ့ အပြစ်အရင်မတင်၊ အပြစ်အရင်မပေးဘဲ အရင်သိအောင်မေးကြည့်သင့်ပါတယ်။ အဲဒီ့အခါမှာ ကလေးက အခြားသူတစ်ယောက်ကြောင့်လုပ်မိတယ်ဆိုရင် အခြားသူကိုအပြစ်တင်တာထက် ကလေးကို နားလည်အောင်ပြောပြထားသင့်ပါတယ်။ “ဟုတ်လား…. ဦးဦးက သားချောင်းဆိုးနေတာမသိလို့ကျွေးလိုက်တာဖြစ်မယ်။ နောက်ဆို သားချောင်းဆိုးနေလို့ သကြားလုံးမစားရဘူးလို့မေမေမှာထားရင် သားက အခြားတစ်ယောက်ယောက်က ကျွေးလာရင် သားကမေမေ့ကို လာမေးနော်။ နောက်တစ်ခါဆိုရင်တော့ မေမေစိတ်ဆိုးမယ်၊ သားချောင်းဆိုးလွန်းအားကြီးရင် ဆေးခါးခါးကြီးမသောက်လို့မရတော့ဘူး” ဆိုတာမျိုးနဲ့ ဖြေရှင်းသင့်ပါတယ်။ သကြားလုံးမစားရဘူးလို့ စည်းကမ်းသတ်မှတ်ရတာဘာကြောင့်လဲ။ ဘာဖြစ်တတ်သလဲဆိုတာမျိုးကို ကြိုတင်ပြောပြထားသင့်ပါတယ်။ တခါတလေ ကလေးတွေက စည်းကမ်းသတ်မှတ်ပေးထားတာကို ဖောက်ဖျက်ချင်လို့မဟုတ်ဘဲ ဘာမှားနေသလဲဆိုတာကို မသိတာပဲဖြစ်ပါတယ်။ အဲဒါကြောင့် စည်းကမ်းဘာလို့သတ်မှတ်ရတာလဲ၊ ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်တာကြောင့် ဆိုတာ တခါတည်းနားလည်အောင်ရှင်းပြထားသင့်ပါတယ်။
၂) ဘာကြောင့်အမှားလုပ်မိတာလဲ။
အဓိက မှားမိတာလဲဆိုတာက တခါတလေ တကိုယ်ကောင်းဆန်တာ၊ ဒေါသထွက်တာ၊ မရိုသေမလေးစားတာ စတဲ့အချက်တွေကြောင့်လဲ ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ကလေးကို ကြင်နာစွာပြုမှုတတ်ဖို့ မိဘကိုယ်တိုင်က ပြုမူပေးပါ။ ကြင်နာတတ်အောင်သင်ပေးပါ။ လေးစားတတ်အောင်သင်ပေးပါ။ ကိုယ့်ကိုကိုယ်ထိန်းချုပ်တတ်အောင်သင်ပေးသင့်ပါတယ်။ ကလေးအများစုက သူတို့ရဲ့အပြုအမူက ဘာကြောင့်မှားတာလဲဆိုတာကို သူတို့နားမလည်တတ်ကြပါဘူး။ အဲဒါကြောင့် သူတို့ရဲ့အပြုအမူအမှားကို ဘာကြောင့်မှားတာလဲဆိုတာကို သင်ပြပြောပြပေးသင့်ပါတယ်။ ဥပမာ။ ကလေးက လူကြီးကိုပြန်အော်လိုက်တယ်ဆိုပါတော့ ကလေးကို သေချာမျက်လုံးချင်းဆုံပြီး ကလေးကို ဖက်ထားရင်းနဲ့မှ “သားရေ…ဘယ်လိုမျိုးစကားပြောလိုက်တာလဲ။ ကိုယ့်ထက်ကြီးတဲ့လူဖြစ်ဖြစ်၊ ငယ်တဲ့လူဖြစ်ဖြစ် စကားကိုပြောတဲ့အခါ ကောင်းကောင်းမွန်မွန်ပြောရတယ်နော်။ သားကိုမေမေအော်လိုက်ရင်ကော သားကြိုက်ရဲ့လား” အဲဒီလိုမျိုး ကိုယ်ချင်းစာတတ်တဲ့စိတ်နဲ့အဓိက သင်ပေးပြီး စိတ်ကိုထိန်းချုပ်သင့်ကြောင်း သင်ပေးသင်ပါတယ်။ “ဘာကြောင့်လဲ…..” ဆိုတာကို မေးခြင်းက ကလေးကို အမှန်ရွေးချယ်တတ်ဖို့ အခွင့်အရေးပေးလိုက်တာပဲဖြစ်ပါတယ်။
၃) နောက်တစ်ကြိမ်မှာ ဘယ်လိုအပြုအမူမျိုးကိုရွေးမလဲ။
ဘာအမှားလုပ်မိသလဲရှင်းပြပြီးတဲ့အခါ ဘာကြောင့်မှားတာလဲမေးသင့်ပါတယ်။ ဒုတိယမေးခွန်းကိုမေးတဲ့အခါ အမှားဖြစ်စေတဲ့အကြောင်းအရင်းတွေကို ဘယ်လိုထိန်းချုပ်မလဲသင်ပေးရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ထိုကဲ့သို့အခြေအနေမျိုး နောက်တစ်ကြိမ်ထပ်ကြုံတွေ့လာမယ်ဆိုရင်…..ဘာလုပ်မလဲလို့ ကလေးကိုစဉ်းစားခိုင်းတာဖြစ်ပါတယ်။ ဉာဏ်ရှိတဲ့မိဘက ကလေးကို အမေးနဲ့အဖြေပုံစံ လုပ်ပြီး ကလေးရဲ့အကြောင်းသိအောင်ကြိုးစားတတ်ကြပါတယ်။ အပေါ်ကမေးခွန်းတွေမေးပြီးပြီ ကလေးကလည်း သူမှားတာကိုသိပြီ။ အမှားဘယ်လိုပြင်ရမလဲဆိုတာသိပြီဆိုရင် နောက်တစ်ကြိမ်ဒီလိုပြဿနာဖြစ်လာရင် ဘယ်လိုဖြေရှင်းမလဲဆိုတာ ကလေးကိုဖြေခိုင်းသင့်ပါတယ်။ အဲဒါမှ ကလေးက အပြုအမူအမှန်ကို မှတ်မိသွားမှာပါ။ သင်လိုချင်တဲ့အဖြေကို ကလေးက ပေးလာတဲ့အခါ “ဟုတ်ပြီ…အဲဒါဆို နောက်ထပ်အဲလိုပြဿနာတွေအများကြီးကြုံလာရအုံးမှာ။ ကိုယ့်ကိုကိုယ်ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သိပြီနော်။မှတ်ထားပြီးမေမေပြောသလိုလုပ်ရမယ်နော်” ဆိုတဲ့စကားမျိုးနဲ့တင် ကောင်းမွန်တဲ့အဆုံးသတ်ဖြစ်သွားပါတယ်။
ကလေးရဲ့အမှားအပေါ်မှာ အကောင်းဘက်ကတုံ့ပြန်လိုက်တဲ့အတွက် နောက်ထပ် အလားတူအမှားတွေအများကြီး လုပ်မိတဲ့အခါ ကလေးက သူ့ကိုသူသိလာသလို၊ မိဘကိုလည်း ရဲဝင့်စွာရင်ဖွင့်ပြီး သူမှားကြောင်းပြောရဲလာပါလိမ့်မယ်။ သူ့ရဲ့အမှားကို ဝန်ခံရဲတဲ့အခါ ကိုယ်ကလည်း အမှန်ပြင်ပေးဖို့၊ ဆုံးမဖို့ အခွင့်အလမ်းဖြစ်စေပါတယ်။ အမှန်ကိုကလေးကသိသွားတဲ့အခါ နောက်ထပ်အမှားတွေလုပ်ဖို့ ဆင်ခြင်လာပါလိမ့်မယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။