သင့်ခေါင်းထဲက တချို့အရာတွေကို Delete လုပ်ဖို့လိုပါတယ်။

သင့်ခေါင်းထဲမှာ အမှိုက်တွေနဲ့ရှုပ်နေမယ်ဆိုရင် သင်ပဲစိတ်ဒုက္ခရောက်ရမှာပါ။ အဲဒါဆိုရင် အဲဒီလို စိတ်ဒုက္ခရောက်ရတာ၊ စိတ်ရှုပ်ရတာမျိုးတွေမဖြစ်ရအောင် သင့်ခေါင်းထဲအဝင်မခံသင့်တဲ့ အမှိုက်လိုအရာတွေ က ဘယ်လိုမျိုးလဲဆိုတာ သင်သိထားသင့်ပါတယ်။ ကိုယ့်ရဲ့ခေါင်းထဲထည့်ပြီး စိတ်သောကမယူသင့်တဲ့၊ သင်ကိုယ်တိုင်မထိန်းချုပ်နိုင်တဲ့အရာတွေပေါ့။ ဥပမာ။ သင်ဖြစ်ချင်တဲ့ရည်မှန်းချက်တစ်ခုအတွက် သင့်မိဘနဲ့သင်က ဘယ်လိုမှ ညှိုနှိုင်းလို့မရတဲ့အတွက် သင်စိတ်ညစ်၊ စိတ်ရှုပ်တာမျိုး။ သင်ပတ်ဝန်းကျင်ကလူတွေကို ဘယ်လိုပြုပြင်ပေးရမလဲဆိုတဲ့အတွေးမျိုး၊ မီးမလာလို့ ဘယ်လိုမှအလုပ်မပြီးဘူးဆိုတဲ့အတွေးမျိုး၊ သင့်ကို တစ်စုံတစ်ယောက်က လိုက်ပြီးစိတ်အနှောင့်အယှက်ပေးနေလို့ဆိုတာမျိုးတွေက သင့်ခေါင်းထဲထည့်ထားတဲ့အမှိုက်တွေပါပဲ။


တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင် သင့်ခေါင်းထဲ ထည့်ရလောက်အောင် အရေးမကြီးတဲ့အရာတွေပါ။ ဥပမာ။ သင့်မိဘနဲ့သင်က ဘယ်လိုမှ ညှိုနှိုင်းလို့မရဘူးဆိုရင် ညှိုနှိုင်းဖို့မကြိုးစားပါနဲ့။ သင်ပဲပူလောင်ရပါလိမ့်မယ်။ သူတို့ကိုယ်တိုင်က ပြုပြင်ချင်စိတ်မရှိရင် သင်က သွားပြီးပြုပြင်ပေးလို့မရနိုင်ပါဘူး။ အဲဒီ့တော့ သင်ရွေးချယ်ရမှာက သင့်လည်း အပြစ်လွတ်၊ သင့်မိဘနဲ့လည်း ထိပ်တိုက်မတွေ့မယ့်လမ်းကိုရှာရုံပေါ့။ Win – Win ဆိုတဲ့ နှစ်ဦးနှစ်ဖက်လုံးအဆင်ပြေမယ့်နည်းကိုရွေးရမှာပါ။ အဲဒါကို မတွေးမိဘဲ သင့်စိတ်ထဲမိဘကိုပြုပြင်ဖို့ချည်းထိုင်စဉ်းစားနေရင်တော့ သင့်ခေါင်းထဲအမှိုက်ထည့်မိသလို သင်ပဲအချိန်တိုင်းစိတ်ရှုပ်နေရမှာပါနော်။ မီးမလာလို့အလုပ်မပြီးတဲ့ပြဿနာလည်းအလားတူပါပဲ။ မီးလာကိုလာရမယ်လို့ သင်မထိန်းချုပ်နိုင်ပါဘူး။ အဲဒီ့တော့ မီးပြန်လာတာကို ထိုင်စောင့်ရင်းနဲ့ သင့်အတွက် ဒါမှမဟုတ် သင့်အလုပ်အတွက် အကျိုးရှိရာတစ်ခုခုဘာလုပ်နေမလဲဆိုတာကသာ သင်ထိန်းချုပ်နိုင်တဲ့ကိစ္စပါပဲ။ အဲဒါကြောင့် “ဟာ….မီးမလာလို့ ဘာမှမလုပ်ရဘူးကွာ…” လို့ ခေါင်းထဲထည့်စိတ်ရှုပ်ခံမယ့်အစား ဘာလုပ်နိုင်မလဲဆိုတဲ့ အတွေးမျိုးနဲ့ သင့်လုပ်နိုင်တာကိုလုပ်နေရပါလိမ့်မယ်။
အဲဒီလို သင့်ခေါင်းထဲ ဝင်လာဖို့တံခါးခေါက်တတ်တဲ့ အမှိုက်တွေကို သင့်ကိုယ်သင်ပြန်သတိပေးပြီး delete လုပ်ပစ်ရပါလိမ့်မယ်။ အဲဒီ့အခါမှ သင်လုပ်နိုင်တာကဘာလဲဆိုတဲ့အတွေးမျိုးတွေ ပြန်တွေးရပါလိမ့်မယ်။

Mrs. Gump ပြောခဲ့သလို “You have to do the best with what God gave you.” ဆိုတဲ့စကားလိုပါပဲ။ သင့်မှာရှိတာနဲ့ သင်ဘာလုပ်နိုင်မလဲဆိုတဲ့အတွေးမျိုး သင်တွေးရမှာဖြစ်ပါတယ်။ ဘုရားသခင်က သင့်ကိုပေးသလောက်နဲ့ သင်အကောင်းဆုံးဖြစ်အောင်လုပ်ရမှာပါနော်။ အဲဒီအတွက် သင့်ခေါင်းထဲမှာရှိနေတဲ့အတွေးတွေက မလိုလားအပ်တဲ့အမှိုက်လိုအတွေးတွေလား၊ တကယ်တွေးဖို့လိုအပ်နေတာလားဆိုတာကို သိအောင်ဆန်းစစ်ရမှာပါ။
အဲဒီ့အခါမှ သင်တကယ်လုပ်နိုင်တာသိလာပြီး သေချာအာရုံစိုက်နိုင်မှာပါ။

“When we are no longer able to change a situation, we are challenged to change ourselves.” — Viktor Frankl ပြောသလို လက်ရှိအခြေအနေကို ကျွန်တော်တို့မပြောင်းလဲနိုင်ဘူးဆိုရင် ထိုအခြေအနေကြားမှာ ရှင်သန်နိုင်အောင် ကိုယ့်ကိုယ်ကိုယ်သာ ပြောင်းလဲပစ်လိုက်ရမှာပါ။
အဲဒါကြောင့် သင်လက်ရှိခေါင်းထဲထည့် ပူပန်နေတဲ့အရာတွေကို ပြန်ဆန်းစစ်ကြည့်ပါ။ သင်ထိန်းချုပ်နိုင်တဲ့အရာတွေလား၊ ဒါမှမဟုတ် သင်ဘာမှမလုပ်နိုင်တာကို သင့်ခေါင်းထဲထည့်ပြီး သင်တွေးတောမိနေတာလား၊ သင်မထိန်းချုပ်နိုင်တဲ့ အမှိုက်လိုအရာတွေ၊ အတွေးတွေကို သတိလေးထားပြီး သင့်ကိုသင်ပြန်သတိပေးပါ။ သင့်အတွေးထဲ ခေါင်းထဲကနေ delete လုပ်ပစ်လိုက်ပါ။ သင်လုပ်နိုင်တာကိုသာ အာရုံစိုက်ပြီး အကောင်းဆုံးကြိုးစားပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။