သားသမီးတွေအတွက် မိခင်တွေနေ့တိုင်းပြုလုပ်သင့်တဲ့အပြုအမူ ၇ခု

မိဘတွေနဲ့သားသမီးတွေကြားက ဆက်ဆံရေးက သားသမီးတွေရဲ့ဘဝနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ အကျင့်စာရိတ္တ၊ ရုပ်ပိုင်းဆိုင်ကျန်းမာရေး စသဖြင့် အပေါ်မှာ အများကြီးသက်ရောက်မှုရှိပါတယ်။ မိဘနဲ့ သားသမီးနွေးထွေးမှုမရှိတဲ့ဆက်ဆံရေးတွေကြောင့်လည်း သားသမီးရဲ့ဘဝက ဆိုးကျိုးတွေအများကြီးဖြစ်လာနိုင်ပါတယ်။ နွေးထွေးမှုရှိတဲ့ မိဘသားသမီးဆက်ဆံရေးကြောင့် သားသမီးရဲ့အနာဂတ်အတွက် မိဘကပြုပြင်ပြောင်းလဲစရာ၊ သွန်သင်စရာရှိတာတွေကို အလွယ်တကူဆုံးမသွန်သင်လာနိုင်ပါတယ်။ အဲဒါကြောင့် မိဘနဲ့သားသမီးကြားမှာ နွေးထွေးတဲ့ဆက်ဆံရေးရှိဖို့က အရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်။ အဲဒီလိုနွေးထွေးတဲ့ဆက်ဆံရေးဖြစ်စေဖို့ မိဘတွေ လုပ်သင့်တဲ့အပြုအမူတွေကိုဖော်ပြပေးလိုက်ပါတယ်။


၁) ရုပ်ပိုင်းဆိုင်ရာအရ သက်ရောက်မှုကိုပြသခြင်း
သားသမီးရဲ့အပြုအမူမှန်သမျှကို မိဘက စိတ်ဝင်တစား ဖက်လှဲတကင်းအပြုအမူမျိုးမပြဘူးဆိုရင် သားသမီးကလည်း မိဘကို ဘယ်လိုမှ သူ့ရဲ့ တစ်နေ့တာလှုပ်ရှားမှု၊ သူတို့ရဲ့စိတ်ခံစားချက်၊ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုစတာတွေကို ရင်ဖွင့်တော့မှမဟုတ်ပါဘူး။ အဲဒါကြောင့် ကလေးသိအောင် သက်ရောက်မှုရှိကြောင့် ပေါ်ထင်စွာပြဖို့လိုပါတယ်။ ကလေးက စိတ်ညစ်နေတယ်ဆိုတဲ့အခါ မိဘရဲ့မျက်နှာမှာ ထပ်တူဝမ်းနည်းကြောင်း ထင်ပေါ်နေတာမျိုးနဲ့ စကားလုံးတွေနဲ့ဖော်ပြတာမျိုး၊ ကလေးကို ပွေ့ဖက်ပေးထားတာမျိုးပေါ့။ ကလေးက ဝမ်းသာစရာတစ်ခုကို မိဘကို ပြောပြတဲ့အခါ ကလေးကဲ့သို့ မိဘကပါ အားရဝမ်းသာ ခုန်ပေါက်ပျော်ရွှင်ပြတာမျိုးပေါ့။ အဲဒါမှသာ ကလေးက သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခံစားချက်မှန်သမျှ မိဘကို ဖွင့်ပြောရပါလိမ့်မယ်။ ကလေးကို ချစ်ခင်စွာနမ်းလိုက်တာမျိုး၊ ကလေးရဲ့ဆံပင်ကို ဖွလိုက်တာမျိုးစသဖြင့်အပြုအမူမျိုးတွေနဲ့ သက်ရောက်မှုရှိကြောင်းပြသပေးပါ။

၂) လက်ရှိအချိန်ကို အပြည့်အဝအသုံးချပါ။
ကလေးက ခုလက်ရှိအချိန်မှာ ဘာလုပ်ပေးပါ၊ ဘာလေးကူညီပေးပါ ဆိုပြီး ပြောလာခဲ့တယ်ဆိုရင် သင်ကချက်ချင်း လုပ်ပေးနိုင်ရင် ပြုလုပ်ပေးဖို့ သတိရပါ။ ကလေးကိုအာရုံမထားဘဲ နောက်မှလုပ်ပေးမယ်ဆိုတာမျိုးက ကလေးကို စိတ်ပျက်စေပါတယ်။ သင့်အလှည့်မှာလဲ ကလေးက ထိုကဲ့သို့အပြုအမူမျိုးပြန်ပြီး တုံ့ပြန်နိုင်ပါတယ်။ လက်ရှိအချိန်မှာ ကလေးအတွက် အာရုံစိုက်သင့်တာကို အာရုံစိုက်တာအကောင်းဆုံးပါ။

၃) ကြင်နာစွာပြုမူပါ။
သင့်ကလေးကို သင်ချစ်တယ်ဆိုတာကို သူတို့အပြည့်အဝယုံကြည်နေပါစေ။ အဲဒီလိုယုံကြည်နေခြင်းက သူတို့ကို ရဲဝင့်စေပါတယ်။ အဲဒီလိုယုံကြည်နေစေဖို့ သင်က အမြဲလို ကလေးကိုကြင်နာစွာပြုမူပေးဖို့လိုပါတယ်။ ကလေးကိုစကားပြောတဲ့အခါမှာ ကြင်နာစွာချိုသာစွာပြောတာမျိုး၊ ကလေးကို ပြန်လည် တုံ့ပြန်တဲ့အပြုအမူလေးတွေကိုလည်း ကြင်နာစွာတုံ့ပြန်သင့်ပါတယ်။

၄) ကြင်နာတဲ့စကားလုံးတွေသုံးနှုန်းပေးပါ။
မိခင်တစ်ယောက်ရဲ့ ကလေးအပေါ်ပြောဆိုတဲ့ နှုတ်ထွက်စကားလုံးတွေက စွမ်းအားရှိပါတယ်။ ကလေးကို သူကိုယ်သူယုံကြည်မှုရှိဖို့ ၊ ရဲဝင့်စေဖို့၊ သူတို့ကိုယ်သူချစ်ခင်စိတ်ဖြစ်ဖို့၊ သူ့ကိုယ်သူလက်ခံနိုင်ဖို့ စတဲ့အကြောင်းအရာတွေပေါ် သက်ရောက်မှုရှိစေပါတယ်။ ကလေးကို ချိုသာတဲ့စကားလုံးတွေရွေးချယ်အသုံးပြုပေးဖို့ကလည်း အရေးကြီးပါတယ်။ “ငါ့သားလေးကို ချစ်လိုက်တာ” “မေမေ့သားက တော်လိုက်တာ” “မေမေ့သား ပူတူးတူးလေးရေ” စသဖြင့်ပေါ့။

၅) စည်းကမ်းသတ်မှတ်ပေးပါ။
ကလေးတွေကို စည်းကမ်းသတ်မှတ်ထားခြင်းက ကလေးကို ထိန်းကျောင်းတဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ မဆူခင်၊ မအော်ခင်၊ ဒေါသမထွက်ခင် သတ်မှတ်ထားတဲ့စည်းကမ်းကို သင့်ကလေးက လိုက်နာတတ်တဲ့အခါ မလိုအပ်ပဲ ကလေးကို ရိုက်စရာမလို၊ အော်ဟစ်ဖြစ်စရာအကြောင်းမရှိတော့ပါဘူး။ အဲဒါကြောင့် ကလေးရဲ့နေ့စဉ်တာဝန်တွေမှာ ထိရောက်တဲ့စည်းကမ်းလေးတွေ သတ်မှတ်ထားသင့်ပါတယ်။

၆) သူတို့နဲ့အတူရယ်မောပေးပါ။
ကလေးနဲ့ မိဘကြား နွေးထွေးတဲ့ဆက်ဆံရေးအတွက် လိုအပ်တဲ့နောက်ထပ်အရာတစ်ခုကတော့ သူတို့နဲ့အတူရယ်မောခြင်းပါပဲ။ ရယ်မောစရာလေးတွေဖန်တီးပြီး အတူတကွ ရယ်မောပျော်ရွှင်ခြင်းက သင်နဲ့သင့်ကလေးကြားက ဆက်ဆံရေးကို ပိုပြီးနီးကပ်လာစေပါတယ်။

၇) သူတို့နဲ့အတူ ဆုတောင်းမှုပြုပါ။
ကလေးတွေနဲ့အတူ ဘုရားရှိခိုးခြင်း၊ ဆုတောင်းခြင်းမျိုးကို သက်ဆိုင်ရာဘာသာအလိုက် ပြုမူခြင်းက ကလေးကို ဘာသာရေးအပေါ်လေးစားမှုရှိစေပါတယ်။ သင်ကိုယ်တိုင်စံနမူနာဖြစ်စေခြင်းက ကလေးကိုလည်း ဘာသာရေးကိုလေးစားတတ်ခြင်းက ကလေးတွေရဲ့စိတ်ထဲကို ကိုယ်ကျင့်တရားနဲ့ ကျင့်ဝတ်တွေကို နားလည်လာစေပါတယ်။
www.imom.com/7-things-moms-should-do-for-their-kids-every-day/#.XTVY7ugzbDc လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။