သင့်ကလေး ကျောင်းမှာအနိုင်ကျင့်ခံရတဲ့အခါ ဘယ်လိုလုပ်သင့်သလဲ။

သင့်ကလေးကျောင်းမှာအနိုင်ကျင့်ခံနေရတယ်လို့ သင်သိရတဲ့အခါမှာ ဘယ်လိုလုပ်မလဲ။ မိဘဖြစ်သူတွေအနေနဲ့ကတော့ ကိုယ့်သားသမီးကို ကိုယ်က ပညာတွေသင်စေချင်လို့ စိတ်ချလက်ချလွှတ်ထားတဲ့ကျောင်းမှာ ကိုယ့်သားသမီးက အနိုင်ကျင့်ခံနေရတယ်ဆိုရင် အရမ်းစိတ်ညစ်မိကြမှာပါ။ ကျောင်းဆိုတာ လူပေါင်းစုံရဲ့သားသမီးလေးတွေ လာပြီး စုပေါင်းစာသင်ကြတာမို့ လူအမျိုး၊ စရိုက်အမျိုးမျိုးတွေ့ကြမှာပါပဲ။ အဲဒါဆို ဘယ်လိုလုပ်သင့်ပါသလဲ။ ကိုယ့်ကလေးက အနိုင်ကျင့်မခံရဖို့လည်း အရေးကြီးသလို၊ ကိုယ့်ကလေးကိုယ်တိုင်ကလည်း အနိုင်ကျင့်သူမဖြစ်ဖို့အရေးကြီးပါတယ်။


၁) မိဘကိုအသိပေးခိုင်းပါ။
ကလေးအနိုင်ကျင့်ခံရခြင်း၊ မခံရခြင်းကို သိဖို့က ကလေးနဲ့သင်ရဲ့ဆက်ဆံရေးက emotional attachment ဆိုတဲ့စိတ်ခံစားချက်ခြင်း ဆက်နွယ်နေဖို့လိုပါတယ်။ သင့်ကို ကလေးက အမြဲလို သူတစ်ခုခုခံစားရတိုင်း ပြောပြနေကျ၊ ရင်ဖွင့်ချင်နေကျ ပုံစံမျိုးဖြစ်နေဖို့လိုပါတယ်။ သင့်ကို ယုံကြည်နေမှသာ သူအပြင်မှာဘာတွေဖြစ်ခဲ့သလဲ ဆိုတာ သင်သိမှာပါ။ သင့်ကိုလည်း သူက စိတ်လိုလက်ရပြောပြချင်နေမှာဖြစ်ပါတယ်။ အဲဒီလို စိတ်ပိုင်းဆိုင်ရာအရ ချစ်ခင်ရင်းနှီးမှုက မိဘနဲ့သားသမီးပဲ မရှိဘဲမနေပါဘူးလို့ မထင်လိုက်ပါနဲ့နော်။ ကလေးနဲ့တကယ်စိတ်ခံစားချက်ခြင်း ပတ်သက်နိုင်တဲ့သူက မိဘဖြစ်နေတာနဲ့ မဖြစ်နိုင်ပါဘူး။ ကလေးနဲ့သင်က သူငယ်ချင်းလိုဖြစ်ပျက်ခံစားသမျှ သင်က သူနဲ့ထပ်တူခံစားပေးနေမှ ၊ သူ့ဘက်ကနေ ထောက်ခံပေးသလိုနဲ့ သူ့ကိုလမ်းမှန်ပြင်ပေးနိုင်မှ ဖြစ်တာပါ။ အဲဒါကြောင့် ကလေးနဲ့ သင့်ရဲ့ဆက်ဆံရေးကို နှလုံးသားချင်းဆက်သွယ်နေတဲ့ဆက်ဆံရေးဖြစ်ဖို့ သင့်ကလေး ငယ်စဉ်ကတည်းက ပွင့်လင်းပြီးချစ်စရာကောင်းတဲ့ဆက်ဆံရေးဖြစ်နေအောင် ကြိုးစားထားသင့်ပါတယ်။ အဲဒါမှ သူဆယ်ကျော်သက်အရွယ်မှာ သင်ထိန်းကျောင်းရအဆင်ပြေမှာဖြစ်ပါတယ်။

၂) အနိုင်ကျင်ခံရတာ ရှက်စရာမဟုတ်ဘဲ အနိုင်ကျင့်တတ်သူသာ ရှက်ရမှာ၊ ကြောက်ရမှာဖြစ်ကြောင်းပြောပြပါ။
ကလေးကို အနိုင်ကျင့်ခံရတာ ကြောက်စရာမဟုတ်ကြောင်း၊ ရှက်စရာလည်း မလိုကြောင်း သေချာရှင်းပြပေးပါ။ အားနည်းတယ်လို့ထင်ပြီး အနိုင်ကျင့်တတ်သူကသာ ရှက်ဖို့ကောင်းတာဖြစ်ကြောင်း၊ မတရားမှုဖြစ်တဲ့အတွက် လုပ်သူကသာ ကြောက်နေမှာဖြစ်ကြောင်း ။ အဲဒါကြောင့် ကိုယ်က ကြောက်လန့်တကြားနဲ့ သူတို့အနိုင်ကျင့်သမျှ ကြောက်ကန်ကန်ပြီး ခံလာစရာမလိုကြောင်း ပြောပြပေးပါ။ ခံစရာမလိုလို့ ပြန်ပြီးလုပ်စရာလည်းမလိုကြောင်း၊ လူမိုက်နဲ့တန်းတူရန်ဖြစ်သူသည်လည်း လူမိုက်နဲ့တန်းတူ လူမိုက်ဖြစ်သွားကြောင်း သင်ပေးပါ။ ကိုယ့်ကိုအနိုင်ကျင့်လာသူကို ခပ်တည်တည်ဖြင့် မကြောက်မရွံ့နဲ့ အနိုင်မကျင့်ဖို့ ပြောဖို့ သင်ပေးပါ။ အတတ်နိုင်ဆုံး လျစ်လျူရှုပြီး ရှောင်ထွက်သွားခိုင်းပါ။ ဒီထက်အခြေအနေဆိုးလာလျှင် သက်ဆိုင်ရာ ဆရာမ၊ ဒါမှမဟုတ် လူကြီးကို အကြောင်းကြားသင့်ကြောင်း ပြောပြပါ။ ဒီနေရာမှာ လူကြီးတွေကို အသိပေးခြင်းက သူတို့ကိုကြောက်လို့မဟုတ်ဘဲ ကိုယ်တိုင်လက်တုံ့ပြန်မိရင် ကိုယ်ပါ သူတို့နဲ့အဆင့်တူနေမှာဖြစ်တာမို့ လူကြီးတွေရဲ့အာဏာနဲ့ဖြေရှင်းခိုင်းတာဖြစ်ကြောင်းပြောပြထားပါ။

၃) မပတ်သက်မိပါစေနဲ့။
အုပ်စုဖွဲ့အနိုင်ကျင့်တတ်သူတွေက နေရာတိုင်းမှာရှိနေနိုင်ပါတယ်။ အဓိကက ထိုကဲ့သို့ လူမျိုးတွေနဲ့ကြုံလာရင် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုသာ ကိုယ့်သားသမီးကို သင်ပေးထားရမှာပါ။ အဲဒီလို အုပ်စုဖွဲအနိုင်ကျင့်တတ်သူမျိုးတွေနဲ့ လုံးဝမပတ်သက်ဖို့ ကလေးကို ဆုံးမထားပါ။ မပတ်ဘဲလာပတ်သက်မိရင်လည်း လျစ်လျူရှုပါ။ ကိုယ့်ကိုထိခိုက်စေတဲ့အထိ တခုခုလုပ်လာခဲ့ရင် အထက်ကပြောသလို ခပ်တည်တည်ဖြင့် မလုပ်ဖို့ တားမြစ်ပါ။ တားမြစ်တာကို ဂရုမစိုက်ရင် အထက်လူကြီး ဆရာတစ်ယောက်ယောက်ကို အသိပေးပါ။

၄) သက်ဆိုင်ရာ မိဘ၊ ဆရာနဲ့တွေ့ဆုံ၊ ပြောပြပါ။
ဘာပဲဖြစ်ဖြစ် မိဘကို အသိပေးခိုင်းပါ။ ထိုကဲ့သို့အခြေအနေမျိုးမှာ မိဘက လိုက်ပြီး အကြီးအကဲကိုလိုက်တွေ့ပြီး ဖြေရှင်းပေးပါ။ ဘယ်ကလေး၊ ဘယ်အုပ်စုကတော့ သားသမီးကိုနှောင့်ယှက်အနိုင်ကျင့်နေကြောင်း အသိပေးပါ။ ဒီထက်ဆိုးမလာအောင် တားဆီးပေးဖို့ပြောပါ။ ဒီထက်အခြေအနေဆိုးလာလို့ တခုခုဖြစ်ရင် ဒီတိုင်းနေမှာမဟုတ်ကြောင်း အနိုင်ကျင့်တဲ့သူတွေသိပါစေ။ သူတို့အနိုင်ကျင့်တိုင်း ငြိမ်ခံနေခြင်းသည် ကြောက်လို့မဟုတ်ဘဲ တရားနည်းလမ်းတကျဖြေရှင်းနိုင်ကြောင်း မတရားသူတွေသိပါစေ။ ရဲရဲဝင့်ဝင့်နဲ့ တရားနည်းလမ်းတကျဖြေရှင်းနိုင်ကြောင်း သိအောင်ပြသပါ။

၅) ကလေးကို စောင့်ကြည့်ပါ။
ကိုယ့်ကလေးကို စောင့်ကြည့်ပေးပါ။ ဘာလို့လဲဆိုတော့ အနိုင်ကျင့်ခံရပါများလာရင် ကြောက်စိတ်၊ အငုံ့စိတ်များလာတတ်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုအားနည်းလာပါတယ်။ ကလေးရဲ့အခြေအနေပြောင်းလဲမှုရှိမရှိ မိဘက စောင့်ကြည့်မေးမြန်းသင့်ပါတယ်။
၆) အရမ်းဆိုးဝါးတဲ့အခြေအနေမျိုးမဖြစ်ခင် ထိုပတ်ဝန်းကျင်ကို ပြောင်းလဲပေးပါ။
တကယ်လို့များ ဒီထက်အခြေအနေဆိုးမလာခင် ကိုယ့်ကလေးကိုယ်တိုင်ကလည်း မနေချင်တော့ဘူးဆိုရင် ထိုဝန်းကျင်ကနေ ပြောင်းရွေ့ပါ။ အကြီးအကဲတွေကိုပြောပြအကူအညီတောင်းပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။