သစ်ကြံပိုးခေါက်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

သစ်ကြံပိုးခေါက်က ဆေးဘက်ဝင်ပြီး နေ့စဉ်စားသုံးနေတဲ့အစားအစာတွေထဲမှာ ထည့်သွင်းစားသုံးသင့်တဲ့အရာတစ်မျိုးဖြစ်ပါတယ်။ သစ်ကြံပိုးက ဆေးဘက်ဝင်အိမ်သုံးဆေးဝါးတစ်မျိုးအဖြစ် ရှေးခေတ် ၂၇၀၀ ဘီစီလောက်ကတည်းက ဥရောပ၊ တရုတ်နဲ့ အိန္ဒိယ၊ အီဂျစ်တွေမှာ အသုံးပြုခဲ့ကြပါတယ်။ သစ်ကြံပိုးပင်က ကျန်းမာရေးဆိုင်ရာအရ ဘယ်လိုအကျိုးရှိသလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံးနော်။


၁) ရောင်ရမ်းခြင်းကိုသက်သာစေခြင်း
သစ်ကြံပိုးမှာ အဓိက ဓာတု ၃မျိုးဖြစ်တဲ့ cinnamyl acetate ၊ cinnamaldehyde နဲ့ cinnamyl alcohol တို့ပါဝင်ပါတယ်။ ထိုဓာတ်ပေါင်း ၃မျိုးက ခန္ဓာကိုယ်မှာ သွေးခဲခြင်းကို တိုက်ဖျက်နိုင်တဲ့အစွမ်းရှိပါတယ်။
ခန္ဓာကိုယ်အတွင်း ရောင်ရမ်းခြင်းကို ကာကွယ်ပေးပြီး arachidonic acid ထုတ်လုပ်ခြင်းကို ရပ်တန့်ပေးပါတယ်။

၂) ဦးနှောက်လုပ်ဆောင်ချက်တွေပိုကောင်းစေခြင်း
လေ့လာချက်တွေအရ သစ်ကြံပိုးက ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေအပေါ် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုရှိပါတယ်။ သစ်ကြံပိုးက အာရုံစူးစိုက်မှုစွမ်းရည်၊ မှတ်ဉာဏ်မှတ်နိုင်စွမ်း၊ ပြန်လည်တုံ့ပြန်နိုင်စွမ်းစတဲ့စွမ်းရည်တွေမှာ အကူအညီဖြစ်စေပါတယ်။
အခြားသော လေ့လာချက်တွေမှာ ဖော်ပြချက်အရ အသက်အရွယ်ကြောင့် မှတ်ဉာဏ်ကျဆင်းမှုကို နှေးကွေးစေပါတယ်။

၃) ဘက်တီးရီးယားတွေကို တိုက်ဖျက်ခြင်း
သစ်ကြံပိုးခေါက်မှာ မရှိမဖြစ်ပါဝင်တဲ့ကွန်ပေါင်းတစ်မျိုးမှာ ဘက်တီရီးယားတွေကို တိုက်ဖျက်နိုင်ပါတယ်။ ကူးစက်မှုကိုဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေနဲ့ မှိုတွေကို ဆန့်ကျင်တိုက်ဖျက်နိုင်ပါတယ်။

၄) အစာခြေစနစ်ကို ပိုပြီးလွယ်ကူစေခြင်း
သံဓာတ်၊ ကယ်လဆီယမ်နဲ့ အမျှင်ဓာတ် ပါဝင်မှုကြောင့် သင့်ခန္ဓာကိုယ်မှာ အစာခြေစနစ်ကို ကူညီပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်လည်း မြင့်မားစွာပါဝင်တဲ့အရင်းမြစ်ဖြစ်တာမို့ အစာခြေစနစ်ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။
သစ်ကြံပိုးကို အခေါက်ပုံစံ၊ အမှုန့်ပုံစံ၊ ဟင်းခတ်အမွှေးအကြိုင်ပုံစံမျိုးဖြင့် ရနိုင်ပါတယ်။

သစ်ကြံပိုးရဲ့ ဘေးထွက်ဆိုးကျိုးများ
သစ်ကြံပိုးကို တစ်နေ့လျှင် လက်ဖက်ဇွန်းဝက်ခန့်သာ သုံးသင့်ပါတယ်။ သင်နဲ့ ဓာတ်မတည့်မှုဖြစ်ပွားနိုင်မှုရှိမရှိသေချာအောင် သိထားသင့်ပါတယ်။ အဲဒါအပြင် သစ်ကြံပိုးကို လိုအပ်တဲ့ပမာဏထက်ပိုပြီး စားသုံးမိမယ်ဆိုရင် သင့်ရဲ့သွေးထဲက သကြားဓာတ်ကိုလျှော့ကျစေပြီး သွေးခဲခြင်းကိုတားဆီးနိုင်ပေမယ့် သင့်အသည်းကိုတော့ ဒုက္ခပေးနိုင်ပါတယ်။ သွေးကျဲခြင်းနဲ့ သွေးထဲကသကြားဓာတ်ဆိုင်ရာ ဆေးဝါးကုသမှုခံယူနေရတယ်ဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်ကိုမေးမြန်းပြီးမှသာ သုံးသင့်ပါတယ်။
http://dmelibrary.com/health-benefits-of-cinnamon/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။