တာဝန်သိတတ်ပါစေ။

တာဝန်သိတတ်ပါစေ….ဆိုတဲ့စကားလုံးက ပြောရလွယ်ပေမယ့် သေချာစောင့်ထိန်းဖို့တော့ ခက်ခဲတဲ့အထဲမှာ ပါပါတယ်။ အဲဒါဆိုရင် တာဝန်သိတတ်ခြင်း….ဆိုတာ ဘာလဲ လို့မေးစရာရှိပါတယ်။ အလုပ်မှာ အလုပ်ရှင်သူဌေးလုပ်သူက လစာပေးပြီးခိုင်းထားတဲ့အလုပ်ကသာ တာဝန်မဟုတ်ပါဘူးနော်။ လူတိုင်းမှာ ကိုယ်ပိုင်တာဝန်၊ ဘဝပေးတာဝန်၊ လူပီသဖို့တာဝန် စသည်ဖြင့် တာဝန်ယူတတ်ရင် အများကြီးပါပဲ။ ဒါပေမယ့် တာဝန်သိတတ်သူမှသာ ထိုတာဝန်ကို တာဝန်ယူရကောင်းမှန်းသိတာမျိုးပါ။


တစ်ချို့ကျတော့ တာဝန်မှန်းတောင်မသိလိုက်ကြဘဲ တာဝန်ယူရကောင်းမှန်းတောင် မသိတာမျိုးရှိတတ်ပါတယ်။ အဲဒါကြောင့် လူသားတိုင်းအတွက် တာဝန်သိတတ်တဲ့စိတ်ကလည်း အရေးကြီးပါတယ်။
လူပီသတဲ့လူတစ်ယောက်အနေနဲ့ လူလူချင်း ကိုယ်ချင်းစာစိတ်လေးထားပြီး ဖေးမချင်စိတ်ရှိဖို့ကလည်း လူတစ်ယောက်ရဲ့တာဝန်ပါပဲ။ အမေအဖေအပေါ်မှာ ပြန်လည်ကျေးဇူးသိတတ်၊ နားလည် ပေးဆပ်တတ်ခြင်းကလည်း တာဝန်ပါပဲ။ ကိုယ့်မိသားစုအပေါ် အိမ်သားတစ်ယောက်အနေနဲ့ လုပ်ပေးသင့်တာလုပ်ပေးတတ်ခြင်းကလည်း တာဝန်ပါပဲ။ မိဘကလည်း သားသမီးအပေါ် မိဘတာဝန်ကျေပွန်အောင် ချစ်ခင်ပြုစုပျိုးထောင်ပေးခြင်းဟာလည်း တာဝန်ပါပဲ။ မပြောဘဲသိသင့်တဲ့ တာဝန်တွေလည်း လောကမှာအများကြီးရှိပါတယ်။

အရင်ဆုံး လူရယ်လို့ဖြစ်လာတဲ့အခါ ကိုယ့်ရဲ့တာဝန်တွေကို မိဘတွေက ယူပြီး
ကျွေးမွေးစောင့်ရှောက်တဲ့တာဝန်ယူထားပေးခဲ့မှာပါ။ ကိုယ်တိုင် ကိုယ့်တာဝန်ကိုကိုယ်ယူနိုင်တဲ့အချိန်ထိ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့အချိန်ထိ ကိုယ်တာဝန် ကိုယ်မယူနိုင်သေးဘူး ဆိုရင်တော့ တာဝန်မယူနိုင်တာဖြစ်သွားပါပြီ။(ချွတ်ယွင်းချက်တခုခုကြောင့် ကိုယ့်ကိုကိုယ်တာဝန်မယူနိုင်တာမျိုးကို မဆိုလိုပါဘူးနော်) ပတ်ဝန်းကျင်မှာ တာဝန်မယူချင်တာ၊ တာဝန်မသိတတ်တာ၊ တာဝန်မယူနိုင်တာတွေ စာဖတ်သူတို့မြင်ဖူးမှာပါ။ အကျိုးဆက်တွေကကော ကောင်းတာများရဲ့လား….ဆိုတာ တွေးမိမှာပါ။ တာဝန်မယူနိုင်သူ၊ တာဝန်မယူချင်သူတွေကြောင့်ဖြစ်လာရတဲ့ အကျိုးဆက်တွေက လုံးဝမကောင်းပါဘူး။ လောကမှာ တာဝန်မယူချင်သူတွေနဲ့ တာဝန်ယူရကောင်းမှန်းမသိတဲ့သူတွေများလာတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲ။

သားသမီးလုပ်သူက မိဘကိုတာဝန်မယူချင်တဲ့အခါ မိဘတွေကို ဘယ်လိုထိခိုက်နိုင်မလဲ၊ ထိုနည်းလည်းကောင်းပဲ သားသမီးလုပ်သူကို မိဘဖြစ်မယ့်သူက တာဝန်မယူချင်တဲ့အခါ ဘာတွေဖြစ်လာမလဲ။ သမီးရည်းစားချင်း လက်မထပ်ဘဲအတူနေပြီး ကိုယ်ဝန်ရှိလာလို့ တာဝန်မယူချင်ဘဲ ထားခဲ့တဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲ။ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်လာပြီးမှ တစ်မိသားစုလုံးကို တာဝန်မယူချင်တဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲ။
အရွယ်လွန်နေတဲ့သားသမီးတစ်ယောက်ကို မိဘက အိုကြီးအိုမထိ ရှာဖွေကျွေးမွေးနေရတယ်ဆိုရင်ကော…. အဲဒါသည်လည်း တာဝန်မသိခြင်းပဲမဟုတ်လား။ တာဝန်မသိတတ်ခြင်းရဲ့ အကျိုးဆက်တွေက အများကြီးပါပဲ။ တာဝန်သိတတ်စိတ်မရှိတဲ့သူတွေကြောင့် တာဝန်သိတတ်သူတွေမှာ ပိုပြီးတာဝန်တွေပိုလာနိုင်ပါတယ်။

အလုပ်ကိစ္စတာဝန်တွေဆိုရင်လည်း တာဝန်တစ်ခုလုံး အောင်မြင်အောင်ပြီးဆုံးအောင် တာဝန်ယူချင်စိတ်မရှိတဲ့သူမျိုးအတွက် အလုပ်ကိစ္စတွေပြီးဆုံးမှုမရှိနိုင်သလို၊ ကိုယ်တိုင်လည်း တိုးတက်နိုင်မှာမဟုတ်တော့ပါဘူး။ အလုပ်ခွင်မှာ အခြားသူများအတွက်ပါ နှောင့်နှေးမှုဖြစ်လာနိုင်ပါတယ်။ တာဝန်မသိတတ်သူကြောင့် လုပ်ငန်းအဖွဲ့အစည်းလည်း တိုးတက်နိုင်မှာမဟုတ်ပါဘူး။ အလုပ်ကို ဝတ်ကျေတန်းကျေလုပ်တတ်သူတွေကြောင့် သေချာတာဝန်တသိနဲ့လုပ်သူလည်း နစ်နာနိုင်ပါတယ်။

ဘယ်သူကမှ တာဝန်ရယ်လို့ တံဆိပ်မကပ်ပေးသော်လည်းပဲ ကိုယ့်ယူသင့်တဲ့တာဝန်ရယ်လို့ အသိစိတ်ရှိဖို့လိုပါသေးတယ်။ အမှိုက်ကို အမှိုက်ကန်ထဲရောက်အောင် သွားပစ်ရမယ်ဆိုတဲ့ တာဝန်သိစိတ်ကြောင့် အမှိုက်တွေ ဗရပွနဲ့ ညစ်ပတ်တဲ့မြို့တော်ကြီးမဖြစ်နိုင်တော့ပါဘူး။ မိသားစုကို သာယာပျော်ရွှင်အောင်ထားရမယ်ဆိုတဲ့ တာဝန်သိတတ်တဲ့စိတ်နဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ကြောင့် မိသားစုဘဝတွေပျော်ရွှင်စရာကောင်းလာမှာပါ။ လူကြီးမိဘကို သိတတ်လိမ္မာရမယ်ဆိုတဲ့ တာဝန်သိစိတ်ကြောင့် လူလိမ္မာလေးတွေများလာမှာပါ။ ကိုယ့်တာဝန်ကိုယ်ယူရမယ်ဆိုတဲ့ တာဝန်သိတတ်တဲ့စိတ်ဓာတ်ပိုင်ရှင်တွေများလာလေလေ ကမ္ဘာလောကကြီးက ပိုပြီး ပျော်ရွှင်ဖွယ်ကောင်းလာမှာ အမှန်အကန်ပါပဲ။

ကြားဖူးနေကျစကားတစ်ခွန်းရှိပါတယ် “နေရာသာလိုချင်တာ…..တာဝန်ကျမယူချင်ဘူး” ဆိုတဲ့စကားပါ။ လူတော်တော်များများက ဘယ်နေရာမှာမဆို နေရာ၊ ရာထူး စသည်ဖြင့် မြင့်မြင့်သာလိုချင်ကြပေမယ့် အဲဒီ့နောက်က ပါလာမယ့် တာဝန်ကိုကျတော့ ကျေပွန်သိတတ်သူနည်းပါတယ်။
တကယ်တော့နေရာတစ်ခုရဖို့ထက် နေရာကြီးကြီးသေးသေး၊ တာဝန်ကြီးကြီးသေးသေး ကိုယ်တာဝန်ကိုယ်သိတတ်ဖို့သာ အရေးကြီးတာပါ။ တာဝန်သိတတ်ပြီး ကျေပွန်တာထက်ပိုအောင် ကြိုးစားတတ်လာတဲ့အခါ နေရာဆိုတာ သူ့ဟာသူဖြစ်လာတာပါပဲ။

အဲဒါကြောင့် တာဝန်သိတတ်တဲ့သူအတွက် နေရာတစ်နေရာအမြဲရှိမှာပါ။ ကိုယ်နိုင်ရာ တာဝန်အသေးလေးကစလို့ တာဝန်သိတတ်ကြပါလို့ ပြောချင်စိတ်နဲ့ ဒီဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။