သင့်ဘ၀ ပိုပြီးတိုးတက်လာစေဖို့ အဆင့် ၅ ဆင့်

ကိုယ့်ဘဝကို ပိုပြီး မတိုးတက်ချင်တဲ့လူမရှိပါဘူး။ ဒါပေမယ့် ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာကိုတော့ သိတဲ့လူက နည်းပါတယ်။ အောင်မြင်နေတဲ့သူတွေက ထိုအချက်ကို သဘောပေါက်ကြပါတယ်။ အဓိကကတော့ ကိုယ့်ကိုကိုနားလည်ဖို့လိုတာပါပဲ။ ကိုယ့်ကိုကိုယ်နားလည်ခြင်းက အခြေခံအကြောင်းအရာဖြစ်ပြီး ကိုယ့်ရဲ့စွမ်းရည်တွေပိုတိုးတက်လာစေပါတယ်။ ကိုယ့်ရဲ့စွမ်းရည်တွေတိုးတက်လာလေလေ ကိုယ့်ဘဝပိုပြီးတိုးတက်လာစေပါတယ်။


၁) ကိုယ့်ကိုကိုယ်နားလည်သဘောပေါက်ခြင်း
သင့်ရဲ့ စွမ်းရည်နဲ့ သင့်ရဲ့အားနည်းချက်ကို သိဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့စွမ်းရည်ကို သိတဲ့အခါ ကျွန်တော်တို့ဘဝပိုပြီး တိုးတက်လာအောင် ဘယ်လိုလုပ်မလဲဆိုတာကို သိလာနိုင်ပါတယ်။ ကိုယ့်ရဲ့အားနည်းချက်ကို သိထားတဲ့အခါကျတော့ ထိုအားနည်းချက်ကြောင့် ကျရှုံးရတာမျိုးမဖြစ်အောင် ပြုပြင်နိုင်လာပါတယ်။ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ကိုယ့်ဟာကိုယ်သိနေတဲ့အတွက်ကြောင့် ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ကိုယ့်ဟာကိုယ်ထိန်းချုပ်နိုင်လာပါတယ်။ ကိုယ့်ကိုကိုယ်စီမံခန့်ခွဲနိုင်တဲ့စွမ်းရည်ဖြစ်ပေါ်လာစေပြီး ကိုယ့်စိတ်သဘောထား၊ စိတ်ခံစားချက်ကို စီမံနိုင်လာပါတယ်။ ကိုယ့်ကိုကိုယ်နားလည်တဲ့အခါမှာ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအရ ဘာတွေခံစားနေသလဲ၊ စိတ်ဓာတ်ကျနေတယ်ဆိုရင် ဘာတွေလုပ်လိုက်ရင် ပြန်ပြီး စိတ်ဓာတ်မြင့်တင်နိုင်မလဲ၊ စိတ်ဆင်းရဲနေတယ်ဆိုရင် ဘယ်လိုအရာတွေက သင့်ကိုစိတ်ပျော်စေမလဲ စသဖြင့် ကိုယ့်စိတ်ကိုကိုယ်ကုစားနိုင်လာပါတယ်။ အဓိကက ကိုယ့်ကိုကိုယ်သိခြင်းပါပဲ။

၂) ကိုယ့်ကိုကိုယ်ကတိတည်နိုင်ခြင်း
ကိုယ့်ကိုကိုယ်ကတိတည်နိုင်ဖို့အတွက် ကိုယ်ဘာလုပ်ရမလဲ၊ ဘာကိုအာရုံစိုက်ရမလဲဆိုတာကို သိဖို့လိုပါတယ်။ ကိုယ့်ကိုကိုယ်ကတိတစ်ခုဖြစ်အောင်လုပ်မယ်လို့သတ်မှတ်လိုက်တဲ့အခါ ကိုယ်ဘာကိုအာရုံစိုက်ရမလဲဆိုတာ သိလာပါတယ်။ အဲဒီ့အရာကိုလည်း ပိုပြီး အာရုံစိုက်နိုင်လာပါတယ်။ အဲဒါကြောင့် ပိုပြီးလည်း ထိရောက်မှုရှိပါတယ်။ အဲဒီလိုမျိုးထိရောက်မှုရှိတဲ့အခါ ကိုယ့်ကိုကိုယ်ပေးထားတဲ့ကတိကိုလည်း တည်နိုင်လာပါတယ်။ အဲဒီ့အခါ ကိုယ့်ကိုကိုယ်ပိုပြီး လေးစားမှုဖြစ်လာပါတယ်။ ကိုယ့်ကိုကိုယ်လေးစားမှုရှိတဲ့သူက ကိုယ့်ကိုကိုယ်ပိုတန်ဖိုးထားတတ်လာပါတယ်။ အဲဒါကြောင့် သင့်ကိုသင်ပေးထားတဲ့ကတိတည်နိုင်လေလေ သင့်စိတ်ပိုင်းဆိုင်ရာခံစားချက်တွေ ပိုပြီးကောင်းမွန်လေလေဖြစ်သလို ၊ သင့်ရဲ့ဘဝလည်း ပိုပြီး တိုးတက်နိုင်လေလေပါပဲ။

၃) ကိုယ့်ကိုကိုယ်စိတ်ဓာတ်တက်ကြွအောင်လုပ်ဆောင်နိုင်ခြင်း
နံပါတ်တစ်ကလို ကိုယ့်ကိုကိုယ်သိနေတဲ့သူတစ်ယောက်အတွက် ကိုယ့်ရဲ့စိတ်ဓာတ်ကျနေတဲ့အချိန်၊ ကိုယ့်စိတ်ကို အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို ကြုံလာရတဲ့အခါမှာလည်း ကိုယ့်ကိုကိုယ် ဘယ်လိုပြန်လည်ပြီး စိတ်ဓာတ်မြင့်တင်ပေးနိုင်မလဲဆိုတာ သိပါတယ်။ အဲဒါကြောင့် ကိုယ့်စိတ်ကို ကိုယ်တိုင်ကုစားနိုင်ပါတယ်။ စိတ်ဓာတ်ကျနေတဲ့လူတစ်ယောက်ကို စိတ်ရောဂါကုဆရာဝန်က ကုသပေးနိုင်တယ်ဆိုတာ ခဏတဖြုတ်သာဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုကိုယ်သိပြီး ကိုယ့်ကိုကိုယ်နားလည်တဲ့လူတစ်ယောက်ကသာ ကိုယ့်စိတ်ကိုကိုယ်တိုင်ကုစားနိုင်တာပါ။ အဲဒါကြောင့် ကိုယ့်စိတ်ကိုပြန်လည်တက်ကြွအောင် ဘယ်အရာတွေနဲ့လုပ်ဆောင်နိုင်မလဲဆိုတာမျိုးကို သိဖို့လည်း လိုပါတယ်။ စိတ်ညစ်ရင်အရက်သောက်လိုက်မှ နေသာထိုင်သာရှိတာတို့၊ စိတ်ကြွဆေးသုံးလိုက်တာမျိုးတို့ကတော့ အမှန်တကယ်စိတ်ဓာတ်တက်ကြွစေတဲ့အရာတွေမဟုတ်ပါဘူး။ တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်ကြောင့် စိတ်ဓာတ်တက်ကြွအောင်လုပ်ယူလို့မရနိုင်ပါဘူး။

၄) ကိုယ့်ကိုကိုယ်ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း
ကိုယ့်ကိုကိုယ် ဘာတွေမှားနေပြီလဲ၊ ဘာတွေပြုပြင်ဖို့လိုနေပြီလဲ၊ ကိုယ်ကတော့ ဘယ်နေရာမှာ ပိုပြီး ထက်မြက်နိုင်သလဲ၊ ဘယ်အရာတွေကိုတော့ ထပ်ပြီးသင်ယူဖို့လိုသလဲ ဆိုတာကို သိခြင်းက ကိုယ့်ကိုကိုယ်ခွဲခြမ်းစိတ်ဖြာနိုင်ခြင်းပါပဲ။ အဲဒီလို ကိုယ့်ကိုကိုယ်ခွဲခြမ်းစိတ်ဖြာနိုင်တဲ့အခါ ကိုယ့်ရဲ့အမှားကိုလည်း သင်ခန်းစာယူပြီး အမှန်ပြင်တတ်လာမယ်၊ ကိုယ့်ရဲ့ပြုပြင်ရမယ့်အရာတွေကိုလည်း မြင်လွယ်သိလွယ်ပါတယ်။ အဲဒါအပြင် အခြားသူများက ကိုယ့်ကိုကိုယ်ပေးလာတဲ့အရာမျိုးကိုလည်း ဘယ်အရာကိုတော့ လက်ခံရမယ်၊ ဘယ်အရာကိုတော့ ဦးနှောက်ထဲမထည့်သင့်ဘူးဆိုတာမျိုးကိုလည်း နားလည်လာပါတယ်။

၅) ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်း
ကိုယ့်ကိုကိုယ်နားလည်တဲ့အခါ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကို ကိုယ့်ဟာကိုယ်ကုစားနိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာစေတဲ့အပြင် ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာကိုလည်း ဂရုစိုက်နိုင်လာပါတယ်။ ကိုယ့်ကိုကိုယ်သတ်မှတ်ထားတဲ့စည်းကမ်းစည်းမျဉ်းတွေကိုလည်း ကိုယ့်ဟာကိုယ်လိုက်နာလိုက်အောင် ကြိုးစားနိုင်ပါတယ်။ ကိုယ်တကယ်အာရုံစိုက်သင့်တာကဘာ အာရုံမစိုက်သင့်တာက ဘာဆိုတာမျိုးကိုလည်း သေချာခွဲခြားနိုင်လာပါတယ်။ ကိုယ့်အာရုံစိုက်သင့်တာကို စိုက်နိုင်တဲ့အတွက် ကိုယ့်ကိုကိုယ်တိုးတက်မှုကို ပိုပြီးအာရုံစိုက်လာနိုင်ပါတယ်။ ကိုယ့်စည်းကမ်းကို ကိုယ်တိုင်လိုက်နာနိုင်တဲ့အတွက် ကိုယ့်ကိုကိုယ်ပိုပြီး အထင်ကြီးမှုဖြစ်ပေါ်စေပါတယ်။ ကိုယ်သတ်မှတ်ထားတာတွေကို ပိုပြီးလိုက်နာနိုင်လေ ကိုယ်ကိုကိုယ်ပိုပြီး ယုံကြည်မှုရှိလာပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာတဲ့အခါ ကိုယ့်ကိုကိုယ်ပိုလေးစားလာပါတယ်။ ကိုယ့်ကိုကိုယ်လေးစားတဲ့အခါ ကိုယ့်ကိုကိုယ်ပိုပြီး ချစ်ခင်လာပါတယ်။ ကိုယ့်ကိုကိုယ်ချစ်ခင်စိတ်ဖြစ်ပေါ်တဲ့အခါ ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာကိုလည်း သေချာဂရုစိုက်တတ်လာသလို၊ စိတ်ပိုင်းဆိုင်ရာအရလည်း ပိုပြီး ကျန်းမာစေပါတယ်။ ပြောရရင်တော့ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအရကော ရုပ်ပိုင်းဆိုင်ရာအရ ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းက ပတ်သက်နေပါတယ်။
ကိုယ့်ကိုကိုယ်နားလည်ခြင်းက ကိုယ့်ကိုကိုယ်တိုးတက်မှုရှိဖို့ အခြေခံအကျဆုံး၊ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်လက်ခံတတ်လာခြင်းက ကိုယ့်ဘဝကို ပိုပြီးလည်း လက်ခံတတ်လာပါတယ်။ ကိုယ့်ဘဝလည်း ပိုပြီးနေပျော်လာစေပါတယ်။ အထက်က ဖော်ပြထားတဲ့အချက်တွေက ကိုယ့်ဘဝတိုးတက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေပဲဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။