သင့်အလုပ်ခွင်မှာ ပျော်ရွှင်စေမယ့် နည်းလမ်း ၆ခု

အလုပ်ခွင်မှာ မတူညီတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အလုပ်ခွင်ကို ထိခိုက်စေတဲ့ မတူညီကြတဲ့ ရိုက်ခတ်မှုတွေအမျိုးမျိုးလည်း ကြုံတွေ့နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ တစ်နေ့တာအချိန်သုံးပုံတစ်ပုံကို အလုပ်ခွင်မှာကုန်ဆုံးနေရတာမို့ ထိုအချိန်ပိုင်းအတွင်းမှာ ပျော်ရွှင်နေတာပိုကောင်းပါတယ်။ ပိုပြီးလည်း အလုပ်တွေပြီးမြောက်နိုင်သလို၊ ပိုပြီးအောင်မြင်နိုင်တာပေါ့။ အောက်မှာဖော်ပြထားတဲ့အချက် ၆ချက်က အလုပ်ခွင်မှာ ပျော်ရွှင်ဖို့နဲ့ အနှောင့်အယှက်တွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။


၁) သင့်ရဲ့တစ်နေ့တာကို အကောင်းမြင်စိတ်နဲ့စတင်ပါ။
မနက်ခင်း အိပ်ရာထချိန်မှာ သင်ဘယ်လိုခံစားရသလဲဆိုတာက အလုပ်ခွင်မှာသင်တစ်နေ့လုံးဘယ်လိုခံစားသလဲဆိုတဲ့အပေါ် သက်ရောက်မှုရှိပါတယ်။ မနက်ခင်းမှာ သင့်ကိုကောင်းမွန်တဲ့ခံစားချက်ပေးနိုင်တဲ့အရာတွေလုပ်တဲ့ အကျင့်လုပ်ပါ။ သင့်ရဲ့အလုပ်ခွင်ကို စတင်မဝင်ရောက်မီ သင်နှစ်သက်တဲ့အရာတစ်ခုခု ဒါမှမဟုတ် လက်ဖက်ရည် ၊ ကော်ဖီတစ်ခုခုသောက်ဖို့ မိနစ်အနည်းငယ်ယူပါ။ အလုပ်အကြောင်းမတွေးသေးဘဲ စိတ်ပျော်ရွှင်မှုကိုသာအာရုံစိုက်ပါ။ သင့်ရဲ့အလုပ်စားပွဲကို ပလုတ်ပလောင်းစားသောက်ပြီး သွားတာမျိုးတော့မလုပ်ပါနဲ့။
၂) သင့်အလုပ်ခွင်နေရာကို ကောင်းမွန်တဲ့နေရာဖြစ်အောင်ဖန်တီးပါ။
သင့်ရဲ့အလုပ်ခွင်ပတ်ဝန်းကျင်က သင့်ရဲ့စိတ်ခံစားချက်ကိုပြောင်းလဲပေးနိုင်ပြီး သင့်အလုပ်လုပ်နိုင်စွမ်းအပေါ်လည်း သက်ရောက်မှုရှိပါတယ်။ သင်မသိလိုက်ခင်မှာပဲ သင့်ရဲ့ဝမ်းနည်းမှု၊ လစ်ဟာမှုနဲ့ အခြားခံစားချက်တွေဖြစ်ပေါ်စေနိုင်ပါတယ်။ ကောင်းမွန်တဲ့အလုပ်ပတ်ဝန်းကျင်ဖြစ်ချင်တယ်ဆိုရင်တော့ အဲဒါကို သင်ကိုယ်တိုင်ဖန်တီးမှပဲရမှာပါ။ သင့်ရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးမယ့်သူမျိုးနဲ့ ခပ်ဝေးဝေးနေနိုင်တာအကောင်းဆုံးပါပဲ။ အတင်းမပြောပါနဲ့၊ အခြားသူများပြောတာကိုလည်း နားမထောင်မိပါစေနဲ့၊ ပြန်ပြီးလည်း မဖြန့်ဝေမိပါစေနဲ့။
၃) သင့်ရဲ့အမြင်တွေကိုပြောင်းလဲပစ်ပါ။
ကျွန်တော်တို့က အရာရာတိုင်းမှာ မျှော်လင့်ချက်တွေကို မြင့်မြင့်ထားတတ်ကြပါတယ်။ အဲဒါကြောင့်ပဲ စစ်မှန်တဲ့မျှော်လင့်ချက်ကိုမရနိုင်တာပါ။ အများကြီးမျှော်လင့်ထားပြီး မဖြစ်လာတဲ့အခါ ကျွန်တော်တို့မှာ စိတ်ရှုပ်ထွေးရတာပေါ့။ အဓိကက သင့်ရဲ့တာဝန်တွေကို သင်သိဖို့လိုပြီး တာဝန်ကျေပွန်အောင်လုပ်ပြီး သင့်ရဲ့comfort zone အပြင်ဘက်ရောက်ဖို့ သင့်ကိုသင်တွန်းမှဖြစ်မှာပါ။ အခွင့်အလမ်းသစ်တွေကို ရယူနိုင်ဖို့ သင်ယူနိုင်သမျှသင်ယူပါ။ ဘာမှမလုပ်ဘဲ မျှော်လင့်ချက်အများကြီးထားမယ့်အစား ဘာမှမမျှော်လင့်ဘဲ ကိုယ့်တာဝန်ကိုအကောင်းဆုံးတာဝန်ကျေဖို့သာကြိုးစားပါ။
၄) သင့်ရဲ့ရိုးသားဖြောင့်မတ်မှုကို ထိန်းသိမ်းပါ။
သင့်ရဲ့အလုပ်နေရာမှာ စစ်မှန်စွာရိုးသားမှုရှိခြင်းက သင့်ကိုမျှတပြီး ငြိမ်းချမ်းတဲ့နယ်ပယ်တစ်ခုဖန်တီးနိုင်အောင် ကူညီပေးပါလိမ့်မယ်။ သင်က ဘယ်လိုလူဖြစ်တယ်ဆိုတာနဲ့ သင့်အကြောင်းကဘာလဲဆိုတာကို အခြားသူတွေသိအောင် အလုပ်နဲ့ပြသပါ။
၅) လုပ်ဖော်ကိုင်ဖက်တွေကို ကူညီပါ။
ကျွန်တော်တို့တော်တော်များများက ကိုယ့်ရဲ့အလုပ်ပြီးဖို့သာအဓိက အာရုံစိုက်ကြပါတယ်။ အခြားသူများကို ဘယ်လိုကူညီပေးရမလဲဆိုတာ မစဉ်းစားတတ်ပါဘူး။ အခြားသူများကိုကူညီပေးခြင်းက သင့်ကိုပိုပြီး ပျော်ရွှင်အောင်လုပ်ပေးနိုင်သလို၊ သင့်လုပ်ဖော်ကိုင်ဖက်တွေကိုကူညီခြင်းက အလုပ်ခွင်မှာ သင့်ကိုပိုပြီးပျော်ရွှင်စေပါတယ်။ ရိုးရှင်းတဲ့ အသေးအဖွဲလေးတွေကအစ ပြုလုပ်ပေးလို့ရပါတယ်။ အလေ့အကျင့်အသေးအဖွဲလေးတွေက သင့်အပေါ်ဘယ်လောက် အကျိုးသက်ရောက်မှုရှိသလဲဆိုတာ သင်အံ့အားသင့်ဖွယ်တွေ့လာမှာပါ။
၆) မနိုင်ဝန်မထမ်းပါနဲ့။
အရာအားလုံးကို သင်က ဟုတ်ကဲ့ချည်းပြောနေမိတယ်ဆိုရင် အလုပ်တွေစုပြုံလာပြီး သင်အလုပ်မပြီးတာတွေ၊ စုပြုံလာတာတွေဖြစ်လာနိုင်ပါတယ်။ အဲဒါက သင့်ကိုမကျေမနပ်ဖြစ်လာစေနိုင်ပါတယ်။ သင့်မှာအလုပ်တွေပိနေပြီဆိုရင် နောက်နေ့အတွက် ချန်ထားလို့ရတာချန်ထားပါ။ ဒီနေ့အတွက်လိုအပ်တာကိုသာအရင်လုပ်ပါ။ သင့်အလုပ်ခွင်ရဲ့ပြင်ပဘဝရှိသေးတယ်ဆိုတာ မမေ့ပါနဲ့နော်။
https://beinspiredchannel.com/happiness-work-motivation/ လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။