သင်မမေ့သင့်တဲ့လူ ၃ မျိုး

ဘဝမှာ သင်ဘယ်တော့မှမမေ့နိုင်တဲ့လူတွေရှိမှာပါ။ ကောင်းသောမမေ့နိုင်ခြင်းမျိုးနဲ့ မကောင်းသောမေ့မနိုင်ခြင်းမျိုးဖြစ်မှာပေါ့။ ကောင်းသော့မမေ့နိုင်ခြင်းဆိုတာက သင့်အပေါ် လိုအပ်တာထက်ကို သူ့အကျိုးတွေအနစ်နာခံပြီး အကောင်းဆုံးကူညီပေးခဲ့ဖူးတဲ့သူမျိုးအတွက်ဖြစ်မှာပါ။ မကောင်းသောမေ့မနိုင်ခြင်းကတော့ သင့်အပေါ် တစ်ခုခုနဲ့ ဒုက္ခပေးခဲ့သူ၊ တခုခုနဲ့ ထိခိုက်နစ်နာစေအောင်လုပ်ခဲ့ဖူးသူအတွက်ဖြစ်မှာပါ။ အဲဒီ့လိုလူပေါင်းစုံနဲ့ပေါင်းသင်းဆက်ဆံရတဲ့အခါ သင်ဘယ်တော့မှမမေ့သင့်တဲ့လူ ၃မျိုးရှိပါတယ်။ ထိုလူမျိုးကို ကောင်းသော၊ မကောင်းသောဆိုတာထက် သင့်ဘဝအတွက် သတိတရနဲ့ကိုရှိနေသင့်ပါတယ်။ အဲဒီ့လူတွေကတော့


၁) သင့်ဒုက္ခရောက်ချိန်ကူညီခဲ့သူများ
သင်အရမ်းအခက်အခဲဖြစ်ပြီး ကူကယ်ရာမဲ့ဖြစ်နေချိန်မှာ သင့်ကိုကူညီတဲ့သူကို သင်ဘယ်တော့မှမမေ့သင့်ပါဘူး။ သင့်ဘဝတစ်ခုလုံးအတွက် အရမ်းကိုအခက်အခဲဖြစ်နေလို့ တစ်ယောက်ယောက်ကသာမကူညီဘူးဆိုရင် သင့်အဖြစ်ကိုပြန်တွေးတိုင်း သင်အသက်ရှုကြပ်သလိုတင်းကြပ်သလိုခံစားရပါလိမ့်မယ။် အဲဒီလိုအခြေအနေမှာ ဘာကိုဘယ်လိုမှမမျှော်လင့်ဘဲ သင့်ကိုလက်ကမ်းကူညီသူမျိုးဟာ တကယ့်ကျေးဇူးတင်သင့်တဲ့သူပါ။ တနည်းအားဖြင့် စာနာတတ်သူဖြစ်ပါတယ်။ အဲဒါကြောင့် ဘယ်တော့ဖြစ်ဖြစ် သူ့ကျေးဇူးကို မှတ်ထားပြီး ကိုယ့်အဆင်ပြေခိုက်နဲ့ ကူညီရမယ့်အခွင့်ကြုံတဲ့အခါ ကူညီပေးဖို့ အသင့်ပြင်ထားသင့်ပါတယ်။


၂) သင့်ဒုက္ခရောက်ချိန်မှာ မကူညီခဲ့သူများ
သင့်ဘဝအတွက် မျှော်လင့်ချက်ကင်းမဲ့သလိုခံစားနေရချိန်မှာ သင့်ကို မကူညီမဖေးမဘဲ ချန်ထားခဲ့တဲ့သူတွေကိုလည်း သင်မမေ့သင့်ပါဘူး။ သူတို့ကြောင့်သာ သင့်ကိုတကယ်ဒုက္ခရောက်ချိန်မှာ ကူညီမယ့်လူကို ရလာနိုင်တာပါ။ အဲဒီလို ကူညီမယ့်သူမရလာခဲ့ရင်တောင်မှ သူတို့ရဲ့မျက်နှာအစစ်အမှန်ကို သင်သိသွားနိုင်တာအမြတ်ပါပဲလေ။ ဘယ်သူကတော့ သင့်အနားမှာ တကယ့်စိတ်ရင်းအစစ်အမှန်နဲ့သူမျိုးလည်းဆိုတာ သင်ခွဲခြားနိုင်သွားတာပေါ့။ အဲဒါကြောင့် သင်ဒုက္ခရောက်ချိန်မှာ သင့်ကိုမကူညီခဲ့သူတွေကိုလည်း သင်မမေ့သင့်ပါဘူး။


၃) သင့်ကိုဒုက္ခရောက်အောင်လုပ်ခဲ့သူများ
သင့်ကိုဒုက္ခရောက်အောင်တွန်းပို့ခဲ့သူတွေ၊ သင့်ကိုချနင်းခဲ့သူတွေကို သင်လုံးဝလုံးဝကိုမမေ့သင့်ပါဘူး။ ပြန်ပြီးဒုက္ခပေးဖို့၊ မုန်းတီးနေဖို့ မဟုတ်ဘဲ ဒီလိုဒုက္ခရောက်တတ်သူမျိုးကို မပေါင်းသင်းဖို့၊ ထိုလူမျိုးတွေကြောင့်ခံခဲ့ရတာကို နောင်မခံရဖို့ သင်ခန်းစာယူတတ်စေဖို့ မမေ့သင့်တာဖြစ်ပါတယ်။ ထိုလူမျိုးက သင့်ကိုဘယ်တော့မှအကျိုးပြုလာမယ့်သူမျိုးမဟုတ်သလို၊ သင့်အတွက်လည်း မိတ်ဆွေကောင်းမဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် သင်ကသူတို့လိုလူမျိုးတွေကို ခွင့်လွှတ်ပြီး ပြန်လည်ပေါင်းသင်းဆက်ဆံမိရင်တောင် သင့်ကို နောက်ထပ်အခါခါ နာကျင်အောင်၊ ဒုက္ခရောက်အောင်လုပ်အုံးမှာဖြစ်ပါတယ်။ အဲဒါကြောင့် သင့်ကိုဒုက္ခရောက်စေခဲ့သူတွေကို သင်ခန်းစာယူဖို့ လုံးဝမမေ့သင့်ပါဘူး။


ထိုလူတွေကို လုံးဝမမေ့သင့်တဲ့အကြောင်းရင်းကတော့ ဘဝမှာသင်ခန်းစာယူတတ်စေဖို့ပါပဲ။ ကောင်းတဲ့သူဆီက ကောင်းသောစိတ်ဓာတ်မျိုးတွေကို သင်ခန်းစာယူအတုယူနိုင်သလို၊ မကောင်းသောသူမျိုးဆီက မကောင်းတဲ့အကျင့်နဲ့စိတ်ဓာတ်မျိုး ကိုယ့်တိုင်မမွေးမိစေဖို့ သင်ခန်းစာယူရမှာဖြစ်ပါတယ်လို့ ဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။