သင့်ဘဝအတွက် အကြီးကျယ်ဆုံးနောင်တရလာနိုင်သော အမှားများ

သင့်ဘဝမှာ အကြီးကျယ်ဆုံးနောင်တရလာနိုင်သောအမှားတွေရှိနိုင်ပါတယ်။ လုံးဝပြန်သွားပြီး မပြင်နိုင်တဲ့အမှားမျိုးတွေပေါ့။ တချို့တွေကတော့ တော်တော်များများပြောတတ်ပါတယ်။ အမှားဆိုတာ အမှားမှန်းသိရင် ပြင်လို့ရတယ်လို့ပေါ့။ တကယ်တမ်းတော့ ဘဝတစ်လျှောက်လုံးရှင်သန်ရသမျှမှာ လုံးဝပြန်ပြင်မရတဲ့အမှားတွေရှိပါတယ်။ တချို့အမှားတွေက အမှားမှန်းသိတာနဲ့ ချက်ချင်းပြုပြင်ဖို့ မလွယ်ကူတာမျိုး၊ အခြေအနေအကြောင်းအကြောင့် မှားမှန်းသိနေပေမယ့် မပြုပြင်နိုင်တာမျိုးတွေ ကြုံနေရတဲ့လူတွေအများကြီးပါပဲ


ဥပမာ။ တနယ်မှာရောက်နေတဲ့မိဘက ကျန်းမာရေးမကောင်းလို့ အမြန်ပြန်လာခဲ့ပါပြောပေမယ့် သင့်အခြေအနေအကြောင်းအကြောင့် သင်မသွားဖြစ်ခဲ့ဘူးဆိုရင် နယ်ကမိဘက ကွယ်လွန်သွားခဲ့ပြီဆိုတာမျိုး၊ သင်နဲ့အရည်အချင်းအားလုံးကိုက်ညီနေပါရက်၊ သင်လည်းစိတ်ပါဝင်စားတဲ့အလုပ်မျိုးကိုတွေ့နေပါရက်၊ သင်က အလုပ်ရှင်ဘက်က အဓိက လိုချင်တဲ့ဘွဲ့တစ်ခုခုကို မရထားလို့ အဲဒီ့အလုပ်ကို လက်လွတ်လိုက်ရတာမျိုးပေါ့ (တနည်းအားဖြင့် အဲဒီ့ဘွဲ့ပြန်ရအောင်ယူဖို့လည်း မဖြစ်နိုင်တော့တာလည်း ပြန်ပြင်မရနိုင်တဲ့အမှားမျိုးပါပဲ) အဲဒီလို အလားတူအမှားမျိုးဟာ ကိုယ်တိုင်ကြုံတွေ့ဖူးမှသာ “ အော်....အချို့အမှားတွေဟာ ပြန်ပြင်ဖို့ခက်ပါလား၊ တချို့အမှားတွေဟာ တကယ်ကို ပြန်လည်ပြုပြင်လို့မရနိုင်ပါလား” ရယ်လို သိလာတာမျိုးပါ။ ကိုယ်တိုင်မကြုံသေးသရွေ့တော့ ကိုယ်တိုင် ရအောင်ပြုပြင်မယ်လို့အားခဲထားကြတာချည်းပါပဲ။ Milk Tyson ပြောဖူးသလိုပေါ့ “လူတိုင်းကတော့ သူတို့မျက်နှာရှေ့လက်သီးရောက်မလာခင်ထိတော့ Plan ရှိကြတာချည်းပါပဲ။”ဆိုတဲ့စကားလိုပေါ့။ ဖြစ်လာတဲ့အခြေအနေနဲ့အကြောင်းတရားပေါ်မှာလိုက်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားကြရတဲ့အခြေအနေမျိုးဆိုတာ ကိုယ်တိုင်ကြုံလာရမှသိတာပါ။ အဲဒီ့အတွက် အမှားတွေအားလုံးကို ကိုယ်တိုင်လိုက်လုပ်ကြည့်ပြီးမှသိမယ်ဆိုရင် ဒီတစ်သက်လုံးတောင် အမှားတွေလုပ်လို့ ဆုံးမှာမဟုတ်ပါဘူး။ အဲဒါကြောင့် ကိုယ့်ဘဝအတွက် အကြီးကျယ်ဆုံး အမှားမဖြစ်ဖို့ဆိုတာ အခြားသူရဲ့ဘဝ တွေကို ကြည့်ပြီး သင်ခန်းစာယူသင့်တာယူရမှာပါပဲ။ သင့်ဘဝအတွက် အကြီးကျယ်ဆုံးနောင်တရလာနိုင်သော အမှားများတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။
၁) အသက် ငယ်စဥ်မှာ မကြိုးစားခဲ့ခြင်း
အသက်ငယ်စဥ် စိတ်သွားတိုင်းကိုယ်ပါနိုင်တဲ့အချိန်မှာ ဝေလေလေနဲ့ မိဘလုပ်စာလေးစားပြီးအချိန်ဖြုန်းမိနေတဲ့အခါ ကိုယ်နဲ့ရွယ်တူတွေက ဝင်ငွေတစ်ခု၊ ရာထူးတစ်ခု၊ အတတ်ပညာတစ်ခုရလာချိန်မှာမှ နောင်တရတတ်ပါတယ်နော်။ အသက်အရွယ်ကြီးလာမှ နောင်တရတဲ့အခါ အရင်လို စိတ်သွားတိုင်းကိုယ်ပါတဲ့ ငယ်ဘဝကိုလည်း ပြန်ရနိုင်မှာမဟုတ်တော့ပါဘူး။
၂) ပညာပြည့်ဝစွာမသင်ခဲ့ခြင်း
ဒီအချက်လည်းအလားတူပါပဲ။ များသောအားဖြင့်က ပညာသင်ချိန်မှာ မသိသာပါဘူး။ အဲဒီ့ပညာနဲ့ပြန်ပြီးအသုံးချရမယ့်အချိန်ရောက်လာမှသာ ပညာသင်ချိန်မှာ သေချာလေး ပညာမသင်ခဲ့ခြင်းကို နောင်တရလာတတ်ပါတယ်။ အဲဒီ့အမှားဟာလည်း ပြင်မရတတ်တဲ့အမှားပါပဲ။ အရွယ်လွန်မှ ကိုယ်သင်ချင်တဲ့ပညာ ဥပမာ အသက် ၃၀ရောက်မှ ဆယ်တန်းပြန်အောင်ချင်ရင်တောင် ပြန်ဖြေဖို့ရာ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေ၇တာမို့ အဆင်မပြေနိုင်တော့ပါဘူး။
၃) အတွေးလွန်ပြီး အချိန်တိုင်း ပူပန်သောကရောက်နေခြင်း
လက်ရှိအချိန်ကိုကောင်းကောင်းအသုံးမချခဲ့ခြင်းပေါ့။ အချိန်လွန်မှ အဲဒီအချိန်တုန်းက လုပ်သင့်လုပ်ထိုက်တာကို ပြန်တွေးပြီး နောင်တရတာမျိုးတွေပါ။ အထက်က အချက် ၂ချက်လိုပေါ့။
၄) မိဘကို အချိန်ပေးမပြုစုခဲ့ခြင်း
နောက်တစ်ခုကတော့ မိဘရှိတဲ့သူတွေက “ အဆင်ပြေရင် မိဘကို စောင့်ရှောက်မယ်၊ အခုတော့ အဆင်မပြေသေးလို့” ဆိုတဲ့အကြောင်းပြချက်နဲ့ မေ့ထားတတ်ကြပါတယ်။ မိဘမရှိတော့တဲ့အချိန်မှ “ မိဘကို ရှိတုန်းမကျွေးမွေးခဲ့ခြင်း” လို့နောင်တရ နေလို့ အလကားပါပဲ။ အဲဒီ့အမှားက ပြန်ပြင်မရတော့ပါဘူးနော်။ အဲဒါကြောင့် ကိုယ်အဆင်ပြေမှ ဆိုတာထက် အဆင်မပြေလည်း အဆင်မပြေတဲ့အထဲက ဖဲ့ပြီး မိဘကို ကြည့်ရှုစောင့်ရှောက်ခြင်းက ကိုယ့်ကိုယ်ကိုယ်နောင်တကင်းစေပါတယ်။
၅) ကျန်းမာ‌ရေးကို ဂရုမစိုက်မိခဲ့ခြင်း
နောက်တစ်ခုက ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေ ပါ။ ငယ်တုန်း စိတ်သွားတိုင်း ကိုယ်ပါနေချိန်မှာ ညဘက်တစ်ညလုံး မအိပ်ဘဲ ဂိမ်းဆော့နေတာ၊ တစ်ခုခုကို အသည်းအသန်မဲနေတတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တာတွေ စားဖို့ မစဥ်းစားတာ၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုမရှိတာတွေက အရွယ်လွန်တဲ့အခါမှ နောင်တရလာစရာတွေပါပဲ။ အဲဒီ့အမှားကလည်း သင်အချိန်ကိုနောက်ရွေ့ပြီး သွားပြုပြင်လို့မရနိုင်ပါဘူး။
၆) ကိုယ့်အပေါ်လုံးဝ ပြန်မကောင်းနိုင်မယ့်သူတွေကို မစွန့်လွှတ်နိုင်ခဲ့ခြင်း
နောက်တစ်ခုက ကိုယ့်ဘဝရဲ့အခြေအနေနဲ့အနာဂတ်ကို အခြားလူတစ်ယောက်အပေါ်မှာတင် ကုန်ဆုံးပစ်လိုက်ခြင်းပါပဲ။ ကိုယ့်အပေါ်လုံးဝ ပြန်ပြီးမကောင်းနိုင်တဲ့သူမျိုးကို မစွန့်ပစ်ရက်ဘဲ ဖက်တွယ်ထားခြင်းဟာ အချိန်ကုန်စေသလို သင့်အနာဂတ်အတွက်လုပ်စရာ၇ှိတာတွေကို မလုပ်နိုင်ပါဘူး။ အဲဒီ့အတွက် သင့်ကိုပဲထိခိုက်စေတာပါ။ လူတစ်ယောက်ကို ကိုယ့်ဘက်က အကောင်းဆုံးပေးဆပ်ခဲ့ပြီးရင် ကိုယ့်တာဝန်ကျေသလို ကိုယ်လိပ်ပြာလုံနိုင်ပါပြီ။ သူ့ဘက်က လုံးဝပြန်မပြုပြင်နိုင်တာသေချာရင်၊ သူ့ဘက်ကို ကိုယ့်ကို လုံးဝပြန်မကောင်းနိုင်တာ သေချာပြီဆိုရင် ပြတ်သားစွာ စွန့်ပစ်ခဲ့ခြင်းက ကိုယ့်ဘဝအတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်နိုင်စေပါတယ်။ အဲဒီလိုမလုပ်ုနိုင်ဘဲ မပြတ်မသားဖြစ်နေရင်တော့ သင့်ဘဝတစ်ခုလုံး ဇာတ်မြောနေပြီး သင်လည်း ပျောက်ဆုံးလာနိုင်ပါတယ်။ အဲဒီလိုပျောက်ဆုံးချိန်ကျမှ နောင်တအကြိးအကျယ်ရပြီး ပြုပြင်ချင်လည်း မဖြစ်နိုင်တော့တာကို သင်မြင်လာပါလိမ့်မယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။