သင်လုပ်နိုင်တာကိုသာ အာရုံစိုက်ပါ။

ဒီစကားလေးက ကြားလိုက်ရင် ဘာမှမထူးဆန်းသလို ခံစားရပါတယ်။ ဒါပေမယ့် သေချာတွေးကြည့်ရင်တော့ အဓိပါ္ပယ်ရှိတာသိလာမှာပါ။ တခါတလေမှာ ကျွန်တော်တို့တွေက ဘဝရှင်သန်ရုန်းကန်မှုတွေကြားထဲ နစ်နေရင်းနဲ့ ကိုယ်မလုပ်နိုင်တာတွေကိုသာ မြင်တတ်ကြပါတယ်။ အကြောင်းရင်းကတော့ အပြစ်မြင်ရတာ လွယ်သကိုး။ တခုခုဆိုရင် “မင်းက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ ဟိုက သူဌေးသားကွ” “နိုင်ငံခြားက ဘွဲ့ဘယ်ယူနိုင်ပါ့မလဲ၊ မင်းကို ဘယ်သူကကျောင်းထားပေးမှာမို့လို့လဲ” “မင်းလားဖြစ်မှာ……ဘယ်နေရာမှာများ ငွေပေါနေလို့လဲ” စသဖြင့် မဖြစ်နိုင်ဘူးဆိုတဲ့ ရှု့ထောင်ကနေ မြင်ဖို့ကလွယ်ပါတယ်။ တနည်းအားဖြင့် အဆိုးဘက်ကနေမြင်ဖို့လွယ်တယ်ပေါ့။ အဲဒီ့အခါမှာ ဘာဖြစ်လာသလဲဆိုရင် အဆိုးတွေကိုမြင်ခြင်း တနည်းအားဖြင့် ကိုယ်မတတ်နိုင်တာ၊ ကိုယ်မစွမ်းဆောင်နိုင်တာကိုသာ မြင်တဲ့အတွက် စိတ်ပျက်ပြီး လက်လျှော့ချင်စိတ်ဖြစ်လာပါတယ်။ အဲဒီ့အခါ မတတ်နိုင်ဘူးလို့ထင်တဲ့စိတ်အတိုင်းပဲ မကြိုးစားကြည့်တော့ဘဲ တကယ်မဖြစ်မြောက်လာတော့ပါဘူး။


အဲဒါကို သင့်စိတ်ရဲ့သတ်မှတ်ချက်အတိုင်း အရာအားလုံးဖြစ်လာတာလို့ ပြောကြတာဖြစ်ပါတယ်။ အဲဒီ့အကြောင်းအရာရဲ့ဆန့်ကျင်ဘက်အနေနဲ့ ကိစ္စတစ်ခု၊ ဖြစ်ရပ်တစ်ခုမှာ ကိုယ်လုပ်နိုင်တာ၊ ကိုယ်တတ်နိုင်တာကိုမြင်အောင်ကြည့်ဖို့လိုပါတယ်။

ဥပမာ။ သင်က နိုင်ငံခြားထိကျောင်းသွားမတတ်နိုင်ဘူးဆိုပါတော့…..အဲဒီ့အကြောင်းအရာက မဖြစ်နိုင်တဲ့ရှု့ထောင်ပေါ့။ အဲဒီ့မဖြစ်နိုင်ဘူးဆိုတဲ့ ရှု့ထောင်ရဲ့ဆန့်ကျင်ဘက် ဖြစ်နိုင်တဲ့ရှု့ထောင့်ကတော့ နိုင်ငံခြားထိကျောင်းသွားမတက်နိုင်ပေမယ့် ဘာသာစကားတစ်ခုကို ကျွမ်းကျင်စွာတတ်မြောက်သွားရင် ဒီနိုင်ငံမှာတင် အလုပ်အကိုင်အခွင့်အလမ်းက ဘာသာစကားမတတ်ကျွမ်းတဲ့လူထက် ပိုမသာနိုင်ဘူးလား၊ ဝင်ငွေပိုမကောင်းနိုင်ဘူးဆိုတဲ့အချက်ပါပဲ။ နိုင်ငံခြားထိကျောင်းသွားမတတ်နိုင်ဘူးဆိုတာကြောင့်နဲ့ပဲ ဘာသာစကားတစ်ခုကို ထူးချွန်အောင်၊ ကျွမ်းကျင်အောင် မသင်ယူသင့်တော့ဘူးလား။ မဟုတ်ပါဘူးနော်။ နိုင်ငံခြားထိ ကျောင်းတက်နိုင်ခြင်းမတက်နိုင်ခြင်းထက် ကိုယ်က လက်ရှိမှာ ဘာသာစကားတစ်ခုကို တတ်ကျွမ်းသွားအောင် သင်ယူနိုင်ခြင်းက ဖြစ်နိုင်တယ်မဟုတ်ဘူးလား။ အဲဒီ့မှာ ဖြစ်နိုင်တဲ့အချက်ကို စတွေးလိုက်ပြီဆိုတာနဲ့ “အော်…နိုင်ငံခြားထိကျောင်းတက်ဖြစ်သည်ဖြစ်စေ၊ မတက်နိုင်သည်ဖြစ်စေ၊ ကိုယ့်အတွက်ဘာသာစကားအသစ်တစ်ခုကို ကျွမ်းကျင်သွားတော့ အလုပ်အကိုင်အခွင့်အလမ်းပိုသာတာပေါ့။ နိုင်ငံခြားကျောင်းတက်တက်မတက်တက်၊ ဘာသာစကားအသစ်ကို ရအောင်သင်မယ်” ဆိုတဲ့စိတ်ဖြစ်လာခြင်းက အကောင်းမြင်စိတ်ပါ။ တနည်းအားဖြင့် ကိုယ်လုပ်နိုင်တာကို အာရုံစိုက်လိုက်ခြင်းပါပဲ။
ကိုယ်မလုပ်နိုင်တဲ့အရာထက် လုပ်နိုင်တဲ့အရာကို အာရုံစိုက်လိုက်တဲ့အခါ “ကိုယ်လုပ်လို့ရသားပဲ…..” “ကိုယ်လုပ်နိုင်သားပဲ…..” ဆိုတဲ့စိတ်ဖြစ်လာပါတယ်။ အဲဒီ့စိတ်က သင့်ကို စတင်လုပ်ဆောင်ဖို့ဖြစ်လာစေပါတော့တယ်။ John Burroughs က “If you think you can do it, you can” ဆိုတဲ့စကားက မှန်ပါတယ်။ သင်လုပ်နိုင်တယ်လို့တွေးလိုက်တာနဲ့ သင်တကယ်လုပ်နိုင်ပါတယ်တဲ့။

Walt Disney ပြောထားသလိုမျိုး “If you can dream it, you can do it.” သင်အိပ်မက်မက်နိုင်တယ်ဆိုရင် သင်အဲဒီ့အရာကို လုပ်ဆောင်နိုင်ပါတယ်တဲ့။ တကယ်မှန်ပါတယ်။ သင်လုပ်နိုင်တာကို အာရုံစိုက်လိုက်တာနဲ့ သင်လုပ်ဆောင်ဖို့အစပြုပြီးသွားပါပြီ။ သင်လုပ်ဆောင်ဖို့ စတင်ကြိုးစားမိတဲ့အခါမှာတော့ ဖြစ်နိုင်တယ်ဆိုတဲ့စိတ်ကြောင့် သင့်မှာဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ခွန်အားဖြစ်စေပါတယ်။ အဲဒါကြောင့် သင်လုပ်နိုင်တယ်လို့တွေးခြင်းက သင်တကယ်လုပ်နိုင်သွားစေပါတယ်။
ဥပမာ သင်က ပန်းချီဆရာဖြစ်ချင်တယ်ဆိုပါတော့…….သင့်အိမ်က သင့်ကို ပန်းချီဆရာဆိုတာအလကားပါ၊ စီးပွားရေးလမ်းကြောင်းနဲ့မအပ်စပ်ဘူးဆိုပြီး မလုပ်ခိုင်းဘူးဆိုရင် ဒီအခြေအနေကနေ သင်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့လမ်းကြောင်းကဘာလဲလို့တွေးကြည့်ပါ။ သူတို့လုပ်စေချင်တဲ့အလုပ်တစ်ခုကို လုပ်ရင်း သင့်အတွက် အပိုဝင်ငွေရလာတဲ့အခါမှာ ငွေစုပြီး သင်တက်ချင်တဲ့ပန်းချီသင်တန်းတစ်ခုခုကို သင်မတက်နိုင်ဘူးလား၊ တဖက်ကနေ သင်ဖြစ်ချင်တာကို လက်ရည်သွေးနေခွင့်မရှိဘူးလား။ ပြိုင်ပွဲဝင်နိုင်လောက်တဲ့အထိ လက်ရည်တက်လာတဲ့အခါမျိုးမှာ ပြိုင်တွေနဲ့သင့်ရဲ့စွမ်းရည်ကိုထုတ်ဖော်မပြနိုင်ဘူးလား။ အဲဒါကြောင့် သင်ဖြစ်ချင်တာကို သင်လုပ်နိုင်မယ့်လမ်းကြောင်းကို မြင်ဖို့အရေးကြီးတာပါ။ အဓိကက မဖြစ်နိုင်ဘူးဆိုတဲ့အခြေအနေတွေထဲကမှ ကိုယ်ဘာလုပ်နိုင်မလဲဆိုတာကို သိဖို့ပါပဲ။ မဖြစ်နိုင်ဘူးဆိုတဲ့အခြေအနေတွေထဲကမှ ကိုယ်လုပ်နိုင်တာကိုသာ အာရုံစိုက်ဖို့လိုတာပါ။

Secret superstar ဆိုတဲ့ ဇာတ်ကားလေး ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဂီတကို ဝါသနာကြီးလွန်းတဲ့ကလေးမလေးဟာ အဖေလုပ်သူက စာမှာတော်စေချင်တာကြောင့် ဂီတာကို ဖျက်ဆီးပစ်တာမျိုး၊ ကလေးမလေးရဲ့ ကွန်ပျူတာကို ရိုက်ချိုးပစ်တဲ့အထိ လုပ်ခဲ့တာပါပဲ။ အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် ဒီကလေးမလေးဟာ သူမဖြစ်စေချင်တဲ့ ဂီတအလုပ်ကိုမလုပ်ဖြစ်တော့ဘဲ စာဘက်မှာသာ အာရုံရှိသွားမယ်လို့ ကလေးမလေးရဲ့အဖေက အထင်ရောက်နေရှာပါတယ်။ ဒါပေမယ့် ကလေးမလေးဟာ ထိုအခက်အခဲအခြေအနေတွေထဲကမှ သူလုပ်နိုင်တာကဘာလဲဆိုတာကို ကောင်းကောင်းသိပြီး ကောင်းကောင်းအသုံးချနိုင်ခဲ့ပါတယ်။ Youtube ပေါ်မှာ ဗီဒီယိုဖိုင်တွေနဲ့သီချင်းဆိုပြီး တင်တယ်၊ တဖြည်းဖြည်း သူ့ဗီဇကို လူတွေသတိထားမိလာတယ်။ လက်ခံလာကြတယ်။ နောက်ဆုံးတော့ သူမဟာ အဆိုပြိုင်ပွဲမှာ ဆုတွေရသွားတယ်ပေါ့။ အဲဒါတွေက ဇာတ်လမ်းထဲမှာတင်ရှိတာမဟုတ်ပါဘူး ။ အပြင်လောကမှာလည်း မဖြစ်နိုင်ဘူးဆိုတဲ့အခြေအနေတွေကနေပဲ အောင်မြင်သွားတဲ့လူတွေအများကြီးရှိပါတယ်။ တခါတလေ မဖြစ်နိုင်ဘူးဆိုတဲ့အခြေအနေတွေကို လက်မလျှော့ဘဲနဲ့ ကိုယ်လုပ်နိုင်တဲ့အခြေအနေတစ်ခုကို မြင်တတ်ခြင်းဟာ အောင်မြင်မှုရလာစေမယ့် အခြေခံအချက်တစ်ခုလည်းဖြစ်နေတတ်ပါတယ်။ လူမည်းတစ်ယောက်ဟာ အမေရိကန်နိုင်ငံမှာသမ္မတဖြစ်လာမယ်လို့ ဘယ်သူမှမထင်ခဲ့ကြတဲ့ အိုဘားမားဟာ အမေရိကန်ရဲ့ပထမဆုံးလူမည်းသမ္မတဖြစ်လာခဲ့တာပါပဲ။
အဲဒီ့အတွက် အခြေအနေတစ်ခုခုမှာဖြစ်ဖြစ်၊ ကိစ္စခုခုမှာဖြစ်ဖြစ် ကိုယ်မလုပ်နိုင်ဘူးဆိုရင်တောင် ကိုယ်လုပ်နိုင်တာဘာဖြစ်မလဲလို့ တဖက်လှည့်ပြန်တွေးသင့်ပါတယ်။ ကိုယ်လုပ်နိုင်တာကိုသာ အာရုံစိုက်ခြင်းက မလုပ်နိုင်ဘူးလို့တွေးပြီး လက်လျှော့လိုက်တာထက်စာရင် ကိုယ့်အတွက် တခုခုတော့ ရရှိသွားစေမှာဖြစ်ပါတယ်။

“All your dreams can come true if you have the courage to pursue them” သင့်အိပ်မက်တွေနောက်ကိုသာ လိုက်ရဲတဲ့သတ္တိရှိရင် သင့်အိပ်မက်တွေတကယ်ဖြစ်လာနိုင်ပါတယ်လို့ Walt Disney ပြောထားပါတယ်။ အဲဒါကြောင့် မဖြစ်နိုင်ဘူးလို့ အရင်ဆုံးအဆိုးဘက်ကမတွေးပါနဲ့။ မဖြစ်နိုင်တဲ့အခြေအနေတွေထဲကမှ ကိုယ်လုပ်နိုင်တာကိုဘာလဲဆိုတာကို သိအောင်လုပ်ပါ။ ကိုယ်လုပ်နိုင်တာလေးကို အာရုံစိုက်ပြီး အကောင်းဆုံးလုပ်ဆောင်ခြင်းက သင့်အတွက် တခုခုတော့ ရလာစေပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။