သင့်ဘဝမှာ ပြန်မပြင်နိုင်တဲ့ အမှားများ

သင့်ဘဝမှာ ပြန်မပြင်နိုင်တော့ဘဲ နောင်တရပြီး တနုံနုံခံစားနေရမယ့် အမှားမျိုးတွေရှိပါတယ်နော်။ အဲဒီ့အမှားတွေဟာ မှားမှန်းသိတဲ့အချိန်မှာ အချိန်တော်တော်နှောင်းနေပြီး ယူကြုံးမရခံစားရမှာပါ။ အစက ပြန်စလို့ရရင် ပြန်ပြင်မယ်ဆိုရင်တောင် မဖြစ်ခင်မှာ သိမှာမဟုတ်ပါဘူး။ ကိုယ်တိုင်ကြုံမှ သိတယ်ဆိုသလိုပေါ့။ ကိုယ်တိုင်လည်းကြုံ၊ ခံလည်းခံစားရပါမှ နောင်တလည်းရ ပြင်လည်းမပြင်နိုင်ဖြစ်ရပါလိ့မ်မယ်။ အဲဒါကြောင့် နောက်မှတတဲ့နောင်တတွေမဖြစ်ရစေဖို့ ဖော်ပြပေးလိုက်ပါတယ်။


၁) အချိန်ရှိခိုက်လုံ့လမစိုက်ခဲ့ခြင်း
ဒါကတော့ သိပြီးသားဖြစ်ပေမယ့် လိုက်နာဖို့တော့မေ့နေတတ်ကြပါတယ်။ အချိန်ရှိခိုက်လုံ့လစိုက်ဆိုတာက ကျွန်တော်တို့ အလယ်တန်းလောက်ကတည်းက ကြားဖူးနေကြပါ။ ဒါပေမယ့် တကယ်လိုက်နာကြရဲ့လား။ အလွတ်ကျက်ခိုင်းလို့သာကျက်ခဲ့တာ အဓိပါ္ပယ်ကိုသေချာတောင်သိချင်မှသိခဲ့ကြမှာပါ။ အဲဒီ့ရဲ့အဓိပါ္ပယ်ကို ကိုယ်တိုင် ဘာမှမလုပ်နိုင်မကိုင်နိုင်၊ စိတ်သွားတိုင်းကိုယ်မပါတဲ့အခြေအနေမျိုးမှ သိလာပါလိမ့်မယ်။ ဥပမာ။ သင်က အသက်အရွယ်ရလာလို့ အလုပ်ကြိုးစားလုပ်ကိုင်ရင်း အိုစာမင်းစာမချန်ထား၊ မစုဆောင်းထားနိုင်ခဲ့ရင် သင်မသွားနိုင်မလာနိုင်တဲ့အချိန် အလုပ်မလုပ်နိုင်လို့ စားဝတ်နေရေးအဆင်မပြေမှ သိလာပါလိမ့်မယ်။ အဲဒီလိုအချိန်ကျမှ သင့်ရဲ့ငယ်ဘဝအချိန်တွေပြန်ယူချင်တယ်လို့လုပ်လို့မရတော့ပါဘူး။ အဲဒါကြောင့် ခုလက်ရှိအချိန်ကို ကောင်းကောင်းအသုံးချပါ၊ သင့်ဘဝအတွက် အစီအစဉ်ကို သင်ကိုယ်တိုင်သေချာသုံးသပ်ပြီး စီစဉ်ပါ၊ အိုမင်းမစွမ်းချိန်အတွက် သန်စွမ်းငယ်ရွယ်တုန်းမှာ ကြိုတင်စီစဉ်ပါ။

၂) ကျန်းမာရေးကိုပေါ့ဆခဲ့ခြင်း
ငယ်တုန်းသန်မာတုန်းမှာ ကျန်းမာရေးမလေ့လာမလိုက်စားထားခြင်းက ကျန်းမာရေးမကောင်းတဲ့အချိန်ကျမှ နောင်တရလာပါလိမ့်မယ်။ ကိုယ်လုပ်ချင်တာတွေမလုပ်နိုင်ဘဲ အိပ်ရာထဲလှဲနေရချိန်မျိုး၊ ကြိုတင်ကာကွယ်နိုင်တဲ့အရာတွေကို ကြိုတင်ကာကွယ်မယ့်အစား ခပ်ပေါ့ပေါ့အထင်သေးတတ်တဲ့အခါ တကယ်တမ်းကိုယ်တိုင်ကျန်းမာရေးထိခိုက်လာမှ နောင်တရတတ်ပါတယ်။ အဲဒါကြောင့် ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်တယ်ဆိုတဲ့စကားကို မမေ့ကြပါနဲ့။ ပေါ့ဆမိလို့ ပြန်လည်နေကောင်းကျန်းမာနိုင်ရင် အမှားပြင်နိုင်ပေမယ့် ပေါ့ဆခြင်းကြောင့် ဘဝတစ်ခုလုံး ဆုံးရှုံးသွားရမယ်ဆိုရင်တော့ အမှားတောင်ပြင်ချိန်ရလိုက်မှာမဟုတ်ပါဘူး။ နောင်တရ၊ ယူကြုံးမရခြင်းနဲ့တင် အဆုံးသတ်သွားပါလိမ့်မယ်။ အဲဒါကြောင့် ကျန်းမာရေးနဲ့ပတ်သက်ရင် ဖြစ်လာမှကုသခြင်းထက် မဖြစ်ခင် ကျန်းမာရေးနဲ့ညီညွှတ်အောင်နေထိုင်ပါ၊ ကြိုတင်ကာကွယ်ချင်တဲ့စိတ်ထားပါ။

၃) စကားကျွံ့နှုတ်မရ
နောက်တစ်ခုကတော့ ပြောချင်ဇောနဲ့ပြောလိုက်တဲ့စကားကို ပြန်နုတ်လို့မရသလို ပြန်ပြီး စာလုံးတွေကိုခဲဖျက်နဲ့ဖျက်သလို ဖျက်လို့မရပါဘူးနော်။ အဲဒါကြောင့် စကားကိုမပြောခင် သတိထားပါ။ ချင့်ချိန်ပါ။ ပြောသင့်မှပြောပါ။ စကားကျွံ့သွားပြီးမှ ဘာမှပြန်လုပ်လို့မရပါဘူးလို့ ပြန်ပြင်မရတဲ့အမှားထဲမှာ ပါဝင်ပါတယ်နော်။

၄) ချိုးဖျက်ခဲ့သော ယုံကြည်မှု
တကယ်တော့ ယုံကြည်ထားတဲ့ယုံကြည်ချက်တစ်ခုကို ချိုးဖျက်တဲ့လူက ဘာရယ်မဟုတ် ချိုးဖျက်လိုက်ပေမယ့် ခံလိုက်ရတဲ့လူအတွက်ကတော့ တစ္ဆေလို အရိပ်လိုလိုက်နေတတ်တာမျိုးပါ။ ပထမတစ်ခါ လိမ်ညာခဲ့တယ်၊ ယုံကြည်မှုမရှိတော့ဘူးဆိုရင် ဒုတိယတစ်ခါ၊ တတိယတစ်ခါ နောက်ဆုံး အခါခါ ဖြစ်လာမယ်ဆိုရင် ခံလိုက်ရသူမှာ သံသယဆိုတဲ့ အမြဲပူလောင်နေရပါတယ်။ ပြုလုပ်တဲ့သူအတွက်တော့ ဘာမှထူးထွေခြင်းမရှိဘူးလို့ထင်ရပေမယ့် သံသယနဲ့အမြဲ မေးမြန်းစပ်စုနေတာမျိုးတွေကြာလာရင် ပြုသူမှာလည်း စိတ်ရှုပ်၊ အနေကြပ်လာတတ်ပါတယ်။ ခံရသူမှာလည်း သံသယနဲ့ပူလောင်နေတတ်ပါတယ်။ အဲဒါကြောင့် ယုံကြည်မှုပေးထားရင် ခိုင်မာအောင်ထိန်းသိမ်းပါ။ အလွယ်တကူယုံကြည်မှုကို မချိုးဖျက်လိုက်ပါနဲ့။ သည်းခံထားသလောက် အခါခါချိုးဖျက်ရင် ပုံမှန်လို ယုံကြည်မှုအဆင့်ကိုပြန်မရနိုင်ပါဘူးနော်။

၅) သားသမီးငယ်စဉ်အချိန်မှာအကောင်းဆုံးမပြုပြင်မထိန်းကျောင်းခဲ့ခြင်း
ဒီအချက်ကတော့ လူသားမျိုးဆက်အတွက်တာဝန်မကျေခြင်းလို့တောင်ပြောနိုင်ပါတယ်။ ကိုယ်စိုက်လိုက်တဲ့အပင်မကောင်းရင် ထိုအပင်ကသီးလာတဲ့အသီးအပွင့်တွေဟာလည်း အားနည်းချက်ရှိနေမှာဖြစ်ပါတယ်။ ဘယ်အချိန်နောင်တရမလဲဆိုရင် ငယ်တုန်းရွယ်တုန်း ကိုယ့်အာဏာကိုကြောက်လို့မဖီဆန်နိုင်ချိန်မှာ မသိသာပေမယ့် ကိုယ့်မသန်စွမ်းချိန်၊ အိုမင်းနေချိန်မှာ ကိုယ့်ကိုပြန်ပြီး အာခံ၊ ပြန်ရိုင်းစိုင်း၊ မိသားစုကို လုံးဝမငဲ့ကွက်၊ တာဝန်မကျေတဲ့လူသားဖြစ်လာတဲ့အခါမှာတော့ နောင်တအကြီးကြီးပြန်ရတဲ့အချိန်ပါပဲ။ ကိုယ့်သားသမီးကို ငယ်စဉ်မှာ ကောင်းစွာပြုစုပျိုးထောင်နိုင်ခြင်းဟာ လူကောင်းတစ်ယောက်၊ လူလိမ္မာတစ်ယောက်ဖြစ်လာဖို့ အလားအလာများစေပါတယ်။ အဲဒီလို လူကောင်း၊ လူလိမ္မာလေးဟာလည်း သူ့မိသားစုကို ပြန်လည်တာဝန်ကျေ၊စောင့်ရှောက်နိုင်သူဖြစ်လာမှာပါ။ အဲဒီလိုမဟုတ်ရင်တော့ မိဘကိုတောင် ပြန်လည်ဒုက္ခပေးနိုင်မယ့် လူ့အဆိပ်လိုလူလေးတွေဖြစ်လာနိုင်ပါတယ်။ အဲဒါကို ကိုယ်တိုင်မျက်ဝါးထင်ထင်ကြုံရ၊ ခံရတဲ့အချိန်မှသာ ကလေးဘဝတုန်းက သေချာမပြုစုမပျိုးထောင်နိုင်ခြင်းလို့ နောင်တကြီးကြီးရမှာဖြစ်ပါတယ်။
အဲဒါကြောင့် ပြုလုပ်ပြီးမှမှားမှန်းသိပြီး မပြင်နိုင်၊ နောင်တရနေတာထက်စာရင် အခုလို ကြိုတင်ပြောပြထားတာကို သေချာဖတ်မှတ်ပြီး ကြိုးစားလိုက်နာနိုင်စေရန် ဖော်ပြပေးလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။