သင်အနာဂတ်မဲ့နေတယ်လို့ခံစားရချိန်မှာ လုပ်သင့်တဲ့အချက်များ

မိခင်တစ်ယောက်က သူမရဲ့ကလေးအတွက် အကောင်းဆုံးတွေမျှော်လင့်ထားပြီးဖြစ်မလာတာမျိုး၊ အလုပ်ကြိုးစားတဲ့သူတစ်ယောက်က ရာထူးတိုးတာကိုမျှော်နေပေမယ့် မဖြစ်လာတာမျိုး၊ ပုဂ္ဂိုလ်ရေးအရ ဆုံးရှုံးမှုမျိုး ၊ အလုပ်ပြုတ်တာ၊ လင်မယားချင်းကွာရှင်းပြတ်ဆဲတာ၊ ချစ်နေတဲ့သူတစ်ယောက်ယောက်ကို ဆုံးရှုံးရတာ စသည်ဖြင့် ကျွန်တော်တို့ယုံကြည်ထားတဲ့အရာတွေကို ဒီနည်းလမ်းတွေကိုသုံးပြီးစမ်းသပ်ရပါတယ်။ မျှော်လင့်ကြရပါတယ်။ ဒါပေမယ့် မျှော်လင့်သမျှကတော့ အားလုံးဖြစ်လာမယ်လို့ ယူဆလို့တော့မရပါဘူး။ မျှော်လင့်သမျှ ဖြစ်မလာခဲ့ရင်လည်း ကျွန်တော်တို့ အမှန်တရားကိုလက်ခံနိုင်ဖို့လိုပါတယ်။ အောက်ပါအဆင့်တွေက သင့်ကိုပြန်ပြီး ခွန်အားဖြစ်စေမှာပါ။


၁) သင့်ရဲ့ခံစားချက်တွေကို ရိုးသားပါ။
သင့်စိတ်ထဲမှာ သင်ဟာ လုံးဝအသုံးမဝင်တဲ့လူတစ်ယောက်လို ခံစားနေရတာလား၊ ဒါမှမဟုတ် ဒီနေ့ကလွဲပြီး နောက်နေ့တွေမှာ သင်လုပ်နိုင်တာ ဘာမှမရှိတော့ပါဘူးလု့ိ စိတ်အားငယ်နေတာလား၊ စသည့်ဖြင့် သင်ခံစားနေသမျှကို သင်လက်ခံဖို့၊ သေချာသိဖို့လိုပါတယ်။ သင့်ခံစားချက်တွေကို သင်ကိုယ်တိုင်က လိမ်လည်တာမျိုးမလုပ်မိပါစေနဲ့။ သင့်ကိုယ်သင်အသိဆုံးမဟုတ်လား။ သင့်စိတ်ထဲမှာ အဆင်မပြေဘူးလို့ခံစားရတယ်ဆိုရင် ကိုယ့်ကိုကိုယ်ပြန်ပြီး ထိရောက်စွာဂရုစိုက်ဖို့လိုနေပါပြီ။
လမ်းထွက်လျှောက်တာမျိုး၊ သူငယ်ချင်းတွေနဲ့ စကားပြောတာမျိုး၊ ခရီးတိုလေးထွက်လိုက်တာမျိုး၊ သီချင်းနားထောင်တာ၊ တရားထိုင်တာ၊ ဒိုင်ယာရီရေးတာမျိုး စသဖြင့် တခုခုလုပ်ကြည့်ပါ။ သင့်ကို ပြန်ပြီး တည်ငြိမ်စေမယ့် အရာမျိုးကို သင်လုပ်နေသင့်ပါတယ်။ သင့်ကိုသင် ချီးကျူးသင့်တာချီးကျူးပါ၊ သင်အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့တဲ့ အရာတွေပြန်တွေးပါ။ ဘယ်လောက်ပဲသေးငယ်ပါစေ သင့်ပန်းတိုင်နဲ့နီးစပ်အောင် သင်ကြိုးစားနိုင်ခဲ့သမျှကိုပေါ့။
ခုလက်ရှိဘာလုပ်မလဲကိုသာ အာရုံစိုက်ပါ။ မဖြစ်သေးတာတွေကို မတွေးပါနဲ့၊ ဖြစ်ပြီးသွားတွေကိုလည်း မတွေးပါနဲ့။ အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းရှုထုတ်လုပ်ပါ။ လက်ရှိမှာ ဖြစ်ပျက်နေသမျှကို အသိအမှတ်ပြုလိုက်ပါ။

၂) သင့်ရဲ့အမြင်နဲ့ သင့်ရဲ့ပန်းတိုင်တွေကို ပြန်ပြီး သုံးသပ်ပါ။
သင့်မှန်းထားသလိုဖြစ်မလာဘူးဆိုတာက ဘာကြောင့်လဲဆိုတာကို ပြန်တွေးရပါလိမ့်မယ်။ တခါတလေ ကိုယ်ဖြစ်ချင်တာတွေက လက်တွေ့နဲ့ ကင်းကွာနေတာကြောင့်လား၊ ဥပမာ။ တစ်နှစ်အတွင်းမှာ မီလျှံနာဖြစ်ရမယ်ဆိုတာမျိုးလား၊ ဒါမှမဟုတ် တစ်နှစ်အတွင်းမှာ သိန်းဘယ်လောက်ချမ်းသာရမယ်ဆိုတာမျိုးလား စသည်ဖြင့် သင့်ရဲ့ရည်မှန်းချက်က လက်တွေ့ဖြစ်နိုင်ချေရှိတာနဲ့ ကင်းကွာနေတာမျိုးမဖြစ်သင့်ပါဘူး။ သင်က လစာ ၃သိန်းရ ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး နောက်တစ်နှစ်အတွင်းမှာ လစာ ဘယ်လောက်ထပ်တိုးပြီး ရာထူးလည်းနောက်တဆင့်တိုးရမယ်လို့ သတ်မှတ်တာမျိုးက ဖြစ်နိုင်ချေရှိနိုင်ပါတယ်။ သင်သတ်မှတ်ထားတဲ့အချိန်နဲ့ သင့်ရဲ့လုပ်နိုင်စွမ်းနဲ့ ဖြစ်နိုင်ခြင်းရှိမယ့် ပန်းတိုင်မျိုးပြန်သတ်မှတ်ပါ။ သင်မှားနေခဲ့တာတွေက ဘာတွေလည်း ပြန်သုံးသပ်ပါ။ သင်မှန်းထားတဲ့အချိန်တွင်းမှာဖြစ်မလာခဲ့တာက သင်ဘာတွေများ အမှားလုပ်နေမိခဲ့သလဲ စသည်ဖြင့်ပေါ့။ ပြန်သုံးသပ်ပြီးရင်တော့ ဖြစ်နိုင်ချေရှိတဲ့ပန်းတိုင်အသစ်တွေကို ပြန်ပြီး ချမှတ်ပါ။ သင့်ကိုယ်သင်စည်းကမ်းသတ်မှတ်သင့်တာတွေသတ်မှတ်ပါ။

၃) မျှော်လင့်ချက်တွေကို ထိန်းချုပ်ပါ။
သင်မျှော်မှန်းထားတာတွေက အရမ်းများနေပြီး မဖြစ်နိုင်တာတွေဖြစ်နေတတ်ပါတယ်။ တခါတခါ ကျွန်တော်တို့ကအများကြီးမျှော်လင့်ထားပြီး မဖြစ်လာရင် စိတ်ဓာတ်ကျနေတတ်ပါတယ်။ တကယ်က ကိုယ်တိုင်က လောဘကြီးနေမိတာပါ။ အဲဒါကြောင့် ကိုယ့်ရဲ့ဖြစ်ချင်စိတ်လောကြီးနေတာတွေကို ထိန်းချုပ်ပါ ။ ဖြစ်နိုင်တာကိုသာ မျှော်လင့်ပါ။

၄) Plan B သတ်မှတ်ထားပါ။
သင်သတ်မှတ်ထားတဲ့ ပထမဆုံး plan A က အလုပ်မဖြစ်ဘူးဆိုရင် ဒုတိယ plan B ကို အရံသတ်မှတ်ထားပါ။ တော်တော်များများက ပထမဆုံးမှန်းထားတာ ဖြစ်မလာခဲ့ရင် စိတ်ဓာတ်ကျနေတာနဲ့တင် နောက်တဆင့်ဖြစ်နိုင်တာကို ဆက်မလုပ်နိုင်ကြတော့ပါဘူး။ အဲဒါကြောင့် ဒုတိယအဆင့်အနေနဲ့ plan B ကို သတ်မှတ်ထားပါ။ ပထမအဆင့်မအောင်မြင်ရင် ဒုတိယဘာလုပ်မလဲ၊ ဒုတိယအဆင့် ဖြစ်နိုင်ချေရှိတာကို အရံထားသင့်ပါတယ်။ အဲဒါမှ ပထမတဆင့်မအောင်မြင်ပေမယ့် ဒုတိယအဆင့်ကို ထပ်ကြိုးစားဖို့ အဆင့်သင့်ဖြစ်မှာပါ။

၅) သင့်ကိုစိတ်ဓာတ်ခွန်အားဖြစ်စေမယ့်အရာတွေကို ပြန်ရှာဖွေပြီး ခွန်အားယူပါ။
မျှော်လင့်ချက်ဆိုတာက ဖယောင်းတိုင်နဲ့တူပါတယ်။ အကောင်းမြင်စိတ်နဲ့ စိတ်ဓာတ်ခွန်အားမရှိရင် မတောက်ပနိုင်ပါဘူး။ အဲဒါကြောင့် သင်မှန်းထားတာဖြစ်မလာတဲ့အခါ သင့်ကိုစိတ်ဓာတ်ခွန်အားဖြစ်စေမယ့်အရာတွေကို သင်ကိုယ်တိုင်ရှာဖွေမှရမှာပါ။ စာအုပ်တွေဖတ်တာ၊ စိတ်ဓာတ်ခွန်အားပေးတဲ့သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ၊ ရယ်စရာရှာဖွေတာမျိုးပေါ့။

၆) လက်ရှိအချိန်ကိုသာ အာရုံထားပါ။
မျှော်လင့်ချက်ဆိုတာက ရှိတာကောင်းပေမယ့် အနာဂတ်ကို မျှော်ကိုးတာဖြစ်တဲ့အတွက် မဖြစ်လာတဲ့အခါ နာကျင်မှုရှိနိုင်ပါတယ်။
အဲဒါကြောင့် မျှော်လင့်ထားသလိုဖြစ်မလာတဲ့အခါ လက်ရှိအချိန်မှာလုပ်နိုင်တာကို ပိုအာရုံစိုက်သင့်ပါတယ်။ ခုလက်ရှိမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားခြင်းက နောက်အနာဂတ်အတွက် ပိုကောင်းစေတာပါပဲ။

၇) ကျေးဇူးတင်တတ်ဖို့လိုပါတယ်။
ကျေးဇူးတင်တတ်တယ်ဆိုတာက နှုတ်ကနေ ဖွင့်ဟပြီးပြောတာမျိုးထက် သင့်စိတ်ထဲကနေ လေးနက်စွာ သိရှိခံစားရတာကိုပြောချင်တာပါ။ သင့်ဘဝမှာ သင်အနာဂတ်ပျောက်ဆုံးတယ်လို့ ခံစားနေရပေမယ့် တကယ်တမ်း သင့်မှာ သင်တောင်မသိလိုက်တဲ့ကံကောင်းခြင်းတွေရှိနေပါတယ်။ ထိုအရာတွေကို မြင်တတ်ဖို့နဲ့ လှိုက်လှဲစွာကျေးဇူးတင်တတ်ဖို့လိုပါတယ်။ ဥပမာ။ တချို့ မိဘမေတ္တာမခံစားရဘဲ မိဘမဲ့ကလေးတွေကို မြင်ရင် သင့်မှာမှ သင့်ကိုဂရုစိုက်ပေးမယ့် အဖေကောအမေကော ရှိသေးရဲ့လို့ သင့်ဘဝကို ကျေးဇူးတင်မိတာမျိုး၊ လက်နှစ်ဖက် ခြေနှစ်ချောင်းမပါဘဲ အောင်မြင်နေတဲ့သူကိုမြင်ရင် “အော်….ငါ့မှာမှ လက်တွေခြေတွေအကုန်ရှိရဲ့သားနဲ့ ။ ဘာလို့မအောင်မြင်ရမှာလဲ၊ ဘာလို့ငါဖြစ်ချင်တာမဖြစ်နိုင်ရမှာလဲ” လို့ ပြန်တွေးတတ်တာမျိုး၊ အိမ်ငှားနေရပြီး အိမ်လခနဲ့တင် လစာမလောက်တဲ့သူငယ်ချင်းကိုတွေ့တဲ့အခါ “အော် ငါ့မှာမှ အမေအိမ်ပြန်နေလို့ရသေးပါလား”ဆိုပြီး အိမ်လခသက်သာတာကို ကျေးဇူးတင်မိတာမျိုးပေါ့။

လူတိုင်းမှာ မြင်တတ်ရင် ကံကောင်းတဲ့အချက်လေးတွေရှိပါတယ်။ မြင်တတ်ဖို့ပဲလိုပါတယ်။ ကိုယ်ရရှိထားတာလေးတွေကို အဆိုးဘက်ကမြင်လိုက်တဲ့အခါ အဆိုးပဲတွေးလာပြီး ကိုယ့်ဘဝကို အဆိုးမြင်တွေကဖုံးလွှမ်းသွားတော့ ဘဝမလှတော့သလို ခံစားရပါလိမ့်မယ်။ အဲလိုပဲ ကိုယ်ရရှိထားတာလေးတွေကို အကောင်းဘက်က မြင်လိုက်တဲ့အခါ အကောင်းမြင်ပြီး ကျေးဇူးတင်မိလာလိမ့်မယ်။ အကောင်းမြင်စိတ်က ဘဝကိုလွှမ်းမိုးသွားတဲ့အခါ ကိုယ့်ဘဝက ပိုပြီး ကျေနပ်စရာကောင်းလာပါလိမ့်မယ်။ အဲဒါကြောင့်သင့်ဘဝမှာ သင်ရရှိထားတာလေးတွေကို ကျေးဇူးတင်တတ်ဖို့လိုပါတယ်။
အဲဒါကြောင့် သင်မျှော်လင့်ထားသလိုမဖြစ်လာဘဲ သင်အနာဂတ်မဲ့နေသလိုဖြစ်နေပြီဆိုရင် အသက်ကိုခပ်ပြင်းပြင်းရှုသွင်းလိုက်ပါ။ ဘဝဆိုတာ ခရီးရှည်ကြီးလို့တွေးပါ၊ ခရီးအဆုံးမဟုတ်သေးပါဘူး။ သင့်အိပ်မက်တွေကို ဆက်ပြီး ဖန်တီးဖို့ သင့်နှလုံးသားနဲ့ဆက်သွားပါ။ သင့်မှာ မျှော်လင့်တာတွေမဖြစ်လာသေးပေမယ့် နောက်ထပ် plan B ကိုဖြစ်အောင်ကြိုးစားနိုင်ပါသေးတယ်။ သင့်မှာ ရှိတဲ့ ကျေးဇူးတင်စရာကောင်းတဲ့ဘဝပိုင်ဆိုင်မှုကို ကျေနပ်တတ်ပါစေ။ အသိအမှတ်ပြုပါ။ သင့်စိတ်ဓာတ်တက်ကြွစေမယ့်အရာတွေကို သင်ကိုယ်တိုင်ရှာဖွေပါလို့ တိုက်တွန်းလိုက်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။