သင့်အတိတ်ကဖြစ်ရပ်တွေကို မေ့ပစ်နိုင်ဖို့ ဘာတွေလုပ်သင့်သလဲ။

အတိတ်ကဖြစ်ရပ်တော်တော်များများကို အရှင်းမေ့ပစ်နိုင်ဖို့ဆိုတာက မလွယ်ပါဘူး။ ဒါပေမယ့် သင်က အတိတ်မှာပဲနေထိုင်ချင်တဲ့သူမဟုတ်ဘူးဆိုရင်တော့ မလွယ်ပေမယ့်ဖြစ်နိုင်ပါတယ်။ အတိတ်ကာလက နာကျင်စရာတွေကိုချည်းထိုင်တွေးနာကျင်နေသမျှတော့ သင့်နာကျင်မှုတွေဘယ်တော့မှ ကျက်မှာမဟုတ်သလို ဘယ်တော့မှလည်း ဘဝအသစ်တစ်ခုမှာ အသားကျမှာမဟုတ်ပါဘူး။ အဲဒါကြောင့် သင်တကယ် အတိတ်ကဖြစ်ရပ်တွေ၊ နာကျင်စရာတွေ၊ လွမ်းဆွတ်ကြေကွဲခြင်းတွေကို မေ့ပစ်ချင်တယ်ဆိုရင်….. အရေးအကြီးဆုံးက


၁) သင့်ကိုယ်သင်သတိပေးပါ။
သင့်ကိုသင်သတိပေးဖို့ပါပဲ။ အတိတ်က ဖြစ်ရပ်တွေခေါင်းထဲဝင်လာတိုင်း “ဒါတွေကို ငါပြန်မတွေးတော့ဘူး။ မရရအောင်မေ့ပစ်မယ်၊ မေ့ပစ်ဖို့အတွက် ငါ့စိတ်ကိုအာရုံပြောင်းမှဖြစ်မယ်” ဆိုပြီး သင့်စိတ်ထဲပေါ်လာတိုင်း သင့်ကိုယ်သင်သတိပေးပါ။ သင့်စိတ်ကို အခြားတစ်ခုနဲ့အာရုံပြောင်းပါ။ အဲဒါက သင်တကယ်မေ့ပစ်ချင်ရင် သင့်ကိုသင်သတိပေးပြီး သတိလေးထား စိတ်အာရုံကို ၊ အတွေးတွေကို ပြောင်းလဲမှရမှာပါ။ သင်ကလွဲပြီး ဘယ်သူမှမလုပ်နိုင်ပါဘူး။

၂) ရည်မှန်းချက်တစ်ခုရှာဖွေပါ။
နောက်ထပ်စိတ်ကိုလှည့်စားဖို့ရာက သင်ဖြစ်ချင်တာတွေ၊ သင်လုပ်ချင်တာတွေ၊ သင်အနာဂတ်မှာ ဖြစ်ချင်တဲ့ဘဝကို ပုံဖော်ကြည့်တာပါ။ အဲဒီ့လိုပုံဖော်ကြည့်လိုက်တာနဲ့ သင်ဖြစ်ချင်တာတွေပေါ်လာပါလိမ့်မယ်။ လက်တွေ့နဲ့ကင်းကွာတဲ့ ရည်မှန်းချက်မျိုးမဟုတ်ဘဲ လက်တွေ့လည်းကျပြီး ဖြစ်နိုင်မယ့်နည်းလမ်းလည်းရှာနိုင်မယ်။ သင့်အတွက် ခြေလှမ်းအသစ်တွေချမှတ်ပါ။ အဲဒီ့ခြေလှမ်းတွေ လှမ်းနိုင်ဖို့ သင့်ကိုယ်သင်တွန်းအားပေးဖို့က ဖြစ်ချင်တဲ့စိတ်ပါပဲ။ အထက်ကလို အတိတ်ဖြစ်ရပ်ကိုထိုင်တွေးနေတဲ့စိတ်ကို ခုလက်ရှိ သင့်အနာဂတ်မှာ သင်ပုံဖော်ချင်တဲ့ဘဝဖြစ်လာဖို့ ရည်မှန်းချက်အသစ်တွေချမှတ်ပြီး သင့်စိတ်ကိုအာရုံပြောင်းလိုက်ပါ။

၃) ဝါသနာပါရာအာရုံစိုက်ပါ။
သင့်ဝါသနာကိုလည်းအချိန်တစ်ခုသတ်မှတ်ပြီးလုပ်ပါ။ အဲဒါက သင့်စိတ်ကို ထွက်ပေါက်ရစေပါတယ်။ ရည်မှန်းချက်အတွက်အသည်းအသန်ကြိုးစားတဲ့အခါ ရည်မှန်းချက်ကိုသာ အာရုံထားပါ။ ရည်မှန်းချက်အတွက် အလုပ်လုပ်ချိန်ပြီးဆုံးတဲ့အခါ သင့်ဝါသနာအတွက် အာရုံပြန်ထားပါ။ သင့်စိတ်ထဲ အတိတ်ကဖြစ်ရပ်ကို သတိရရင်တောင် နံပါတ်တစ်ကလို သင့်ကိုသင်ပြန်ပြန်ပြီး သတိပေးပါ။ အဲဒါဆို သင့်စိတ်ထဲ အတိတ်ဖြစ်ရပ်ကိုပြန်တွေးဖို့ အားလပ်ချိန်မရှိစေတော့ပါဘူး။

၄) လက်ရှိအချိန်မှာ ပိုကောင်းတာတွေလုပ်ပါ။
အတိတ်မှာက ဘာတွေဆိုးဝါးစွာဖြစ်ခဲ့ဖြစ်ခဲ့ ဒါမှမဟုတ် အများကြီးကောင်းခဲ့ကောင်းခဲ့ ပြီးသွားပါပြီ။ ပြန်တွေးရင် ခုလက်ရှိအချိန်ကုန်တာပဲအဖတ်တင်မှာလေ။ အဲဒါကြောင့် ခုလက်ရှိအချိန်ကို အတိတ်ကဖြစ်ရပ်ထက်ပိုကောင်းတဲ့အလုပ်တွေများများသာလုပ်ပစ်လိုက်ပါ။ သေချာတာကတော့ အတိတ်ကထက်ပိုကောင်းတာဖြစ်လာမှာပါပဲ။

၅) ပရဟိတလုပ်ဖို့အချိန်ပေးလိုက်ပါ။
နောက်တစ်ခုကတော့ ပရဟိတနိုင်သလောက်လုပ်ကြည့်လိုက်ပါ။ ပီတိနဲ့ မေတ္တာကြောင့် သင့်စိတ်ပျော်ရွှင်လာပါလိမ့်မယ်။ သင့်ကိုယ်သင်လည်း ပြန်ပြီး ယုံကြည်မှုတိုးလာစေပါလိမ့်မယ်။ ပရဟိတဆိုပြီး ငွေတွေအများကြီးရှိတာမျိုးမှမဟုတ်ပါဘူး။ လမ်းမှာတွေ့တဲ့သက်ကြီးရွယ်အိုကို ကူညီလိုက်တာမျိုး၊ ကားလမ်းကူးဖို့ ကူညီတာမျိုး၊ ဘတ်စ်ကားစီးရင်း ထိုင်ခုံလေး ဦးစားပေးလိုက်တာမျိုး စသဖြင့်တခုခုပေါ့။ ငွေမတတ်နိုင်လည်း လူနဲ့ကူညီနိုင်တဲ့အသေးအဖွဲလေးတွေကအစ လုပ်ပေးကြည့်ပါ။ တကယ်သိသာလာပါတယ်။ သင့်စိတ်ချမ်းသာစေပါတယ်။
အထက်ကအချက်တွေကို မေ့ပြီး သတိလစ်ချိန်မှာ အတိတ်ကအကြောင်းပြန်တွေးမိရင် နံပါတ်တစ်က ပြန်စပြီး ကိုယ့်ကိုယ်ကိုယ်ပြန်သတိပေးလိုက်ပါ။ အဲဒီအတိုင်း နေထိုင်ကြည့်ပါများလာရင် အချိန်တစ်ခုအရောက်မှာ သင့်စိတ်ကိုသင်ပြန်ပြီးနားလည်လာပါလိမ့်မယ်။ အဲဒါအပြင် အတိတ်ကဖြစ်ရပ်ကိုလည်း အတိတ်မှာသာ ထားခဲ့လိုက်နိုင်မှာပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။