သင့်အိမ်ထောင်ဖက်အပေါ် ပေးသင့်တဲ့အဖိုးအတန်ဆုံးလက်ဆောင်

သင့်အိမ်ထောင်ဖက်အပေါ် အပေးသင့်ဆုံး အဖိုးတန်လက်ဆောင်ဆိုတာ ဘာဖြစ်မယ်လို့များ ထင်ပါသလဲ။ အိမ်ထောင်ဖက်အပေါ်မှာ အပြန်အလှန်ပေးသင့်တဲ့အရေးကြီးအရာတွေ အများကြီးရှိပါတယ်။ အိမ်ထောင်တစ်ခုတည်ဆောက်မိတဲ့အခါ ဘယ်သူမှ အလွယ်တကူမပြိုကွဲချင်ကြပါဘူး။ အိမ်ထောင်တစ်ခုတည်မြဲဖို့ဆိုတာလည်း ကိုယ်တစ်ယောက်တည်းကောင်းနေလို့လည်း မရပြန်ပါဘူး။ အဲဒါကြောင့် အိမ်ထောင်ဖက်အချင်းချင်း အပြန်အလှန်ပေးသင့်တဲ့ လက်ဆောင်လေးကို သိထားကြမယ်ဆိုရင် သင့်အိမ်ထောင်ရေးက ထင်ထားတာထက်ပိုပြီး အဆင်ပြေနိုင်ပါတယ်နော်။ ဘာလက်ဆောင်လေးတွေလည်း ဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။


- လက်ဆောင်နံပါတ် ၁ : သစ္စာစောင့်သိပါ။
သစ္စာတရားက အိမ်ထောင်ဖက်အချင်းချင်း အပြန်အလှန်ပေးသင့်တဲ့ အထဲမှာ အရေးကြီးတဲ့ အရာတစ်ခုပါပဲ။ ဒီဆောင်းပါးကိုရေးဖို့တွေးမိရတဲ့အဓိက အကြောင်းရင်းကတော့ အက်မင်တို့နေ့စဉ်ဘဝမှာ အိမ်ထောင်ဖက်အပေါ် သစ္စာဖောက်ဖျက်မှုကြောင့် ကြုံတွေ့နေရတဲ့ဆိုးကျိုးတွေ၊ မိသားစုမှာ ထိခိုက်မှုတွေ ကြောင့်ပါ။ တခဏသာယာမှုနောက်ကိုလိုက်ရင်း အိမ်ထောင်ဖက်အပေါ်လိမ်ညာမိတဲ့အခါ တစ်ခါလိမ်ဖူးရာကနေ ထပ်ခါထပ်ခါ လိမ်ညာနေရပါတော့တယ်။ ထိုလိမ်ညာခြင်းရဲ့အကျိုးဆက်က မိမိမှာသာမက မိမိရဲ့အိမ်ထောင်ဖက်အပေါ်မှာကော မိသားစုတစ်ခုလုံးအပေါ်မှာပါ အကျိုးသက်ရောက်မှုရှိတတ်တယ် ဆိုတာကို မေ့နေတတ်ကြပါတယ်။ အဲဒါကြောင့် သတိလက်လွတ်မဖြစ်ရအောင် ကိုယ့်ကိုကိုယ်အမြဲသတိပေးသင့်တဲ့အထဲမှာ သစ္စာတရားလည်း ပါဝင်ပါတယ်။ အဲဒါအပြင် သားသမီးများလည်း လူကြားထဲမျက်နှာငယ်ရတာမျိုး၊ အနှိမ်ခံရတာမျိုးတွေ ဖြစ်နိုင်လို့ ကလေးတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်လာနိုင်ပါတယ်။
အဲဒါကြောင့် အိမ်ထောင်တစ်ခုတည်ဆောက်ဖြစ်တဲ့အခါ အိမ်ထောင်ဖက်အပေါ်မှာ အပြန်အလှန်သစ္စာတရားစောင့်သိခြင်းက အိမ်ထောင်ဖက်အပေါ် အပေးသင့်ဆုံးအဖိုးတန်လက်ဆောင်ပါပဲ။ တစ်ခါလောက်ဖြစ်ဖြစ် သစ္စာဖောက်ဖျက်မိရင်တောင် အိမ်ထောင်ရေးမှာ အဖုအထစ်ဖြစ်လာနိုင်ပါတယ်။ အိမ်ထောင်ရေးဖောက်ဖျက်မိတာကို တစ်ခါခွင့်လွှတ်ပေးမိရင်လည်း ခွင့်လွှတ်ပေးမိတဲ့သူရဲ့စိတ်ထဲမှာလည်း အမြဲလိုလို သံသယဝင်နေရမှာပါပဲ။ အဲဒီ့အတွက် အိမ်ထောင်ဖက်အချင်းချင်းကြားမှာ အမြဲလို သံသယတွေပွားနေပြီး အိမ်ထောင်ရေး အဆင်ပြေနိုင်မှာမဟုတ်တော့ပါဘူး။ အိမ်ထောင်ရေးအဆင်မပြေတာများလာတဲ့အခါ သားသမီးတွေလည်း အမြဲလိုစိတ်ချမ်းသာရမှာမဟုတ်ပါဘူး။ အဲဒါအပြင် မိဘရဲ့အိမ်ထောင်ရေးဖောက်ပြန်မှုကို သိရှိနေတဲ့သားသမီးလေးတွေ ကြီးပြင်းလာတဲ့အခါမှာလည်း သူတို့ရဲ့အိမ်ထောင်ဖက်အပေါ် အမြဲလိုလို အိမ်ထောင်ရေးဖောက်ပြန်နေသလားဆိုတဲ့ အတွေးတွေအမြဲဝင်နေတတ်ပြီး စိတ်ရောဂါပုံစံမျိုးတောင် ဖြစ်လာနိုင်ပါသေးတယ်။
တခဏသာယာမှုကြောင့် လက်ရှိမိသားစုကို အပြိုကွဲခံလိုက်ရင်တောင် မိသားစုတင်ပြိုကွဲရတာမဟုတ်ဘဲ သားသမီးလေးတွေရဲ့ အသည်းနှလုံးတွေပါ ပြိုကွဲစေတာနဲ့ အတူတူပါပဲ။ မိသားစုမရှိလို့၊ သားသမီးလည်းမရှိလို့ မနာကျင်ရဘူးဆိုရင်တောင် သင့်ဘဝတစ်လျှောက်လုံးမှာ ဘယ်တော့မှ လိပ်ပြာလုံစွာနဲ့ ဘဝလမ်းကို ခေါင်းမော့ရင်ကော့လျှောက်လှမ်းနိုင်တော့မှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့တခဏတာ သာယာမှုသည် လူပေါင်းများစွာရဲ့အသည်းနှလုံးတွေကို ကွဲကြေစေနိုင်တာကို အရင်းပြုလို့ အိမ်ထောင်တစ်ခုမှာ ကိုယ့်ရဲ့အိမ်ထောင်ဖက်အပေါ် အပေးသင့်ဆုံးလက်ဆောင်ထဲမှာ နံပါတ်တစ်အချက်ကတော့ သစ္စာတရားပါပဲနော်။
လက်ဆောင်နံပါတ် ၂ : ကြင်နာပါ။
အကြင်နာတရားနဲ့ ချစ်ခြင်းတရားကတော့ တူမယောင်နဲ့ မတူပါဘူးနော်။ သမီးရည်းစားဘဝမှာတုန်းက ချစ်ခြင်းမျိုးက အနည်းငယ်ပူလောင်မှုတွေရောယှက်နေမယ်လို့ အက်မင်ကတော့ ထင်ပါတယ်။ အကြင်နာတရားဆိုတာကျတော့ အေးချမ်းမှုရာခိုင်နှုန်းမျာပါတယ်။ ဘာလို့လည်း ဆိုတော့ လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာ အိမ်ထောင့်တာဝန်၊ လူမှုတာဝန်၊ စားဝတ်နေရေး၊ အလုပ်တာဝန် စတဲ့ကိစ္စတွေများလွန်းလှလို့ ချစ်တယ်ဆိုတာ ပြောဖို့မေ့နေတတ်ကြပါတယ်။ ချစ်တယ်ဆိုတာ ပြောဖို့မေ့နေတတ်ကြပေမယ့် တစ်ယောက်ကို တစ်ယောက် ကြင်နာမှုရှိဖို့က မမေ့သင့်တဲ့အထဲမှာ ပါဝင်ပါတယ်။ ကြင်နာတယ်ဆိုတာက အမျိုးသမီးဖြစ်သူ အိမ်အလုပ်တွေ၊ အခြားအလုပ်တွေနဲ့ ပင်ပန်းနေတဲ့အခါ သူ့အလုပ်ငါ့အလုပ်ရယ်မခွဲဘဲ ကိုယ်က ဝင်ပြီး ကူညီပေးလိုက်တာမျိုး၊ သူ့ကို အေးချမ်းစေချင်တာမျိုး၊ သက်သာစေချင်တာမျိုး၊ ကိုယ့်ကြောင့် သူ့မှာ ဝန်ထုပ်ဝန်ပိုးလျော့စေချင်တာမျိုးတွေနဲ့ ကြင်နာခြင်းကို ပြသလို့ရပါတယ်။ ကိုယ့်မှာတော့ အလုပ်များလိုက်တာ သူက အိမ်မှာပဲနေရတာ ရှိသမျှ အလုပ်တွေ သူအကုန်လုပ်ပါစေလို့ တွေးလို့မရပါဘူး။ အိမ်ထောင်တစ်ခုဆိုတာ တက်ညီလက်ညီရုန်းကန်ဖို့တည်ထောင်ထားတာမဟုတ်ပါလား။ အဲဒါကြောင့် အပြန်အလှန် ကြင်နာမှုပေးတဲ့အနေနဲ့ တာဝန်တွေခွဲဝေယူပါ၊ ပင်ပန်းမှုတွေ ခွဲဝေယူပါ။ ကိုယ့်ကြောင့် ကိုယ့်အိမ်ထောင်ဖက် ပိုပြီး ဝန်ထုပ်ဝန်ပိုးမဖြစ်ပါစေနဲ့နော်။
လက်ဆောင်နံပါတ် ၃ : နားလည်ပေးပါ။
အပြန်အလှန်နားလည်မှုပေးခြင်းကလည်း ပေးသင့်တဲ့အဖိုးတန်လက်ဆောင်ပါပဲ။ ဘာကြောင့်လည်း ဆိုတော့ အိမ်ထောင်မှုဘဝဆိုတာ သမီးရည်းစားဘဝကလို စိတ်ကူးလေးယဉ်နေရုံမရတော့တဲ့ဘဝပါ။ အရာရာလက်တွေ့ကျလာပါတယ်။ အဲဒီ့အခါမှာ သင့်ချစ်သူနဲ့သင် ချစ်သူဘဝက တူတဲ့အချက်တွေများနေခဲ့ရင်တောင် ခုလက်ထပ်ပြီးချိန်မှာတော့ မတူကွဲပြားမှုတွေ တသီတတန်းကြီး စပေါ်လာတော့မှာပါပဲ။ အဲဒီ့အပြင် ဆွေမျိုးအသိုင်းအဝန်းတွေ၊ မိဘတွေ၊ စတဲ့ပတ်သက်မှုတွေထဲမှာ မတူကွဲပြားတာတွေတွေ့လာရတော့မှာပါ။ အဲဒီ့အခါမှာ အချင်းချင်း နားလည်မှုယူပြီး နားလည်ပေးဖို့ လိုအပ်လာပါတယ်။ အဲဒါကြောင့် နားလည်မှုကလည်း သင့်အိမ်ထောင်ဖက်အပေါ်ပေးသင့်တဲ့လက်ဆောင်ထဲက တစ်ခုပါပဲနော်။ နားလည်မှုကိုတော့ အခွင့်ကောင်းမယူမိဖို့ အပြန်အလှန်သတိထားပေးပါ။
အခုဖော်ပြသွားတဲ့လက်ဆောင်လေးတွေကတော့ ငွေနဲ့လဲပြီးမဝယ်နိုင်တဲ့ သင့်အိမ်ထောင်ဖက်အပေါ်အပေးသင့်ဆုံး အရေးကြီးလက်ဆောင်လေးတွေပါပဲ။ အက်မင်ရဲ့အတွေးသာမို့ စာဖတ်သူတို့ ထပ်တိုးပေးစေချင်တဲ့အချက်လေးတွေရှိရင်လည်း ကွန့်မန့်မှာ မန့်သွားပေးပါအုံးနော်။ အချင်းချင်းဖလှယ်လို့ရအောင်ပေါ့။
အားလုံးပဲ အပေးအယူမျှသော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။ #Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။