သင်မအောင်မြင်ရတဲ့အကြောင်းရင်း ၅ခု

အောင်မြင်ခဲ့သူအများစုက အောင်မြင်မှုဆီရောက်ရှိဖို့အတွက် ကျရှုံးမှုတွေကို ကြုံခဲ့ဖူးတဲ့သူချည်းပါပဲ။ ကျရှုံးမှုတွေကြောင့် စိတ်ဓာတ်ကျအောင် ဆွဲချခံခဲ့ဖူးသူတွေချည်းပါပဲ။ သင်ပုံဖော်ကြည့်တာထက် ပိုပြီး ကြာရှည်စွာ ကြိုးစားခဲ့ရတဲ့သူချည်းပါပဲ။ ဒါပေမယ့် သင်ဘာကြောင့်ခုထိမအောင်မြင်သေးတာလဲဆိုတဲ့ ယေဘုယျအကြောင်းရင်းတွေကတော့ သိထားသင့်ပါတယ်။ သင့်မှာ အဲဒီလိုအချက်တွေရှိနေခဲ့ရင် စောစောပြုပြင်ပြီး ရှေ့ဆက်ဖို့အထောက်အကူဖြစ်စေမှာပါ။


၁) အောင်မြင်မှုကို ပုံဖော်ထားခြင်းမရှိတာကြောင့်ဖြစ်ပါတယ်။
ကျွန်တော်တို့အတွက်အောင်မြင်မှုဟာ ဘာနဲ့တူသလဲဆိုတာ ကျွန်တော်တို့ကိုယ်တိုင်ပုံမဖော်ထားကြလို့ပါ။ အောင်မြင်မှုကို မြင်ယောင်ပြီး စိတ်ကူးယဉ်ကြည့်တတ်သူကသာ စိတ်ကူးနဲ့ ပျော်ရွှင်ပြီး စိတ်တက်ကြွမယ်၊ ဖြစ်အောင်ကြိုးစားချင်စိတ်တွေတိုးလာစေပါတယ်။ ဒါပေမယ့်အောင်မြင်ချင်တယ်လို့တဖွဖွပြောပြီး ကိုယ့်အောင်မြင်မှုကိုတောင် ပုံမဖော်ထားတတ်ဘူးဆိုရင်တော့ အောင်မြင်အောင်ကြိုးစားဖို့ စိတ်ဓာတ်တက်ကြွခြင်းတွေ ပျောက်ဆုံးသွားတတ်ပါတယ်။ ခုလက်ရှိအောင်မြင်နေသူအများစုက မအောင်မြင်ခင်မှာ သူတို့ရဲ့ကျဆင်းနေတဲ့စိတ်ဓာတ်တွေကို အောင်မြင်ခြင်းကိုစိတ်ကူးယဉ်ကြည့်ပြီး သူတို့စိတ်ဓာတ်ကိုပြန်လည်တက်ကြွလာအောင် လှုံ့ဆော်နိုင်စွမ်းရှိသူတွေဖြစ်ကြပါတယ်။

၂) စိတ်ဆန္ဒပြင်းပြစွာ ဖြစ်ချင်တာ ဘာလဲဆိုတာကို မသိခြင်းကြောင့်ဖြစ်ပါတယ်။
ပြောရရင်တော့ ကိုယ်ပြင်းပြင်းပြပြနဲ့ဖြစ်ချင်စိတ်ရှိတာ ဘယ်အရာလဲဆိုတာ ကိုယ်တိုင်တောင်မသိတာပေါ့။ ကိုယ်ဘာဖြစ်ချင်တာလဲ…ဆိုတာကိုသိမှ ဘယ်အရာတွေကို ကြိုးစားပမ်းစားလုပ်ဆောင်မလဲဆိုတာကို နောက်တစ်ဆင့်အနေနဲ့ကြိုးစားဖြစ်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် သင်ကိုယ်တိုင်ကတောင် ဘယ်အရာကို ကြိုးစားရမလဲ၊ ဘယ်အရာမှာဖြစ်မြောက်အောင်မြင်ချင်တာလဲ ကိုယ့်ကိုကိုယ်မသိဘူးဆိုရင်တော့ ဘာမှဖြစ်လာအောင်လည်း စွမ်းဆောင်ဖို့စဉ်းစားတော့မှာမဟုတ်ပါဘူး။ အော်ပရာက ပြောဖူးပါတယ်။ “စိတ်ဆန္ဒပြင်းပြခြင်းက စွမ်းအင်တစ်ခုပါပဲ။ ထိုစွမ်းအင်ကို ခံစားပြီး သင့်ကိုစိတ်လှုပ်ရှားစေတဲ့အရာကို အာရုံစိုက်မှုဖြစ်မြောက်လာတာပါပဲ” တဲ့ ။ အဲဒါကြောင့် သင်ဖြစ်ချင်တာက ဘာလဲသိမှ သင်ဖြစ်ချင်တာကို ဘယ်လိုဖြစ်အောင်လုပ်မလဲဆိုတာ ဆက်စဉ်းစားလို့ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ဘာဖြစ်ချင်မှန်းတောင်မသိဘူးဆိုတာကတော့ သင်မအောင်မြင်ရတဲ့အကြောင်းတွေထဲက တခုအပါအဝင်ပါပဲ။ သင့်ကိုယ်သင်သေချာဆန်းစစ်ကြည့်ပါ။ သင့်ကိုပျော်ရွှင်မှုတွေယူဆောင်လာစေတဲ့အရာကိုရှာဖွေပါ။ သင့်စိတ်ဝင်စားမှုပေါ်မူတည်ပြီး သင်ဖြစ်ချင်စိတ်ပြင်းပြတဲ့အရာက ဘာလဲလို့တွေးပါ။ အဲဒါက သင်အောင်မြင်ဖို့ စတင်ဖြစ်ပေါ်စေတဲ့အကြောင်းရင်းပါပဲ။

၃) သင်လုပ်နေတဲ့အလုပ်ထဲမှာ အာရုံမထားနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။
အောင်မြင်သူအများစုမှာ တူတဲ့အချက်ကတော့ အလုပ်ကြိုးစားကြတာပါပဲ။ သူတို့ဖြစ်ချင်တဲ့အရာပေါ်မှာ လေ့လာမှုကို မရပ်တန့်ကြသလို၊ တကယ်လည်း ကြိုးစားတတ်ကြပါတယ်။ အဓိကက ကိုယ်ဖြစ်ချင်တဲ့အလုပ်ပေါ်မှာ သေချာအာရုံစိုက်ပြီး ကြိုးစားကြပါတယ်။ အောင်မြင်မှုက အလိုက်သင့်ဖြစ်လာမယ်လို့ မျှော်လင့်နေလို့မရပါဘူး။ ကိုယ်ဖြစ်ချင်တဲ့အပေါ်မှာ တကယ်ကြိုးစားကိုကြိုးစားရမယ်၊ အဲဒီ့နောက်မှာတော့ သင်တကယ်အောင်မြင်မှုကိုရနိုင်မှာပါ။

၄) မှန်ကန်တဲ့လူတွေနဲ့ သင့်ကိုသင်ဝန်းရံမထားခြင်းကြောင့်ဖြစ်ပါတယ်။
Jim Rohn ကပြောဖူးပါတယ်။ “သင့်ပတ်ဝန်းကျင်က သင်နဲ့အတူအများဆုံးအချိန်ဖြုန်းတဲ့ လူငါးယောက်ရဲ့ပျမ်းမျှ အမူအကျင့်က သင့်ထံမှာဖြစ်ပေါ်နေပါတယ်” တဲ့။ အဲဒါကြောင့် ကျွန်တော်တို့ပတ်ဝန်းကျင်က လူတွေက လူမှန်တွေဖြစ်နေဖို့လိုပါတယ်။ လူမှန်ဆိုတာက တနည်းအားဖြင့် အကောင်းမြင်စိတ်များတဲ့သူ၊ ကိုယ့်ကိုတကယ်တိုးတက်စေချင်တဲ့သူ၊ ကိုယ့်ကိုတကယ်နည်းပေးလမ်းပြလုပ်နိုင်တဲ့သူတွေပေါ့။ အဲဒီလိုလူတွေနဲ့ ကိုယ့်ကိုကိုယ်ဝန်းရံပါများတဲ့အခါ သူတို့ဆီက ကိုယ့်အတွက်လမ်းစတွေနဲ့ အကောင်းမြင်စိတ်၊ စိတ်တက်ကြွမှုတွေရနိုင်ပါတယ်။ ကိုယ့်ထက်အောင်မြင်နေတဲ့သူတွေနဲ့လည်း မိတ်ဆွေဖြစ်ဖို့အခွင့်အလမ်းတွေရှိမယ်။ အဲဒါကြောင့် ကိုယ့်အတွက် မှန်ကန်တဲ့လူတွေနဲ့ network တစ်ခုဖန်တီးဖို့လိုအပ်ပါတယ်။

၅) အကောင်းမြင်စိတ်မထားတတ်ခြင်းကြောင့်ဖြစ်ပါတယ်။
အရာအားလုံးက ကျရှုံးခြင်းကိုဦးတည်နေတယ်လို့တွေးတယ်၊ အောင်မြင်ပြီးပျော်ရွှင်နေတဲ့သူတွေကို မမြင်နိုင်ဘူး။ အဲဒီ့လို မကောင်းမြင်တဲ့စိတ်ကို အကောင်းမြင်စိတ်အဖြစ်သို့ ပြောင်းလဲပေးဖို့လိုပါတယ်။ အဆိုးမြင်စိတ်ချည်းရှိတဲ့သူက အောင်မြင်ဖို့မဖြစ်နိုင်ပါဘူး။ ကမ္ဘာပေါ်မှာ အရာရာတိုင်းကို အကောင်းမမြင်တတ်တဲ့စိတ်ကြောင့် သင်ကြိုးစားနေရင်း ကျရှုံးမှုတွေကြုံရတဲ့အခါ “ဘယ်တော့မှ ဖြစ်မြောက်မှာမဟုတ်ပါဘူး…..” ဆိုတဲ့အဆိုးမြင်စိတ်ကြောင့် သင်အခါခါ ထပ်ကြိုးစားချင်တော့မှာမဟုတ်ပါဘူး။ အဲဒါကြောင့်ကိုပဲ သင်မအောင်မြင်နိုင်ပါဘူး။ အဲဒါကြောင့် မအောင်မြင်ရတဲ့အကြောင်းရင်းထဲမှာ အဆိုးမြင်စိတ်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
အောင်မြင်ဖို့ခက်ခဲလိုက်တာလို့ စဉ်းစားမိနေတယ်ဆိုရင် သင့်ကိုသင် အထက်ကအချက်တွေထဲက ဘယ်အချက်နဲ့များ ငြိနေသလဲလို့ ပြန်မေးကြည့်ပါ။ ချက်ချင်းပြုပြင်ကြည့်လိုက်ပါနော်။
https://www.success.com/5-reasons-you-arent-successful/လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။